ရဲမွန်
ကျောက်စိမ်းတူးဖော်သည့်ဒေသဖြစ်သည့် ကချင်ပြည်နယ် ဖားကန့်မြိ့နယ်တွင် မြေပြိုမှုများ မကြာခဏ ဖြစ်ပေါ်လျက်ရှိရာ ယခုနှစ်အတွင်း မြေပြိုမှုများကြောင့် လူ ၁၅ဝ ကျော်ခန့် သေဆုံးခဲ့ပြီးဖြစ်သည်ဟု ကချင်အမျိုးသား လူမှုဖွံ့ုဖြိုးရေး ဖောင်ဒေးရှင်းထံမှ သိရသည်။
ဇူလိုင် ၁၄ ရက်က ဖြစ်ပွားခဲ့သည့် နောက်ဆုံးမြေပြိုမှုသည် လူအသေအပျောက် အများဆုံးဖြစ်ပြီး လက်ရှိအချိန်တွင် ပျောက်ဆုံးနေသူများကို ရှာဖွေကယ်ဆယ်သည့် လုပ်ငန်းစဉ်အား ရပ်ဆိုင်းထားသည်ဟု အဆိုပါ ဖောင်ဒေးရှင်း၏ အမျိုးသမီးရေးရာတာဝန်ခံ ဒေါ်ကိုင်ရာက ပြောသည်။
“မြေကြီးတွေထဲမှာ အများကြီး ကျန်ဦးမှာပါ။ ဒါပေမယ့် ကယ်ဆယ်ရေးလုပ်ငန်းတွေကို ရပ်ဆိုင်းလိုက်တာ ဖြစ်တဲ့အတွက် ပျောက်ဆုံးသူတွေကို ဆက်ရှာလို့မရတော့ဘူး”ဟု ၎င်းက ပြောသည်။
အစိုးရ၏ တရားဝင်ထုတ်ပြန်သည့် စာရင်းတွင် Win Jade အုပ်စု၏ လုပ်ကွက်တွင် ဖြစ်ပွားခဲ့သည့် မြေပြိုမှုကြောင့် လူ ၁၅ ဦး သေဆုံးခဲ့သည်ဟု ဖော်ပြထားသော်လည်း အရပ်ဖက်အဖွဲ့အစည်းများ၏ သတင်းများအရ သေဆုံးသူ အနည်းဆုံး ၁၉ ဦးနှင့် ပျောက်ဆုံးသူ ၈ဝ ဦး ရှိသည်ဟု သိရသည်။
Green Land အဖွဲ့၏ သဘာဝပတ်ဝန်းကျင်တာဝန်ခံ ဦးနောင်ဖက မြေပြိုမှု ဖြစ်ပွားခဲ့သည့်လုပ်ကွက်နေရာတွင် ဒိုင်းနမိုက်ဖြင့် မိုင်းဖောက်ခွဲမှုကို ယနေ့ပြန်လည် လုပ်ဆောင်နေပြီဖြစ်ပြီး သက်ဆိုင်ရာအာဏာပိုင်များအနေဖြင့် တစုံတရာ တားဆီးစုံစမ်းခြင်းမျိုး မရှိဟု ပြောသည်။
“အခုအချိန်က လုပ်ကွက်တွေ နားတဲ့အချိန်၊ မိုးရာသီလည်းဖြစ်တယ်။ ဒါပေမယ့်သူတို့က ဘယ်သူနဲ့ပိုင်လို့ အခုအချိန် လုပ်နေလဲတော့ မပြောတတ်ဘူး။ မြေပြိုတာကလည်း မိုင်းခွဲတဲ့ဒဏ်ကြောင့် ၈ဝ ရာခိုင်နှုန်းလောက် ပါတယ်။ မြေမပြိုခင် ကုမ္ဗဏီဘက်က မိုင်းခွဲသေးတယ်လေ” ဟု ၎င်းက ဆိုသည်။
မြေပြိုမှုအပြီး ကယ်ဆယ်ရေးလုပ်ငန်းများကို ဆောင်ရွက်ရာတွင် အာဏာပိုင်များ၏ ပူးပေါင်းဆောင်ရွက်မှု အလွန်နည်းပါးခဲ့ပြီး လူမှုကူညီရေးအသင်းများနှင့် အရပ်ဖက်အဖွဲ့အစည်းများကသာ အများဆုံး ဆောင်ရွက်ခဲ့ရသည်ဟု ဦးနောင်ဖက ဆက်လက်ပြောကြားသည်။
”အစိုးရအနေနဲ့ အခုလိုဖြစ်တဲ့လုပ်ကွက်က ကုမ္ဗဏီတွေကို ကြပ်မတ်သင့်တယ်” ဟု ၎င်းက ဆိုသည်။
မြေပြိုမှုကြောင့် သေဆုံးသူများအား တစ်ဦးလျှင် ကျပ်သုံးသိန်းစီ အစိုးရက ထောက်ပံ့ပေးပြီး ဒဏ်ရာရရှိသူ ၄၅ ဦးကိုမူ ကျပ်တစ်သိန်းစီ ထောက်ပံ့ပေးထားသည်ဟု မြို့နယ်အထွေထွေအုပ်ချုပ်ရေး ဦးစီးဌာနက ထုတ်ပြန်ထားကြောင်း Green Landအဖွဲ့ထံမှ သိရသည်။
ဖားကန့်မြို့နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနကို Frontier က ဆက်သွယ်မေးမြန်းခဲ့သော်လည်း ဖုန်းလက်ခံ ဖြေကြားခြင်း မရှိခဲ့ပေ။