“ယခုလိုရှုပ်ထွေးလှတဲ့ ငြိမ်းချမ်းရေး လုပ်ငန်းစဉ်တစ်ခုအတွက် အချိန်လိုအပ်ပါတယ်” – ရိုလန် ကိုဘီယာ

ရိုလန်ကိုဘီယာသည် ၂၀၁၃ ခုနှစ်၊ စက်တင်ဘာလတွင် ဥရောပသမဂ္ဂ၏ ပထမဆုံးသော မြန်မာနိုင်ငံဆိုင်ရာ သံအမတ်ကြီး ဖြစ်လာခဲ့သည်။ သူသည် ယခင်က ကွန်ဂိုဒီမိုကရက်တစ်ပြည်သူ့ သမ္မတနိုင်ငံတော်၊ ကင်ညာ၊ အဇာဘိုင်ဂျန်နှင့် အခြားနိုင်ငံများတွင် အလားတူတာဝန်ကို ထမ်းဆောင်ခဲ့ဖူးသူတစ်ဦး ဖြစ်သည်။ သူ့အား Frontier က တွေ့ဆုံမေးမြန်းမှုတွင် သူက မြန်မာနိုင်ငံရှိ အီးယူ၏ အခန်းကဏ္ဍ၊ ရခိုင်ပြည်နယ်ရှိ တင်းမာမှုများနှင့် မြန်မာ့အသွင်းကူးပြောင်းမှုတွင် နိုင်ငံတကာအသိုင်းအဝိုင်း၏ အခန်းကဏ္ဍတို့ကို ကျယ်ကျယ်ပြန့်ပြန့် ပြောကြားခဲ့သည်။

အိုလီဗာ ဆလိုး နှင့် ဉာဏ်လှိုင်လင်းတို့ မေးမြန်းသည်။

ဓာတ်ပုံ- အန်းဝမ်

မြန်မာနိုင်ငံမှာ အီးယူအတွက် အဓိကဦးစားပေး နယ်ပယ်အချို့က ဘာတွေလဲ။

ကျွန်တော်တို့က အကျိုးသက်ရောက်မှုနဲ့ အသွင်ကူးပြောင်းမှုမြင့်မားတဲ့ နယ်ပယ်တွေမှာ ထိတွေ့ဆက်ဆံနေပါတယ်။ မကြာခင်အချိန်မှာတော့ ဥရောပတိုက်မှာ အခြေချပြီး မြန်မာ့အရေးကိစ္စတွေကို ဆောင်ရွက်နေကြတဲ့ အီးယူအဖွဲ့ဝင်နိုင်ငံတွေက လုပ်ဖော်ကိုင်ဘက်ဆီကနေ “COASI” လို့ခေါ်တဲ့ အထူးတာဝန်တစ်ရပ် ရှိလာပါတော့မယ်။ သူတို့က အချက်အလက်တွေကို လာရောက် ကြည့်ရှူကြမှာဖြစ်ပြီး အီးယူရဲ့ ထိတွေ့ဆက်ဆံမှုအရ ဘယ်ဟာအကောင်းဆုံးလဲဆိုတာကို ကူညီဆုံးဖြတ်ကြမှာပါ။

အကျိုးသက်ရောက်မှုမြင့်မားတဲ့ နယ်ပယ်တွေအတွင်းက အီးယူရဲ့ ထိတွေ့ဆက်ဆံမှုကို နိုင်ငံရေးနဲ့ ဘဏ္ဍာရေးကဏ္ဍ နှစ်ရပ်စလုံးအရ ကျွန်တော်တို့တွေ လူသိထင်ရှားပါဝင်နေတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်၊ မြန်မာ့ရဲတပ်ဖွဲ့ကို ပြုပြင်ပြောင်းလဲရာမှာ ပေးအပ်တဲ့ ကျွန်တော်တို့ရဲ့ အထောက်အကူပြုလုပ်ငန်းလို အဖွဲ့အစည်းပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲမှုနဲ့ စွမ်းရည်တည်ဆောက်မှု၊ နိုင်ငံတကာအသိုင်းအဝိုင်းက အခြားအကျိုးတူ ပူးပေါင်းသူတွေနဲ့အတူ အလွန်တရာ အလေးအနက်ထားတဲ့ ရခိုင်ပြည်နယ်အရေးနဲ့ စွမ်းရည်တည်ဆောက်မှုကနေတစ်ဆင့် သိသာတဲ့အထောက်အပံ့တွေပေးအပ်ခဲ့သလို ရွေးကောက်ပွဲမှာ အကြီးဆုံးသော နိုင်ငံတကာ စောင့်ကြည့်လေ့လာရေးအဖွဲ့ကို ဖြန့်ကျက်နိုင်ခဲ့တာတို့ပဲ ဖြစ်ပါတယ်။

ရွေးကောက်ပွဲကိုပြင်ဆင်ပုံနဲ့ ကျွန်တော်တို့ကို လက်ခံခဲ့ပုံတို့အပေါ်မှာ လှိုက်လှိုက်လဲလဲ ဖြစ်ခဲ့ရပါတယ်။ ဒါဟာ အရမ်းကို အရေးပါပါတယ်။ ကျွန်တော်တို့က ရွေးကောက်ပွဲဆိုင်ရာ မွမ်းမံသင်တန်းတွေကို ဆက်လက် ဆောင်ရွက်နေတုန်းပါဘဲ။ ရွေးကောက်ပွဲတစ်ခုတည်းနဲ့ ဒီမိုကရေစီဖြစ်စဉ် ပြီးဆုံးသွားခြင်း မရှိလို့ပါ။ ပြီးတော့ ရွေးကောက်ပွဲ စောင့်ကြည့်လေ့လာရေးအဖွဲ့ရဲ့ အကြံပြုချက်တွေအတွက် နောက်ဆက်တွဲ လုပ်ငန်းစဉ်တွေကို ဆောင်ရွက်နေတုန်းပါဘဲ။

ရခိုင်ပြည်နယ်မှာ ခင်ဗျားတို့ ဆောင်ရွက်နေတဲ့ လုပ်ငန်းတစ်ချို့က ဘာတွေပါလဲ။

ကျွန်တော်တို့က ရခိုင်မှာ ဖြစ်ပျက်နေတဲ့အကြောင်းအရာတွေအပေါ် နီးနီးကပ်ကပ် စောင့်ကြည့်ခဲ့ပြီးပါပြီ။ လွန်ခဲ့တဲ့နှစ်အနည်းငယ်အတွင်းက အခြားနေရာတော်တော်များများမှာ ကောင်းမွန်တဲ့ တိုးတက်မှုတွေ ရှိနေပေမယ့် ရခိုင်မှာတော့ ဒီထက်ပိုပြီး ဆောင်ရွက်နိုင်စရာတွေရှိသလို ဒီထက်ပိုပြီးလည်း ဆောင်ရွက်ခဲ့သင့်လို့ပါ။ အဲဒီမှာ ဒုက္ခသုက္ခများစွာကို ခံနေကြရပါတယ်။ ခွဲခြားဆက်ဆံမှုတွေ ရှိနေပါတယ်။ အခြေခံလူ့အခွင့်အရေးအပေါ် ဂရုမစိုက်သလောက် ဖြစ်နေတယ်။ ဒါက နိုင်ငံတကာဥပဒေတွေနဲ့အညီ တိုးတက်နေတာတွေကို အီးယူက မြင်တွေ့လိုတဲ့ နေရာတစ်နေရာပါ။

ဒီကိစ္စက အလွန်တရာ ထိရှလွယ်တဲ့ ခက်ခဲတဲ့ပြဿနာရပ်တစ်ခုဖြစ်ပြီး ပြန်လည်နေရာချထားရေးအတွက် အချိန်လိုအပ်ဖွယ်ရှိတယ်ဆိုတာကို ကျွန်တော်တို့ အသိမှတ်ပြုပါတယ်။ ဒါပေမယ့် လွန်ခဲ့တဲ့ နှစ်ကာလတွေအတွင်း သို့မဟုတ် အနာဂတ်ကာလအတွင်းမှာ ဆက်လက်ကြိုးပမ်းနေတာကို ကျွန်တော်တို့ မြင်ရဖို့အတွက် အရေးကြီးပါတယ်။ မှန်ကန်တဲ့လမ်းကြောင်းဆီကို သွားနေတဲ့ ခြေလှမ်းအချို့ကို ဆောင်ရွက်ပြီးခဲ့ပါပြီ။  အစိုးရသစ်ရဲ့ လူ့အခွင့်အရေးနဲ့ ဒီမိုကရေစီအရေးအတွက် ရပ်တည်ချက်အပေါ် လက်ခံယုံကြည်ကြတာကြောင့် အစိုးရသစ်နဲ့ဆိုရင်တော့ ဒီခြေလှမ်းတွေက ခုထက်ပိုပြီး ရှေ့ရောက်သွားပါလိမ့်မယ်။

ယခုလို အရေးပါတဲ့ကိစ္စရပ်မှာ လုပ်ငန်းအစီအစဉ် သို့မဟုတ် မဟာဗျူဟာတစ်ရပ်ကို မြင်တွေ့ရမယ်ဆိုရင် အရမ်းကို အသုံးဝင်နိုင်ပါတယ်။ ဒါမှသာ အဲဒီထဲက ကျွန်တော်တို့ရဲ့နေရာကို ရှာဖွေနိုင်မှာပါ။ မြန်မာနိုင်ငံဟာ ယခုဆိုရင် နိုင်ငံများရဲ့ ပြဇာတ်ခုံမှာ သူ့ရဲ့နေရာကို ပုံမှန်ဖြစ်အောင် လုပ်နေပါပြီ။ အနာဂတ်ကာလမှာ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းတွေကို တင်းတင်းကြပ်ကြပ် ပိုမို အကောင်အထည်ဖော်မယ်ဆိုရင် ဒါဟာ ယုတ္တိရှိပါတယ်။ ဒါဟာ မြန်မာနိုင်ငံရဲ့  ကိုယ်ကျိူးစီးပွားလို့တောင် ကျွန်တော်ပြောချင်ပါတယ်။

နိုင်ငံတကာအသိုင်းအဝိုင်းက ရိုဟင်ဂျာအသိုင်းနဲ့ ပတ်သက်တဲ့အခြေအနေအပေါ်မှာ သိသိသာသာ အာရုံပြုခဲ့ပြီးပါပြီ။ ယခုအခြေအနေပေါ်မှာရှိတဲ့ အီးယူရဲ့ ရည်တည်ချက်က ဘာလဲခင်ဗျ။

အမှန်ပါပဲ။ ရခိုင်ပြည်နယ်အရေးက ကမ္ဘာတစ်လွှားရဲ့ အာရုံစူးစိုက်မှု အတော်များများကို ဆောင်ကျဉ်းခဲ့ပြီး နိုင်ငံတကာ ခေါင်းကြီးပိုင်းသတင်းတွေ ဖြစ်စေခဲ့တယ်ဆိုတာ မှန်ပါတယ်။ ဒီကိစ္စက အခြေခံအရေးကိစ္စတွေနဲ့ ထိတွေ့နေတဲ့အတွက် အလွယ်တကူ ပျောက်ကွယ်သွားမှာမဟုတ်ဘူးလို့ ကျွန်တော် ယုံကြည်ပါတယ်။ အီးယူကလည်း ဒီကိစ္စအပေါ်မှာ ကျွန်တော်တို့ရဲ့ မိတ်ဖက်အဖွဲ့တွ၊ မြန်မာနိုင်ငံအတွင်းက အားလုံးသော အဓိက ပါဝင်ပတ်သက်သူတွေနဲ့ နီးနီးကပ်ကပ် စောင့်ကြည့်နေပါတယ်။ လူမှုအသိုင်းအဝိုင်းအားလုံးမှာ ဒုက္ခသုက္ခတွေ အများကြီးရှိပါတယ်။ ရခိုင်ပြည်အတွင်းက လူအုပ်စုတွေက အရမ်းဆင်းရဲတာကြောင့်ဖြစ်သလို အဲဒါကပဲ တင်းမာမှုတွေရှိနေရတဲ့ အကြောင်းအရင်းအဖြစ် ကျိန်းသေပေါက်ဖြစ်နေတာကြောင့်ပါ။

မြန်မာနိုင်ငံရဲ့ တည်ငြိမ်ရေး၊ လုံခြုံရေးနဲ့ နိုင်ငံတကာအသိုင်းအဝိုင်းကြားက ပုံရိပ်တွေကို မြန်မာပြည်သူများစွာက နားလည်နေတယ်လို့ ကျွန်တော်ထင်ပါတယ်။ မြန်မာနိုင်ငံရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်ခွင့်ကို အပြည့်အဝ လေးစားတဲ့နေနဲ့ ဒီအကြပ်အတည်းကို ကျော်လွှားဖို့အတွက် မြန်မာအစိုးရကို အထောက်အကူပြုဖို့ အီးယူက အဆင့်သင့်စောင့်ဆိုင်းနေပါတယ်။ ဒီကိစ္စက လူသားချင်းစာနာမှုဆိုင်ရာ အကျိုးဆက်တွေရှိနေတဲ့ နိုင်ငံရေးအကြပ်အတည်းတစ်ခုဖြစ်ပြီး ဒီကိစ္စအတွက်ဖြေရှင်းရာမှာ မြန်မာနိုင်ငံအနေနဲ့ နိုင်ငံရေးအရ စီစဉ်ဆောင်ရွက်ဖို့ လိုပါတယ်။ ကျွန်တော်တို့က မြန်မာနိုင်ငံရဲ့ အချုပ်အခြာပိုင်ဆိုင်မှုကို လေးစားသမှုပြုတာကြောင့် အစိုးရသစ်က ရခိုင်ပြည်နယ်ဆိုင်ရာ မဟာဗျူဟာပိုင်းမှာ ဘယ်လိုအရာတွေကို ဖော်ထုတ်လာမလဲဆိုတာကို ကျွန်တေ်ာတို့ဘက်က သိချင်ပါတယ်။ ကျွန်တော်တို့ တတ်နိုင်သလောက် ကူညီသွားဖို့ကလည်း သေချာပါတယ်။

ဒီအချိန်အတောအတွင်းမှာ ကျွန်တော်တို့ လုပ်နိုင်တဲ့အရာက ဆင်းရဲဒုက္ခရောက်နေတာတွေကို တိုက်ဖျက်ခြင်းပဲ ဖြစ်ပါတယ်။ အီးယူက ရခိုင်ပြည်နယ်မှာ လိုအပ်ချက်အခြေပြု လူသားချင်းစာနာမှု အထောက်အပံ့တွေနဲ့ ဖွဲ့စည်းပုံပိုင်းဆိုင်ရာ ဖွံ့ဖြိုးတိုးတက်ရေး စီမံချက်တွေကို ဖော်ဆောင်ပေးနေပါတယ်။ ကျွန်တော်တို့က ဒါကို လူမှုပတ်ဝန်းကျင်တွေအားလုံး အကျိုးခံစားရမယ့် ဟန်ချက်ညီသော နည်းလမ်းနဲ့ ကြိုးပမ်းဆောင်ရွက်နေတာပါ။ ဒါက ကာလလတ် မဟာဗျူဟာတစ်ရပ်ပါ။ သို့ပေမယ့် ရခိုင်ပြည်နယ်မှာရှိတဲ့ အခြေအနေတွေကို နိုင်ငံရေးအရ ဖြေရှင်းပေးဖို့ လိုအပ်နေတယ်လို့ ကျွန်တော်ပြောလိုပါတယ်။

မြန်မာနိုင်ငံသားတွေ၊ မြန်မာအစိုးရ၊ လွှတ်တော်၊ အရပ်ဖက်အဖွဲ့အစည်းများနဲ့ လူတိုင်းအတူတကွ ဆောင်ရွက်ပေးဖို့ လိုအပ်တဲ့ နိုင်ငံရေးဖြေရှင်းချက်တစ်ရပ်ကို လိုအပ်နေပါတယ်။ ဒါပေမယ့် နိုင်ငံတကာ အသိုင်းအဝိုင်းတစ်ရပ်အနေနဲ့ လက်တွေ့ကျင်သုံးတာကို ကျွန်တော်တို့ မြင်လိုတဲ့ နိုင်ငံတကာ စည်းမျဉ်းစည်းကမ်းအချို့အတွက် တောင်းဆိုမှုတွေ ပြုလုပ်ပေးရမယ့်တာဝန်လည်း ကျွန်တော်တို့မှာ ရှိပါတယ်။

typeof=

ငြိမ်းချမ်းရေးဖြစ်စဉ်နဲ့ပတ်သက်ပြီး ဘယ်လိုအခန်းကဏ္ဍမျိုးမှာ အီးယူက ပါဝင်နေပါသလဲ။

ဒီမိုကရေစီရေးနဲ့ လူမှု စီးပွားရေး ဖွံ့ဖြိုးတိုးတက်မှုတို့အတွက် အခွင့်အရေးတစ်ရပ်ပေးမယ်ဆိုရင် ဖြစ်ပွားဆဲ ကမ္ဘာ့သက်တမ်းအရှည်ဆုံး ပဋိပက္ခတစ်ခုရှိနေတဲ့ နိုင်ငံတစ်နိုင်ငံမှာငြိမ်းချမ်းရေးလုပ်ငန်းစဉ်က ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ် ဖြစ်သင့်ပါတယ်။ အီးယူက ကမ္ဘာတစ်လွှားမှာ ငြိမ်းချမ်းရေးအတွက် တက်ကြွစွာ အားပေးလှုံ့ဆော်နေပြီး မြန်မာနိုင်ငံမှာဆိုရင်လည်း ဒီကိစ္စက ထိလွယ်ရှလွယ်တဲ့ ကိစ္စဖြစ်ပေမယ့် ကျွန်တော်တို့က အစောကြီး ဆောင်ရွက်ခဲ့ပါတယ်။ ကျွန်တော်တို့က နည်းလမ်းနှစ်ခုနဲ့ လှုပ်ရှားခဲ့တာပါ။ ပထမဆောင်ရွက်မှုက အများပြည်သူဆိုင်ရာ ကြေညာချက်တွေ ထုတ်ပြန်ပေးပြီး အောက်ခြေမှာတော့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်အတွက် လွန်လေပြီးသောနှစ်တွေက ဆောင်ရွက်ခဲ့တဲ့ ကြိုးပမ်းမှုတွေမှာ လိုက်ပါဆောင်ရွက်ခြင်းဖြင့် နိုင်ငံရေးအရ အထောက်အကူ ပြုခဲ့ခြင်းပါ။ ကျွန်တော်တို့က ကျွန်တော်တို့ရဲ့ အတွေ့အကြုံအချို့ကို မျှဝေပေးဖို့ ကြိုးစားခဲ့ပါတယ်။ ဥရောပတိုက်ကို ပြာပုံဘဝကနေ တည်ဆောက်ခဲ့ပြီး မြန်မာနိုင်ငံမှာတော့ ပဋိပက္ခတွေ ဆက်ဖြစ်နေတုန်းပါဘဲ။ ဒါကြောင့် မြန်မာပြည်မှာ ဖြစ်ပျက်နေတဲ့အနေအထားကို ဥရောပတိုက်သားတွေက အခြားသူတွေထက် ပိုမိုနားလည်နိုင်ဖွယ် ရှိပါတယ်။ ဘာကြောင့်လဲဆိုတော့ ကျွန်တော်တို့က သိပ်မကြာသေးတဲ့ နှစ်ကာလတစ်ခုအတွင်းမှာ စစ်ပွဲတွေနဲ့ တောက်လျှောက်ကြုံတွေ့ခဲ့ရလို့ပဲ ဖြစ်ပါတယ်။

ထောက်ပံ့မှုရဲ့ ဒုတိယအဆင့်ကတော့ ငွေကြေးအပိုင်းပါ။ ကျွန်တော်တို့က မြန်မာငြိမ်းချမ်းရေးစင်တာ လုပ်ငန်းစဉ်တွေအပါအဝင် ငြိမ်းချမ်းရေးနဲ့ ဆက်စပ်တဲ့ ကြိုးပမ်းချက်အားလုံးကို ထောက်ပံ့ပြီးပါပြီ။ ဘာတွေဖြစ်လာမလဲဆိုကို ကျွန်တော်မသိပေမယ့် အနိမ့်ဆုံးအနေနဲ့ မြန်မာ့ငြိမ်းချမ်းရေးစင်တာကို ကျိန်းသေပေါက် ဆက်ခံမယ့်အဖွဲ့ကို အမည်အားဖြင့် ဒါမှမဟုတ် ပုံစံအားဖြင့်ကွဲပြားနေပါစေ ဆက်လက်ထောက်ပံ့ဖွယ် ရှိပါတယ်။ ဒီကိစ္စနဲ့ပတ်သက်တဲ့ ကျွန်တော်တို့ရဲ့ ထောက်ပံ့မှုအပေါ်မှာ ဝေဖန်မှုအချို့ ရှိခဲ့ပြီးပါပြီ။ ဒါပေမယ့် အစိုးရသစ်က ငြိမ်းချမ်းရေးကို ဦးစားပေးလုပ်ငန်းစဉ်တစ်ရပ်အဖြစ် အာရုံပြုတာကိုကြည့်လိုက်တဲ့အခါမှာ ကျွန်တော်တို့က လွန်ခဲ့တဲ့ကာလမှာ ဒီနယ်ပယ်တွေကို ထိတွေ့ဆောင်ရွက်ခြင်းဟာ မှန်ကန်တဲ့ဆုံးဖြတ်ချက်များကို ပြုလုပ်ခဲ့ခြင်းဖြစ်တယ်လို့ ယူဆနိုင်ပါတယ်။

အီးယူက သရုပ်သကန်အားဖြင့် တူညီတဲ့ ဒီအဖွဲ့သစ်ကို ရန်ပုံငွေဆက်လက်ထောက်ပံ့သွားဖို့ ရှိပါသလား။

ကျွန်တော်တို့က အစိုးရသစ်နဲ့ စေ့စပ်ဆွေးနွေးနေတဲ့ အဆင့်မှာရှိနေပြီး အီးယူရဲ့ ငွေကြေးအကူအညီက ဒီလုပ်ငန်းစဉ်အတွက် အထောက်ပံ့ဖြစ်တယ်ဆိုရင် ဒါကိုထောက်ပံ့ဖို့အတွက် ကျွန်တော်တို့ အဆင်သင့်ဖြစ်နေတယ်ဆိုတဲ့အကြောင်းကို အစိုးသစ်ထံ အသိပေးပြီးပါပြီ။

မြန်မာ့ငြိမ်းချမ်းရေးစင်တာကို အီးယူက ထောက်ပံ့ခြင်းနဲ့ ပတ်သက်ပြီး သတင်းအစီရင်ခံစာတွေ၊ ဝေဖန်ပြောဆိုမှုတွေ တော်တော်များများ ရှိခဲ့ပါတယ်။ ကျွန်တော်တို့က အမြင်သဘောထားတွေ ကွဲပြားနေတာကို လက်ခံနေတဲ့အချိန်မှာ လူတွေမပြောဖူးသေးတဲ့အရာက ဒီထောက်ပံ့မှုဟာ အီးယူရဲ့ ငြိမ်းချမ်းရေးနဲ့ ဆက်စပ်လုပ်ငန်းစဉ်တွေရဲ့ ငါးရာနှုန်းမျှသာ ဖြစ်တယ်ဆိုတာပါပဲ။ ငြိမ်းချမ်းရေးနဲ့ ပတ်သက်တဲ့ ကျန် ၉၅ ရာခိုင်နှုန်းက တိုင်းရင်းသားဒေသတွေကို စွမ်းဆောင်ရည် တည်ဆောက်ပေးခြင်း၊ မွမ်းမံသင်တန်းပေးအပ်ခြင်းနဲ့ ငြိမ်းချမ်းရေးကို အားပေးမြှင်တင်ခြင်းတို့လို ပုံစံတွေနဲ့ သွားခဲ့တာပါ။

မြန်မာနိုင်ငံဟာ အတိတ်ကာလက အီးယူအထောက်အပံ့ကို အခိုင်အမာ အသိအမှတ်ပြုတဲ့အချက်နဲ့ တစ်နိုင်ငံလုံး အတိုင်းအတာနဲ့ ဆောင်ရွက်မယ့် သဘောတူညီချက်အတွက် တရားဝင်နိုင်ငံတကာ မျက်မြင်သက်သေနဲ့ လက်မှတ်ရေးထိုးသူတစ်ဦးအဖြစ် အီးယူကို ဖိတ်ခေါ်ခြင်းမှာ အနာဂတ်ကာလအတွက်လည်း ယုံကြည်မှုရှိတယ်ဆိုတဲ့ သင်္ကေတတို့ကို ပြသခဲ့တာကြောင့် ကျွန်တော်တို့မှာ ခိုင်မာတဲ့ အထောက်အပံ့ကို ကမ်းလှမ်းဖို့အတွက် တာဝန်တစ်ခုရှိလာတယ်လို့ ခံစားမိပါတယ်။ ဒါကြောင့်လည်း “ပူးတွဲငြိမ်းချမ်းရေး ရံပုံငွေအဖွဲ့”သစ်တစ်ရပ် တည်ထောင်ဖို့အတွက် အီးယူက စတင်ကြိုးပမ်းခဲ့တာပါ။ 

ငြိမ်းချမ်းရေးဖြစ်စဉ်တစ်ခုလုံးမှာ အားလုံးပါဝင်နိုင်မှု မရှိခြင်းနဲ့ တိုက်ပွဲတွေဖြစ်နေစဉ်မှာ ဆောင်ရွက်နေခြင်းတို့ကြောင့် ဝေဖန်ခံခဲ့ရတယ်နော်။ အခုလို ဝေဖန်ပြောကြားမှုတွေက မျှတမှု ရှိရဲ့လားခင်ဗျ။

ခင်ဗျားက ဒီအကြောင်းကိစ္စတွေကို “တည်တည်ငြိမ်ငြိမ်နဲ့ အလေးအနက်စဉ်းစားတဲ့” ပုံစံ ဒါမှမဟုတ် အင်တိုက်အားတိုက် တက်တက်ကြွကြွ ဆန်းစစ်လေ့လာတဲ့ပုံစံနဲ့ ရှူမြင်ခြင်း ဟုတ်၊ မဟုတ်ဆိုတဲ့အပေါ်မှာ မူတည်ပါတယ်။ ခင်ဗျားက ဒီအခြေအနေရဲ့ နေ့စဉ်အဖြစ်အပျက်တွေကို ရုတ်တရက် ကြည့်ရှူလိုက်မယ်ဆိုရင် ပြဿနာရပ်ပေါင်းများစွာကို အထင်အရှား တွေ့ရပါလိမ့်မယ်။ ဒီခရီးရဲ့လားရာကို ခင်ဗျားကြည့်လိုက်တဲ့အခါမှာ တိုးတက်မှုတွေကို ခင်ဗျားတွေ့ရပါလိမ့်မယ်။ ဒီနိုင်ငံမှာ ဖြေရှင်းစရာကိစ္စတွေ အများကြီးရှိပါတယ်။ ကျွန်တော်ကတော့ ဝေဖန်မှုတွေထက် အထောက်အကူပြုမှုတွေကိုသာ ပိုပြီးမြင်ချင်ပါတယ်။ ဒီနိုင်ငံက ကြီးမားရှုပ်ထွေးတဲ့ စိန်ခေါ်ချက်တွေကို ရင်ဆိုင်နေရတဲ့ နိုင်ငံတစ်နိုင်ငံ ဖြစ်ပါတယ်။ လူတွေကလည်း ဒီလိုဖြစ်ရပ်တွေ မြန်မြန်ဆန်ဆန် ပြေလည်သွားတာကို လိုချင်ကြတာပါဘဲ။ ကျွန်တော်တို့က ဒီနေရာမှာ အပြုသဘောဆောင်တဲ့ လုပ်ငန်းအစီအစဉ်တွေနဲ့ ရှိနေတာပါ။ ကျွန်တော်တို့က ဒီနေရာမှာ မြန်မာနိုင်ငံကို ကူညီဖို့ရောက်ရှိနေတာပါ။ အောင်မြင်မှုအတွက် အလုပ်လုပ်ဖို့ပေါ့ဗျာ။ ကျရှုံးမှုတစ်ခုအတွက် အလုပ်လုပ်နေတာ မဟုတ်ပါဘူး။

ဒီအခြေအနေက အကောင်းတကာ့ အကောင်းဆုံး မဟုတ်ဘူးဆိုတာ မှန်ပေမယ့် ဒီလောက်ရှုပ်ထွေးတဲ့ ငြိမ်းချမ်းရေးလုပ်ငန်းစဉ်က အချိန်လိုပါတယ်။ NCA (တစ်နိုင်ငံလုံး အပစ်ခတ်ရပ်ဆဲရေး သဘောတူညီချက်)မှာ အားလုံးပါဝင်ခဲ့ခြင်း မရှိတဲ့အပေါ်မှာ ကျွန်တော်တို့ စိတ်ပျက်မိပါတယ်။ တိုင်းရင်းသားလက်နက်ကိုင်အဖွဲ့တွေအားလုံး လက်မှတ်ရေးထိုးတာကို ကျွန်တော်တို့ မြင်တွေ့လိုပေမယ့် ဒါဟာ မှန်ကန်တဲ့လမ်းကြောင်းပေါ်က အဆင့်တစ်ဆင့်အဖြစ်သာ ရှိနေခဲ့တာပါ။ ပြီးခဲ့တဲ့နှစ်မှာ ကျွန်တော်တို့တွေ့ခဲ့ရတာက မှန်ကန်တဲ့ လားရာတစ်ခုအတွင်းက အဆင့်တစ်ဆင့်ပါပဲ။

အခုချိန်မှာ ကျွန်တော်တို့ တွေ့မြင်လိုတာက ယခုလို ကြိုးပမ်းဆောင်ရွက်မှုတွေ ဆက်လက်တည်ရှိနေဖို့ဖြစ်ပြီး အစိုးရက ဒီကိစ္စရပ်နဲ့ ပတ်သက်လို့ ဆက်လက်ဆွေးနွေးနေတာကို မြင်ရတော့ တော်တော်လေးကို နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ တစ်ခုခုကို အကောင်းတကာ့ အကောင်းဆုံး အနေအထားနဲ့ မရရှိလိုက်တဲ့ အချိန်တိုင်းမှာ နေရာအနှံ့ ပျံ့နှံ့နေတဲ့ အယုံကြည်ကင်းမဲ့မှုတွေ၊ ဝေဖန်ပြောကြားမှုတွေထက် မြန်မာနိုင်ငံရဲ့ ပုံမှန်တိုးတက်မှုအပေါ် ပုံမှန်အသိမှတ်ပြုတာမျိုးတွေကို ကျွန်တော်တို့က တွေ့မြင်လိုတာပါ။ ဝေဖန်အကြံပြုသူတွေဘက်ကလည်း ဒီကိစ္စတွေကို ဘယ်လိုမျိုး ဖြေရှင်းနိုင်မလဲဆိုတဲ့ အကြံဉာဏ်တွေကို ဆောင်ယူလာနိုင်ပါတယ်။ ဒီနေ့ကမ္ဘာမှာ ပြောလို့ကောင်းတဲ့ အကြောင်းအရာများစွာ မရှိပါဘူး။ ဒါ့ကြောင့် ဒီကိစ္စကို အခွင့်အရေးတစ်ခု ပေးလိုက်ကြပါစို့လို့ ပြောချင်ပါတယ်။

typeof=

ခင်ဗျားတို့ ပေးအပ်နေတဲ့ ရဲသင်တန်းက ပြီးတော့မယ်နော်။ ဒါကလည်း အထူးသဖြင့် လက်ပံတန်းကိစ္စွမျိုးရှိတော့ ဒီသင်တန်းက အောင်မြင်တယ်လို့ ခင်ဗျားတို့ ယူဆထားလား။

အခုချိန်မှာ ဒီစီမံချက်ရဲ့ ပထမဆုံးအဆင့် ပြီးဆုံးသွားပါပြီ။ ဒါက ရှေ့ပြေးဆောင်ရွက်မှုတစ်ခုဖြစ်ပြီး ဦးသိန်းစိန်အစိုးရနဲ့ ဒေါ်အောင်ဆန်းစုကြည်တို့ရဲ့ ပူးတွဲတောင်းဆိုမှုတစ်ခုနောက်ပိုင်းမှာ ပြုလုပ်ခဲ့တဲ့ စမ်းသပ်ဆောင်ရွက်မှုအဆင့်ပါ။ ကျွန်တော်တို့ အီးယူဘက်ကတော့ နိုင်ငံရေးနဲ့ ဘဏ္ဍာရေး အနေအထားအရ အဆင်သင့်ပါဘဲ။ ကျွန်တော်တို့က လက်ယပ်ခေါ်မယ့် အချိန်တစ်ခုကို စောင့်ဆိုင်းနေတာပါ။ ဒီကိစ္စရဲ့ အဓိကမျှော်မှန်းချက်က မြန်မာနိုင်ငံရဲတပ်ဖွဲ့ကို လူ့အခွင့်အရေးအပေါ် လေးစားမှုရှိတဲ့၊ လုပ်ငန်းဆောင်ရွက်မှုတွေကို ကျင့်သုံးတဲ့ ခေတ်မီ ရဲတပ်ဖွဲ့တစ်ဖွဲ့  ဖြစ်လာစေဖို့ပါ။ ပြည်သူ့တာဝန်ကို ထမ်းဆောင်တဲ့ ရဲတပ်ဖွဲ့တစ်ဖွဲ့ပေါ့ဗျာ။

လက်ပံတန်းကိစ္စက ဝမ်းနည်းဖွယ်ကောင်းတဲ့ ဖြစ်ရပ်တစ်ခု ဖြစ်ခဲ့ပါတယ်။ ပြီးတော့ အဲဒီနေရာမှာ ဖြစ်ပျက်ခဲ့တာတွေနဲ့ ပတ်သက်ပြီး အများပြည်သူဆိုင်ရာ ကြေညာချက်တစ်ရပ်ကို အီးယူက ထုတ်ပြန်ပေးခဲ့ပါတယ်။ မြန်မာနိုင်ငံက ရှုပ်ထွေးတဲ့ အသွင်ကူးပြောင်းမှုတစ်ရပ်ကို ဆောင်ရွက်နေတာဖြစ်ပြီး ခုလိုဖြစ်ရပ်မျိုးတွေ ဖြစ်ဦးမှာပါ။ ရဲတပ်ဖွဲ့ဝင်တွေနဲ့တင် မဟုတ်ပါဘူး။ နက်နဲတဲ့ ဖွဲ့စည်းပုံပိုင်းဆိုင်ရာ အသွင်ကူးပြောင်းမှုတွေကို စတင်ဆောင်ရွက်ဖို့ ကြိုးပမ်းတဲ့နေရာတိုင်းမှာ ကြုံတွေ့ရမှာပါ။ စိတ်နေစိတ်ထား ပြောင်းလဲမှုတစ်ရပ်ကို အသက်သွင်းဖို့ ကြိုးစားတဲ့အခါတိုင်းမှာလည်း ကြုံတွေ့ရမှာပါ။ မြန်မာ့အသွင်ကူးပြောင်းမှု ဖြစ်စဉ်အတွင်းမှာ အရာရာတိုင်းက လွယ်လွယ်ကူကူ ချောချောမွေ့မွေ့ဖြစ်လာပြီး တိုးတက်မှုတွေက တစ်သမတ်တည်းဖြစ်လာလိမ့်မယ်လို့ ခင်ဗျားတွေးရင် ကလေးကလား ဆန်လွန်းပါတယ်။ ဒီလိုမျိုးဖြစ်လာမှာ မဟုတ်ပါဘူး။

လက်ပံတောင်းမှာ ဖြစ်ပျက်ခဲ့တဲ့အရာမျိုးက မဖြစ်သင့်တာတော့ အမှန်ပါဘဲ။ ကျွန်တော်တို့က ဒီလိုဖြစ်ရပ်မျိုးကို ကျူးလွန်ဖို့အတွက် ရဲတပ်ဖွဲ့ဝင်တွေကို မွမ်းမံသင်တန်းပေးအပ်ခဲ့ခြင်း မဟုတ်ဘူးဆိုတာတော့ သေချာပါတယ်။

[အဲဒီမွမ်းမံသင်တန်းက] အားရဖွယ်ကောင်းတဲ့ ရလဒ်တွေကို ဖော်ဆောင်ပေးခဲ့ပါတယ်။ ဥပမာ မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ဝင်တွေက နားလည်လက်ခံလွယ်ပြီး သင်ယူလိုစိတ်ရှိကြပါတယ်။ ဒီလို အမူအကျင့်အတွက် သူတို့ကို ချီးကျူးသင့်ပါတယ်။ ပြီးတော့ ရဲတပ်ဖွဲ့ဝင်တွေက သူတို့ဘာသာသာသူတို့ အရပ်ဖက်အဖွဲ့အစည်းတွေ၊ မီဒီယာတွေနဲ့ ထိတွေ့ဆက်ဆံလာတဲ့ အခြေအနေအတွက်လည်း ချီးကျူးသင့်ပါတယ်။

အီးယူရဲ့  အဲဒီစီမံချက်ကို ရဲတပ်ဖွဲ့ရဲ့  ဥပဒေမူဘောင်ပိုင်းဆိုင်ရာ ပြုပြင်ပြောင်းလဲရေး လုပ်ငန်းစဉ်တစ်ရပ်နဲ့ စတင်ခဲ့တာပါ။ ဥပမာ – မြန်မာနိုင်ငံ ရဲတပ်ဖွဲ့ကို မြန်မာနိုင်ငံရဲ့ ဒီမိုကရေစီနည်းလမ်းကျသော ဥပဒေတွေရဲ့ ထိန်းချုပ်မှုအောက်မှာ ရှိနေစေဖို့အတွက် ဘယ်လိုနေရာမှာ ရဲတပ်ဖွဲ့ဝင်တွေကို တာဝန်ချထားမလဲ၊ ဘယ်သူ့ ထိန်းချုပ်မှုအောက်မှာ ထားရှိမလဲလဲ ဆိုတာနဲ့ ခင်ဗျားရဲ့ ရဲတပ်ဖွဲ့ဝင်တွေကို ဘယ်လိုစီမံဆောင်ရွက်မလဲဆိုတဲ့ အပိုင်းတွေပါ။

ဒါနဲ့ ဆက်စပ်နေတာက နိုင်ငံရေးမှာ တပ်မတော် ဆက်လက်ပါဝင်နေမှုပါ။ အဲဒီအပေါ်မှာရှိတဲ့ ခင်ဗျားရဲ့အမြင်ကို ပြောပေးပါလား။

ဒါက ဒီနိုင်ငံရဲ့  ဥပဒေကြောင်းဆိုင်ရာ အမြင့်ဆုံးသော အစိတ်အပိုင်းတစ်ခုဖြစ်တဲ့ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံဥပဒေကနေ တိုက်ရိုက်ဆင်းသက်လာတဲ့ အခြေအနေတစ်ရပ်ပါ။

ဒါပေမယ့် နိုင်ငံရေးဆန်လွန်းတဲ့ အစိတ်အပိုင်းတစ်ရပ်ဖြစ်ပြီး ပြည်သူ့သဘောဆန္ဒနဲ့ နိုင်ငံတစ်နိုင်ငံရဲ့ မျှော်မှန်းချက်တွေကို ထင်ဟပ်သင့်တဲ့ ကမ္ဘာ့နေရာအနှံ့အပြားက ဖွဲ့စည်းပုံတွေမှာလို အဆင့်တစ်ဆင့်မှာ ဆင့်ကဲတိုးတက်မှု ရှိရမှာဖြစ်ပါတယ်။ ဖွဲ့စည်းပုံတစ်ရပ်ဆိုတာ ကျောက်တုံးပေါ်မှာ ရေးထိုးထားတဲ့အရာတစ်ခု မဟုတ်ပါဘူး။

ဒါက နိုင်ငံတစ်နိုင်ငံရဲ့ ဆင့်ကဲတိုးတက်မှုဖြစ်စဉ်နဲ့အညီ လိုက်ဖက်အောင်ဆောင် ဆောင်ရွက်ပေးဖို့လိုအပ်တဲ့ ဥပဒေအစိတ်အပိုင်းတစ်ရပ် ဖြစ်ပါတယ်။ ဖွဲ့စည်းပုံတွေက နိုင်ငံတစ်နိုင်ငံနဲ့ နိုင်ငံသားတွေရဲ့ ရည်မှန်းချက်သစ်တွေနဲ့ မကိုက်ညီတော့တဲ့အခါမှာ သူတို့ကို ပြန်လည်သုံးသပ်ဖို့ လိုအပ်ပါတယ်။ ဒါကြောင့် အဆင့်တစ်ဆင့်ဆင့်ကို ရောက်ရှိလာပြီဆိုရင် အနာဂတ်ရဲ့ မျှော်မှန်းချက်သစ်တစ်ရပ်ကို ဖော်ဆောင်ပေးဖို့အတွက် ပတ်သက်ဆက်နွယ်နေတဲ့ အဓိကပါဝင်ပတ်သက်သူတွေ အားလုံးနဲ့အတူ အဲဒီဖွဲ့စည်းပုံကို ပြန်လည်သုံးသပ်သပ်ရပါလိမ့်မယ်။

အီးယူက လက်နက်ရောင်းဝယ်ဖောက်ကားမှု ပိတ်ဆို့တာကို မကြာသေးခင်က သက်တမ်းတိုးခဲ့သေးတယ်နော်။ ဘယ်လိုအကြောင်းမျိုးနဲ့ ပြုလုပ်ခဲ့တာလဲ။

အရမ်းကိုရိုးရှင်းတဲ့ အကြောင်းအရင်းတစ်ခုရှိပါတယ်။ ပဋိပက္ခဖြစ်ပွားနေတဲ့နိုင်ငံတွေကို လက်နက်ခဲယမ်း ရောင်းဝယ်ခြင်းမပြုစေတဲ့ ဥပဒေနဲ့ စည်းမျဉ်းစည်းကမ်းတွေ အီးယူမှာရှိနေပါတယ်။ ပြီးတော့ ဒီနိုင်ငံရဲ့ နယ်နိမိတ် ပိုင်နက်အချို့မှာ ပဋိပက္ခတွေ ဖြစ်နေတုန်းပဲလေ။ အီးယူက မြန်မာနိုင်ငံရဲ့အလိုအတိုင်း ၂၀၁၃ ခုနှစ်မှာ လက်နက်ရောင်းဝယ်ဖောက်ကားမှုကလွဲပြီး စီးပွားရေးပိတ်ဆို့မှုအားလုံးကို ပြန်လည်ဖြေလျော့ပေးခဲ့ပါတယ်။

ကျွန်တော်တို့ဆီမှာ ပဋိပက္ခဖြစ်နေတဲ့နိုင်ငံတွေကို လက်နက်ရောင်းချခြင်းမပြုတဲ့ ယခုလိုစည်းမျဉ်းမျိုး ရှိနေပါတယ်။ ပဋိပက္ခတွေ ပျံ့နှံ့မှုမရှိစေဖို့ ထားရှိထားရတာပါ။

မြန်မာနိုင်ငံကို နောင်လာမယ့်ငါးနှစ်မှာ ဘယ်လိုနေရာမျိုးမှာ ခင်ဗျားမြင်တွေ့လိုပါသလဲ။

နောင်လာမယ့်ငါးနှစ်မှာ မြန်မာနိုင်ငံရှိနေမယ့်နေရာက မြန်မာနိုင်ငံရဲ့ ကိုယ်ပိုင်မျှော်မှန်းချက်တွေနဲ့ ကိုယ်ပိုင်အကျိုးစီးပွားတွေအရ မြန်မာနိုင်ငံချမှတ်မယ့် ဆုံးဖြတ်ချက်တွေအပေါ်မှာ မူတည်ပါတယ်။ မြန်မာနိုင်ငံက သူ့ရဲ့ဒီမိုကရေစီရေးနဲ့ ငြိမ်းချမ်းရေးလမ်းကြောင်းမှာ ဆက်ရှိနေလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ ကဏ္ဍတော်တော်များများနဲ့ နေရာဒေသတော်တော်များများကို ခေတ်မီဖွံ့ဖြိုးအောင် ပြုလုပ်ဖို့ လိုပါတယ်။ အခြေခံအဆောက်အအုံနဲ့ အကြီးစားစက်ပစ္စည်းလိုအပ်ချက် တော်တော်များများအကြောင်းကို ခင်ဗျားဖတ်ရှူနိုင်ပါတယ်။ ဒါက လုံးဝသေချာတဲ့အမှန်တရားပါ။ ဒါပေမယ့် ကျွန်တော့်အထင်တော့ ခင်ဗျားသဘောကျရင် လူတွေရဲ့ “ကာယဉာဏစွမ်းအား” လို့ ခေါ်ဆိုနိုင်တဲ့ လူသားအရင်းအမြစ်က စစ်မှန်တဲ့ပြောင်းလဲမှုနဲ့ လိုအပ်သလောက် ခုန်ပျံ ကျော်လွှားစေမယ့် အရာပါ။ ဖက်ဒရယ်ပြည်ထောင်စုအရေး၊ တပ်မတော်နဲ့ အရပ်သားအစိုးရအကြား ဆက်ဆံရေးတို့ကလည်း ကိုင်တွယ်ဖြေရှင်းရမယ့် အဓိကအရေးကိစ္စတွေဖြစ်ပါတယ်။ နိုင်ငံတကာအသိုင်းအဝိုင်းက အထောက်အပံ့များစွာကို ကမ်းလှမ်းထားပါတယ်။ ကျွန်တော်တို့က အကြံဉာဏ်တွေ အဆိုပြုတာတို့၊ ဆောင်ကျဉ်းပေးတာတို့ကို ပြုလုပ်နိုင်ပေမယ့် အာဏာအပ်နှင်းခံရသူ မောင်းနှင်နေတဲ့ လုပ်ငန်းအစီအစဉ်တစ်ရပ်ကို ကျွန်တော်တို့က လေးစားမှုရှိရမှာပါ။

အခုချိန်ထိ အီးယူက စိုးရိမ်နေတာနဲ့ အကြံပြုတိုက်တွန်းလိုတာက အမြင်သဘောထားတွေ မျှဝေဖို့နဲ့ အတွေ့အကြုံတွေ မျှဝေဖို့အတွက်ပဲ ဖြစ်ပါတယ်။ ဒါပေမယ့် ကျွန်တော်တို့က ဒီနေရာမှာ သူတို့ရဲ့ အချုပ်အခြာအာဏာ ပိုင်ဆိုင်မှုနဲ့ လွတ်လပ်မှုကို အသိမှတ်ပြုဖို့ ရောက်ရှိနေတာပါ။ ကျွန်တော်တို့က မြန်မာနိုင်ငံကို သူ့ရဲ့ကိုယ်ပိုင်အကျိုးစီးပွားတွေ၊ သူ့ရဲ့ ကိုယ်ပိုင်ဦးစားပေး အစီအစဉ်တွေနဲ့အညီ သူ့ရဲ့ ကိုယ်ပိုင်ဆုံးဖြတ်ချက်တွေကို ချမှတ်ခွင့်ပြုရပါမယ်။ အီးယူက ဒီနိုင်ငံကို အပြုသဘောဆောင်တဲ့ လုပ်ငန်းအစီအစဉ်တစ်ရပ်နဲ့ ရောက်ရရှိနေတယ်ဆိုတာကို လူတိုင်းသိစေလိုပါတယ်။ ကျွန်တော်တို့က ဒီနေရာမှာ မြန်မာရဲ့ ရည်မှန်းချက်တွေကို အထောက်အကူပြုဖို့နဲ့ မြန်မာတွေ မဲပေးရွေးချယ်ခဲ့တဲ့ အပြောင်းအလဲအတွက် အကူအညီပေးဖို့ ရောက်ရှိနေတာပါ။ ကျွန်တော်တို့က မြန်မာနိုင်ငံမှာ အောင်မြင်မှုအတွက် အလုပ်လုပ်နေကြတာပါ။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar