မှောင်ခိုဈေးကွက်မှာ ဈေးကောင်းနေတဲ့ ကျူးကျော် စမတ်ကတ်များ

ရန်ကုန်မြို့ရှိ ကျူးကျော်နေထိုင်သူများကို အစိုးရ၏ တန်ဖိုးနည်းအိမ်ယာများ ဝယ်ယူခွင့်ပြုရန် ထုတ်ပေးထားသည့် စမတ်ကတ်များအတွက် မှောင်ခိုဈေးကွက် ပေါ်ထွက်နေပြီး ဈေးများလည်း မြင့်တက်နေသည်။ 

ကျော်ရဲလင်း ရေးသားသည်။ 

တန်ဖိုးနည်းအိမ်ယာများကို ကျူးကျော်နေထိုင်သူများအား ဦးစားပေး ရောင်းချနိုင်ရန်အတွက် ကျူးကျော်နေထိုင်သူ အိမ်ထောင်စုများထံ အစိုးရက ထုတ်ပေးထားသော စမတ်များကို တရားမဝင် ရောင်းချနေကြပြီး ဈေးနှုန်းများမှာလည်း ပြီးခဲ့သည့်နှစ်ကထက်  သုံးဆခန့်အထိပင် မြင့်တက်လာခဲ့သည်ကို တွေ့ရသည်။ 

ရန်ကုန်တိုင်းဒေသကြီးအစိုးရက ရန်ကုန်မြို့အနှံ့ရှိ ကျူးကျော်နေထိုင်သူ ၄၃၀,၀၀၀ ခန့်ကို ပြီးခဲ့သည့်နှစ်က စာရင်းကောက်ယူပြီး အိမ်ယာဝယ်ယူခွင့်ပြုရန် အသိအမှတ်ပြု စမတ်ကတ်များ ထုတ်ပေးခဲ့သည်။ 

ထိုသို့ ထုတ်ပေးရာတွင် စမတ်ကတ်ပေါင်း ၁၆၇,၇၃၈ ကတ်ကို ကျူးကျော်အိမ်ထောင်စုများအား ထုတ်ပေးခဲ့ပြီး ကျူးကျော်များကလည်း အမြဲတမ်း နေစရာ အိမ်ယာရရှိမည်ဟူသည့် စိတ်ကူးများဖြင့် စိတ်လှုပ်ရှားခဲ့ကြသည်။ 

သို့သော် အဆိုပါ စမတ်ကတ်များကို ပြန်လည် ဝယ်ယူသည့် မှောင်ခိုဈေးကွက် ပေါ်ပေါက်လာခဲ့သည်။ ၎င်းမှာ လောဘကြီးသော ရင်းနှီးမြုပ်နှံသူများက ဥပဒေကို လက်တစ်လုံးကြားလုပ်ပြီး ဝယ်ယူနေကြခြင်း ဖြစ်သည်။ 

လှိုင်သာယာမြို့နယ် အနောက်မြောက်ဘက်ရှိ ကျူးကျော်ရပ်ကွက်များတွင် နေထိုင်သော ပွဲစားတစ်ဦးက ပြီးခဲ့သောနှစ်က စတင်ပြီး ရပ်ကွက်အတွင်းမှ လူသိများသော စီးပွားရေးသမားတစ်ဦးအတွက် ထိုကတ်များကို လိုက်ရှာဝယ်ယူပေးနေရသည်ဟုဆိုသည်။ 

အိမ်ခြံမြေ ပွဲစားဖြစ်သူ ကိုမျိုးသူက ထို စီးပွားရေးသမားအတွက်  စမတ်ကတ် ၁၀၀ ခန့် ဝယ်ယူပေးပြီးဖြစ်ကြောင်း ပြောသည်။ လှိုင်သာယာမြို့နယ်တွင် ပြီးခဲ့သည့်နှစ် မေလအထိ စမတ်ကတ် ၂၅,၀၀၀ ခန့်ကို ထုတ်ပေးခဲ့ပြီး ဖြစ်သည်။ 

ကိုမျိုးသူ၏ အဆိုအရ ပြီးခဲ့သည့်နှစ် မတ်လက ထိုစီးပွားရေးသမားအတွက် ပထမဆုံးစမတ်ကတ်အား ကျပ် ၆၀၀,၀၀၀ ဖြင့် ဝယ်ပေးခဲ့ရသည်ဟု ဆိုသည်။ 

“အခုဆိုရင် ဈေးနှုန်းက ကျပ်သိန်း ၂၀ လောက် ရှိနေပြီ” ဟု ၎င်း ဧပြီလ အစောပိုင်းတွင် Frontier ကို ပြောသည်။

ပြီးခဲ့သည့်နှစ် အစောပိုင်းတွင် ထိုစီးပွားရေးသမားက စမတ်ကတ်များ ဝယ်ယူပေးရန် သူ့ကို ပြောကြားခဲ့ချိန်တွင် ကိုမျိုးသူက ထိုသို့လုပ်ဆောင်ခြင်းမှာ မသင့်တော်သည့် ရင်းနှီးမြုပ်နှံမှု ဖြစ်သည်ဟု သတိပေးခဲ့သည်ဟု ဆိုသည်။ 

သို့သော် ထိုစီးပွားရေးသမားက သေချာတွက်ချက်ပြီးမှ စွန့်စားခြင်း ဖြစ်သည်ဟု ပြန်လည်ပြောကြားပြီး ကတ်များကို လိုက်လံဝယ်ယူနေဆဲ ဖြစ်သည်ဟု ဆိုသည်။ အာဏာပိုင်များက တန်ဖိုးနည်း အိမ်ယာများ စတင်ရောင်းချချိန်တွင် အမြတ်အစွန်း များစွာရရှိမည်ဟု ထိုစီးပွားရေးသမားက ယုံကြည်ထားသည်။ 

ပိုမိုကောင်းမွန်သည့် အမြဲတမ်း အိမ်ယာသို့ အမှန်တကယ် ပြောင်းရွှေ့ နေထိုင်လိုသော ကျူးကျော်များထဲတွင် အသက် ၃၂ နှစ်အရွယ် မသီသီမိုးနှင့် သူမ၏ ခင်ပွန်း ဆိုက်ကားနင်းသူတို့လည်း ပါဝင်သည်။ သူတို့မှာ ၂၀၁၃ ခုနှစ်ကတည်းက လှိုင်သာယာရှိ ကျူးကျော်ရပ်ကွက်တွင် နေထိုင်နေကြသူများ ဖြစ်သည်။ 

၂၀၁၇ ခုနှစ်၊ ဇန်နဝါရီလတွင် သူတို့အတွက် စမတ်ကတ်ကို ရရှိခဲ့ကြသည်။ 

“ကျွန်မတို့က အစိုးရက အရစ်ကျ ရောင်းချပေးတဲ့ တိုက်ခန်းကို ဝယ်ယူနိုင်ဖို့ မျှော်လင့်နေတာပါ။ တကယ် ဝယ်ယူနိုင်ရင် ကျွန်မတို့အတွက်တော့ ထီဆုကြီး ပေါက်သလိုပါပဲ” ဟု မသီသီမိုးက Frontier ကို ပြောသည်။ 

“ကျူးကျော်တွေက ဘယ်အချိန် နှင်ထုတ်ခံရမလဲ ကြောက်နေရတာ။ အသိအမှတ်ပြု စမတ်ကတ်တွေက ဈေး သက်သက်သာသာနဲ့ အိမ်ဝယ်ယူနိုင်မယ့် မျှော်လင့်ချက်ကို ပေးပါတယ်” ဟု သူမက ဆိုသည်။ 

“ကွီးဖြိုးက ကျွန်မတို့အတွက် တန်ဖိုးနည်း အိမ်ယာတွေ ဆောက်ပေးနေတယ်လို့ ကြားရပါတယ်” ဟု ရန်ကုန်တိုင်း ဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်း၏ ရယ်စရာ နာမည်ကို ခေါ်ပြီး မသီသီမိုးက ပြောသည်။ ကွီး ဆိုသည်မှာ အစ်ကိုကြီးကို ခေါ်ဆိုသော ဘန်းစကား ဖြစ်သည်။ 

ထို့ပြင် တန်ဖိုးနည်း အိမ်ယာကို အရစ်ကျ ဝယ်ယူနိုင်မည့် အခွင့်အလမ်းကို ရယူလိုသော သာမန်ပြည်သူများကလည်း ထို စမတ်ကတ်များကို ဝယ်ယူလိုကြသည်ဟု ကိုမျိုးသူက ပြောသည်။ 

“ဒါက ကောင်းတဲ့ ရင်းနှီးမြုပ်နှံမှုတော့ မဟုတ်ဘူး။ သူတို့ရဲ့ ငွေတွေ ဆုံးရှုံးသွားနိုင်တယ်။ တရားလည်း မဝင်ဘူးလို့ ပြောပါတယ်။ ဒါပေမယ့် သူတို့က စွန့်စားချင်ရင်လည်း မတတ်နိုင်ဘူးလေ” ဟု ကိုမျိုးသူက ပြောသည်။ 

တောင်ဒဂုံမြို့နယ်၊ အမှတ် ၁ မှ NLD တိုင်းလွှတ်တော် ကိုယ်စားလှယ် အမတ် ဦးညီညီက ရန်ကုန်တိုင်း အစိုးရအနေဖြင့် တန်ဖိုးနည်း အိမ်ယာများကို ရောင်းချပေးချိန်တွင် စမတ်ကတ် ကိုင်ဆောင်ထားသူများကို ဦးစားပေးသွားမည်ဟု ဆိုသည်။ 

သို့သော် ထိုစမတ်ကို ဝယ်ယူပြီး ကျူးကျော်ဟန်ဆောင်ကာ တန်ဖိုးနည်း အိမ်ယာကို ဝယ်ယူရန်မှာ ”မဖြစ်နိုင်” ဟု ဦးညီညီက ပြောသည်။ 

“ဒီ စမတ်ကတ်မှာ ဘားကုတ်တွေ၊ လက်ဗွေတွေ၊ အိမ်ထောင်စု အချက်အလက်တွေ ပါဝင်ပြီး ဖြစ်တယ်။ ကတ်ကို တခြားသူထံ လွှဲပြောင်းပေးအပ်တာက တရားမဝင်ဘူးလို့ ရှင်းရှင်းလင်းလင်း ကြေညာထားပြီးသားပါ” ဟု ဦးညီညီက တယ်လီဖုန်းဖြင့် Frontier ကို ပြောသည်။ 

ကျူးကျော်နေ ပြည်သူအချို့ကမူ ငွေကြေး အခက်အခဲကို ဖြေရှင်းရန် စမတ်ကတ်များကို ပေါင်နှံလေ့ရှိကြသည်ဟု သူက ပြောသည်။

“ဒါက အစပိုင်းတော့ ပြဿနာ မရှိသလို ထင်ရပေမဲ့ သူတို့ ပြန်မရွေးနိုင်တဲ့အခါကျရင် ပြဿနာ တက်မှာပါ” ဟု သူက ဆိုသည်။ 

မသီသီမိုးကလည်း ပြီးခဲ့သည့်နှစ်အတွင်း သူမ၏ စမတ်ကတ်ကို နှစ်ကြိမ် ပေါင်နှံခဲ့ရသည်ဟု ဆိုသည်။ မတ်လအတွင်းက သူမ၏ သားဖြစ်သူ ဆေးရုံတင်ရစဉ် ကျပ် တစ်သိန်းဖြင့် တစ်ကြိမ်နှင့် နိုဝင်ဘာလတွင် ခင်ပွန်းသည်၏ ဆိုက်ကား ပြုပြင်ရန် ကျပ် ၁၇၀,၀၀၀ ဖြင့် ပေါင်နှံခဲ့ရခြင်း ဖြစ်သည်။ 

သို့သော် သူမ၏ ကတ်ကို မည်သည့်အခါတွင်မှ ရောင်းချခြင်းမပြုရန် ဆုံးဖြတ်ထားကြောင်း ပြောကြားသည်။ အဘယ်ကြောင့်ဆိုသော် ကိုယ်ပိုင်အိမ်ဖြင့် နေထိုင်နိုင်ရန်မှာ သူမတို့ မိသားစု၏ တစ်ခုတည်းသော မျှော်လင့်ချက်ဖြစ်သောကြောင့် ဖြစ်သည်။

သူမ၏ အိမ်နီးချင်းတစ်ဦးကမူ သူတို့၏ စမတ်ကတ်ကို ကျပ် ၈၀၀,၀၀၀ ဖြင့် ပြီးခဲ့သည့်နှစ်မေလက ရောင်းချကာ တောင်ဒဂုံမြို့နယ်သို့ ပြောင်းရွှေ့သွားခဲ့သည်ဟု မသီသီမိုးကပြောသည်။

“ကျွန်မက သူတို့ကို မရောင်းဖို့ တားပါသေးတယ်။ ဒါပေမဲ့ သူတို့က ပြောင်းသွားတဲ့ နေရာမှာ ကတ်အသစ် ရချင် ရနိုင်ပါသေးတယ်လို့ ပြောပါတယ်” ဟု သူမက ဆိုသည်။ 

ရန်ကုန်တိုင်း ဒေသကြီးမှ NLD လွှတ်တော်ကိုယ်စားလှယ်တစ်ဦးကမူ တွံတေးမြို့နယ်၊ ပန်းလှိုင်မြစ်ကမ်းရှိ မြေဧက ၃၀၀၀ ကျော်တွင် ကျူးကျော်များအတွက် ဦးဖြိုးမင်းသိန်းက စီစဉ်သော တန်ဖိုးနည်း အိမ်ယာစီမံကိန်းသည် ရှင်းလင်း ပြတ်သားမှု မရှိဟု ဆိုသည်။ 

“ရန်ကုန်တိုင်း အစိုးရက တွံတေး ပဒန်းရေကျော် ရွာအနီးက မြေဧက ၂၀၀ ကျော်အတွက် စီမံကိန်း စတင်နေပြီ။ ကျွန်တော်တို့က စီမံကိန်းငယ်လေးတွေအတွက်တောင် ဘာမှ အသေးစိတ် မသိရှိရဘူး” ဟု တွံတေး အမှတ် ၁ မဲဆန္ဒနယ်မှ ဒေါက်တာ ကျော်ဇင်ဦးက ဆိုသည်။ 

စီမံကိန်းနှင့် ပတ်သက်ပြီး ပွင့်လင်းမြင်သာစွာ အသေးစိတ် အချက်အလက်များပေးရန် အမတ်များက  တောင်းဆိုထားမှုကို တိုင်းအစိုးရက လျစ်လျူရှုနေသည်ဟု ၎င်းက ပြောကြားသည်။ 

“ရန်ကုန်မြို့သစ် စီမံကိန်းလည်း အပါအဝင်ပေါ့။ စီမံကိန်းတွေက ကောင်းဖို့လုပ်တာ မှန်ပေမယ့် သင့်တော်တဲ့ လုပ်ငန်းစဉ်အတိုင်း ဖြစ်ဖို့လိုပါတယ်။ ဦးဖြိုးမင်းသိန်းက စီမံကိန်းတွေရဲ့ အသေးစိတ် အချက်အလက်တွေကို ထုတ်ဖော် ချပြသင့်ပါတယ်” ဟု ဦးကျော်ဇင်ဦးက ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ- ရန်ကုန်မြို့၏ ဆင်ခြေဖုန်း ကျူးကျော်ရပ်ကွက်တွင် နေထိုင်နေသော မသန်းသန်းမြင့်။ ဓာတ်ပုံ-ဗစ်တိုးရီးယားမီလ်ကို

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.