မှုခင်းသတင်းထောက်အဖွဲ့ချုပ်အား စာနယ်ဇင်းကောင်စီနှင့် စာနယ်ဇင်းအဖွဲ့များက သတိပေး

ရန်ကုန်၊ ဧပြီ ၂၇

“သတင်းမီဒီယာကျင့်ဝတ်နှင့် မညီဘဲ ဥပဒေမဲ့ လုပ်ကိုင်နေခြင်း”နှင့် ပတ်သက်၍ မှုခင်းသတင်းထောက်အဖွဲ့ချုပ်အား မြန်မာနိုင်ငံစာနယ်ဇင်းကောင်စီက ဧပြီ ၂၅ ရက်နေ့တွင် တရားဝင် ကြေညာချက်ထုတ်ပြန်၍ သတိပေးလိုက်သည်။

“သတင်းထောက်အချို့သည် သတင်းမီဒီယာကျင့်ဝတ် (Media Code of Conduct) နှင့်မညီဘဲ ဥပဒေမဲ့ အလုပ်များ လုပ်ဆောင်နေသည်ဟု ခိုင်လုံသော သတင်းများရရှိပါသည်”ဟု စာနယ်ဇင်းကောင်စီ အတွင်းရေးမှူး ဦးသီဟစော လက်မှတ်ရေးထိုး ထုတ်ပြန်သည့် ထိုကြေညာချက်တွင် ဖော်ပြထားသည်။

မှုခင်းသတင်းထောက်အဖွဲ့ချုပ် ဥက္ကဋ္ဌ ဦးဟန်ညွန့်အား လိပ်မူ၍ ထိုစာအား ထုတ်ပြန်ခဲ့ခြင်းဖြစ်ပြီး သမ္မတရုံး၊ ပြည်ထဲရေးဝန်ကြီးဌာနနှင့် စာနယ်ဇင်းအဖွဲ့အစည်းများထံလည်း ဖြန့်ဝေခဲ့သည်။

ကျင့်ဝတ်ဖောက်ဖျက်ကျူးလွန်သူများကို စည်းမျဉ်းစည်းကမ်းများနှင့်အညီ အရေးယူရန် ကောင်စီက ဖိအားပေး တိုက်တွန်းထားသည်ကို ကြေညာချက်တွင် တွေ့ရသည်။

မှုခင်းသတင်းထောက်အဖွဲ့ဥက္ကဋ္ဌသာမက စာနယ်ဇင်းကောင်စီအဖွဲ့ဝင်လည်းဖြစ်သူ ဦးဟန်ညွန့်က ယခုကဲ့သို့ ကောင်စီက ထောက်ပြခြင်းသည် “ကောင်းဖို့ဖြစ်လာတာ”ဖြစ်သည်ဟု Frontier ကိုပြောကြားသည်။

ယခုကိစ္စနှင့်ပတ်သက်၍ အဖွဲ့အစည်းအတွင်း၌ အသိပေးကြေညာချက်များ ထုတ်ပြန်ခြင်း၊ ညှိနှိုင်း အစည်းအဝေးများ ကျင်းပခြင်းနှင့် အသိပညာပေးမှုများ ဆက်လက်ဆောင်ရွက်သွားမည်ဟုလည်း ၎င်းကဆိုသည်။

“ဥပဒေကို ချိုးဖောက်တဲ့သူတွေကတော့ ဥပဒေချိုးဖောက်တဲ့အတိုင်း သွားကြမှာပေါ့”ဟု ၎င်းကဆိုသည်။ “အသင်းအဖွဲ့ စည်းမျဉ်းတွေနဲ့လည်း ကြပ်မတ်ဆောင်ရွက်မယ်”ဟု ဦးဟန်ညွန့်က ဆက်လက်ပြောကြားသည်။

စာနယ်ဇင်းကောင်စီက ထုတ်ပြန်ချက်နှင့် တစ်ရက်ထည်းတွင် အခြားစာနယ်ဇင်း အဖွဲ့အစည်း ၁၁ ဖွဲ့က စုစည်းပြီး မှုခင်းသတင်းထောက်အဖွဲ့ချုပ်ထံ လိပ်မူ၍ စာပို့ကန့်ကွက်ခဲ့ကြသည်။

“လူကြီးမင်းတို့ အဖွဲ့အစည်းမှရောင်းချသော အဖွဲ့အစည်းတံဆိပ်များနှင့် ယူနီဖောင်းများကိုဝတ်ဆင်ကာ လူကြီးမင်းတို့၏ အဖွဲ့အစည်းနာမည်ဖြင့် သတင်းထောက်ဟုပြောဆို၍ သတင်းရင်းမြစ်များထံမှ ခြိမ်းခြောက် ငွေတောင်းယူမှုများ ဖြစ်ပွားနေသည်ကို နိုင်ငံအနှံ့တွင် တွေ့မြင်နေရပါသည်” ၎င်းတို့၏ စာတွင်ဖော်ပြထားသည်။

“လူကြီးမင်းတို့ အဖွဲ့အစည်း ထိပ်ပိုင်းနေရာများတွင် ရဲအရာရှိဟောင်းများနှင့် အစိုးရအငြိမ်းစား အရာရှိများ ပါဝင်နေပြီး အဖွဲ့ဝင်များကလည်း အချို့နေရာများတွင် ယူနီဖောင်းများဖြင့်သွားရောက်ကာ ရဲတပ်ဖွဲ့ဝင်များကဲ့သို့ ပြုမူဆောင်ရွက်များ ရှိနေသည်ဟု ကြားသိရပါသည်”ဟုလည်း ဖော်ပြထားသည်။

ထိုသို့သောကိစ္စရပ်များ လုပ်ဆောင်နေခြင်းနှင့်ပတ်သက်၍ သတင်းမီဒီယာ၏ ပုံရိပ်ကိုထိပါးစေခြင်း တရားဥပဒေ စိုးမိုးရေးအား ထိခိုက်စေခြင်းများ ဖြစ်စေသဖြင့် အဖွဲ့ချုပ်အနေနှင့် အသင်းဝင်များအား ကြပ်မတ်ပေးရန်လည်း ၎င်းတို့က တောင်းဆိုထားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar