ရခိုင်က ခေါင်းဆောင်တွေနဲ့ ဆွေးနွေး ဆောင်ရွက်သွားမယ်လို့ ကိုဖီအာနန် ပြောကြား

ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်မယ့် ကုလသမဂ္ဂ အထွေထွေ အတွင်းရေးမှူးချုပ်ဟောင်း မစ္စတာကိုဖီအာနန်က သူ့အနေနဲ့ ရခိုင်ပြည်နယ်က ခေါင်းဆောင်တွေနဲ့ ပူးပေါင်းဆောင်ရွက်သွားမယ်လို့ သတင်းထုတ်ပြန်လိုက်ပါတယ်။

“ရခိုင်ပြည်နယ်မှာ ငြိမ်းချမ်းရေး၊ ပြန်လည်ရင်ကြားစေ့ရေးနဲ့ ဖွံ့ဖြိုးတိုးတက်ရေးအတွက် ဆောင်ရွက်မှုတွေကို ပံ့ပိုးခွင့်ရရှိလို့ ကျေနပ်မိပါတယ်” လို့ သြဂုတ် ၂၄ ရက်နေ့မှာ ကိုဖီအာနန်ဖောင်ဒေးရှင်းက ထုတ်ပြန်တဲ့ သတင်းထုတ်ပြန်ချက်မှာ ဖော်ပြထားပါတယ်။

“ရခိုင်က ပြည်သူတွေနဲ့ ခေါင်ဆောင်တွေရဲ့ ပြောကြားချက်တွေကို ကျွန်တော် နားထောင်သွားမှာ ဖြစ်ပါတယ်။ ပြီးတော့ အားလုံးအတွက် ပိုမိုလုံခြုံပြီး ကြွယ်ဝတဲ့ အနာဂတ် ဖြစ်ထွန်းစေဖို့အတွက် ပြည်နယ်နဲ့ ဗဟိုအစိုးရ အာဏာပိုင်တွေနဲ့ အတူ လုပ်ကိုင်သွားမှာ ဖြစ်ပါတယ်” လို့လည်း ဖော်ပြထားပါတယ်။

ကုလသမဂ္ဂကို ၁၉၉၇ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ဦးဆောင်ခဲ့တဲ့ မစ္စတာ ကိုဖီအာနန်ဟာ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည် ဖွဲ့စည်းလိုက်တဲ့ အဖွဲ့ဝင် ကိုးဦးပါ ရခိုင်ပြည်နယ်ဆိုင်ရာ အကြံပေးကော်မရှင်ကို ဦးဆောင်သွားမှာ ဖြစ်ပါတယ်။

ဒီကော်မရှင်က ရခိုင်ပြည်နယ်ရဲ့ သိမ်မွေ့နက်နဲတဲ့ အရေးကိစ္စတွေကို ဖြေရှင်းနိုင်ဖို့ နည်းလမ်းကောင်းတွေ ရှာဖွေသွားမယ်လို့ သြဂုတ် ၂၄ ရက်နေ့က ထုတ်ပြန်တဲ့ ကော်မရှင်ဖွဲ့စည်းကြောင်း ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ဒေါ်အောင်ဆန်းစုကြည်ရဲ့ ပန်ကြားချက်ကြောင့် မစ္စတာ ကိုဖီအာနန်အနေနဲ့ ကော်မရှင်ကို ဦးဆောင်သွားမှာဖြစ်ပြီး ရခိုင်ပြည်နယ်တွင် နေထိုင်သူများ၏ ဘဝများ ပိုမိုကောင်းမွန်လာစေဖို့အတွက် နိုင်ငံရေးခေါင်းဆောင်တွေ၊ လူမှုအဖွဲ့အစည်း ခေါင်းဆောင်တွေနဲ့ ကော်မရှင်က ဆွေးနွေး အဖြေရှာသွားမယ်လို့ ကိုဖီအာနန်ဖောင်ဒေးရှင်းရဲ့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။

ရခိုင်ပြည်နယ်ဟာ မြန်မာနိုင်ငံရဲ့ အဆင်းရဲဆုံး ဒေသတွေထဲက တစ်ခုဖြစ်ပြီး ၂၀၁၂ ခုနှစ်မှာ ပဋ္ဋိပက္ခတွေ စတင်ဖြစ်ပေါ်ပြီးကတည်းက တင်းမာမှုတွေ ပေါ်ပေါက်နေပါတယ်။ ပဋ္ဋိပက္ခတွေကြောင့် လူရာနဲ့ချီသေဆုံးခဲ့သလို မူဆလင်အများစု ပါဝင်ပြီး ရိုဟင်ဂျာတွေလို့ သူတို့ကိုယ်သူတို့ ခေါ်ဝေါ်ကြသူ အများစု ပါဝင်တဲ့ လူ ၁၂၀,၀၀၀ လောက်ဟာ ဒုက္ခသည် စခန်းတွေမှာ နေထိုင်နေကြရပါတယ်။ သူတို့ဟာ လွတ်လွတ်လပ်လပ် သွားလာ လှုပ်ရှားခွင့်လည်း မရရှိကြပါဘူး။

ကော်မရှင်မှာ မြန်မာနိုင်ငံသား ပုဂ္ဂိုလ် ခြောက်ဦးနဲ့ နိုင်ငံတကာက သုံးဦး ပါဝင်ပါတယ်။ ဒီအထဲမှာ မြန်မာနိုင်ငံ အမျိုးသား လူ့အခွင့်အရေးကော်မရှင် ဥက္ကဋ္ဌ ဦးဝင်းမြ၊ ရခိုင်အမျိုးသမီးများအသင်း ဒုတိယဥက္ကဋ္ဌ ဒေါ်စောခင်တင့်၊ လက်ဘနွန်နိုင်ငံ ယဉ်ကျေးမှုဝန်ကြီးအဖြစ် ၂၀၀၀ ပြည့်နှစ်ကနေ ၂၀၀၃ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့ပြီး ကုလသမဂ္ဂအထွေထွေ အတွင်းရေးမှူးချုပ်ရဲ့ အထူးအကြံပေးအဖြစ် ၂၀၀၃ ခုနှစ်ကနေ ၂၀၀၆ ခုနှစ်အထိ ထမ်းဆောင်ခဲ့တဲ့ မစ္စတာဂါဆန်ဆလမ်နဲ့ ကုလသမဂ္ဂ အိတ်ချ်အိုင်ဗွီနှင့် အေအိုင်ဒီအက်စ်ဆိုင်ရာ အစီအစဉ်ရဲ့ အထူးအကြံပေးအဖြစ် ၂၀၀၅ ကနေ ၂၀၀၆ ခုနှစ်အထိ ဆောင်ရွက်ခဲ့တဲ့ မစ္စလက်တီတီရာ ဗန်ဒန် အာဆမ်တို့ ပါဝင်ပါတယ်။

ထင်ရှားတဲ့ အစ္စလာမ် ဘာသာရေးခေါင်းဆောင် ဦးအေးလွင်ကိုလည်း အဖွဲ့ဝင်တစ်ဦးအဖြစ် ကော်မရှင်မှာ ထည့်သွင်းထားပါတယ်။

“ကော်မရှင်က သက်ဆိုင်သူများနှင့် ကျယ်ပြန့်စွာ ဆွေးနွေး ညှိနှိုင်းမှုများ ပြုလုပ်ပြီးနောက် ရှာဖွေတွေ့ရှိချက်များနှင့် လေ့လာသုံးသပ် အကြံပြုချက်များ ပါဝင်သည့် အစီရင်ခံစာကို နိုင်ငံတော်၏ အတိုင်ပင်ခံ ပုဂ္ဂိုလ်မှတစ်ဆင့် မြန်မာနိုင်ငံအစိုးရထံ တင်ပြမည်ဖြစ်ပြီး ပြည်သူလူထု သိရှိနိုင်ရေး အတွက်လည်း အစီရင်ခံစာကို ထုတ်ဝေဖြန့်ချိမည်ဖြစ်ပါသည်”လို့ ကော်မရှင် ဖွဲ့စည်းတဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

အစီရင်ခံစာကို ကော်မရှင်တည်ထောင်ပြီး ၁၂ လ ကာလထက် နောက် မကျစေဘဲ တင်ပြရမှုာ ဖြစ်ပါတယ်။

ကော်မရှင်ရဲ့ ပထမဆုံး အစည်းအဝေးကို စက်တင်ဘာ ၅ ရက်နေ့မှာ ကျင်းပသွားမယ်လို့ ကိုဖီအာနန်ဖောင်ဒေးရှင်းရဲ့ ကြေညာချက်မှာ ဖော်ပြထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar