မြောက်ကိုရီးယား၏ ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ်ဖောက်ခွဲမှုကြောင့် စိုးရိမ်ကြောင်း မြန်မာက ကြေညာ

ရန်ကုန်၊ ဇန်နဝါရီ ၁၄

မြောက်ကိုရီးယားနိုင်ငံက ဇန်နဝါရီ ၆ ရက်နေ့တွင် ဟိုက်ဒရိုဂျင်ဗုံး စမ်းသပ် ဖောက်ခွဲခဲ့သည့်အတွက် အထူးစိုးရိမ်မကင်းဖြစ်မိကြောင်း မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာနက ဇန်နဝါရီ ၁၃ ရက်နေ့က သတင်းထုတ်ပြန်ခဲ့သည်။

အဆိုပါ စမ်းသပ်မှုသည် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို ချိုးဖောက်ခြင်းဖြစ်သည့်အပြင် အပြည်ပြည်ဆိုင်ရာ လက်နက် မပြန့်ပွားရေးကို ထိခိုက်စေပြီး ကိုရီးယားကျွန်းဆွယ် တင်းမာမှုကို မြင့်တက်စေသည်ဟု ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။ ထို့ကြောင့် ကုလသမဂ္ဂ လုံခြုံရေးကောင်စီ၏ သက်ဆိုင်ရာ ဆုံးဖြတ်ချက်များကို လိုက်နာရန် ကိုရီးယား ဒီမိုကရက်တစ်ပြည်သူ့သမ္မတနိုင်ငံအား တိုက်တွန်းထားသည်။

မြောက်ကိုရီးယားနှင့် မြန်မာနိုင်ငံတို့သည် လွန်ခဲ့သော နှစ်ပေါင်းများစွာကပင် နီးကပ်သော ဆက်ဆံရေး ရှိခဲ့သော်လည်း ၁၉၈၃ ခုနှစ်တွင် ဖြစ်ပွားခဲ့သည့် အာဇာနည်ဗိမာန် ဗုံးပေါက်ကွဲမှု နောက်ပိုင်းတွင် နှစ်နိုင်ငံ သံတမန် ဆက်ဆံရေး ပြတ်တောက်သွားခဲ့သည်။ ထို့နောက် စစ်အစိုးရလက်ထက် ၂၀၀၇ ခုနှစ် နောက်ပိုင်းတွင် ဆက်ဆံရေး ပြန်လည်ကောင်းမွန်လာကာ နှစ်နိုင်ငံ သံရုံးများလည်း အပြန်အလှန် ဖွင့်လှစ်ထားသည်။ မြောက်ကိုရီးယားသို့ စစ်အစိုးရ ခေါင်းဆောင်များ သွားရောက်လည်ပတ်မှုရှိခဲ့ပြီး နှစ်နိုင်ငံ စစ်ရေး ပူးပေါင်းဆောင်ရွက်မှုအတွက် သဘောတူစာချုပ်များပင် ချုပ်ဆိုခဲ့သည်ဟု သတင်းများတွင် ဖော်ပြထားသည်။

ထိုစဉ်က တပ်မတော်အစိုးရ၏ ထိပ်တန်းခေါင်းဆောင်တစ်ဦးဖြစ်ပြီး ယခု ပြည်ထောင်စုလွှတ်တော်ဥက္ကဋ္ဌဖြစ်သူ သူရဦးရွှေမန်းသည် ၂၀၀၈ ခုနှစ်တွင် မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း သတင်းများအရ သိရသည်။

နိုင်ငံတကာ စစ်ရေးနှင့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုကို ခံထားရသည့် စစ်အစိုးရသည် စစ်အင်အား တည်ဆောက်ရေးအတွက် မြောက်ကိုရီးယားထံမှ လက်နက်များ ဝယ်ယူခဲ့သလို နေပြည်တော်တွင် စစ်ရေးအတွက် လှိုဏ်ခေါင်းများတူးရန် မြောက်ကိုရီးယားက ကူညီခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။

ဒုံးကျည်များ၊ လေယာဉ်များနှင့် သင်္ဘောများ ဖွက်ထားနိုင်သည့် လှိုဏ်ခေါင်းများနှင့် လှိုဏ်ဂူများ တည်ဆောက်ရေးအတွက် သူရဦးရွှေမန်း၏ ခရီးစဉ်အတွင်း လက်မှတ်ရေးထိုးခဲ့သည့် မြန်မာနှင့် မြောက်ကိုရီးယားအစိုးရတို့၏ နှစ်ဖက်သဘောတူညီစာချုပ်တွင် ထည့်သွင်းထားသည်ဟု ၂၀၁၃ ခုနှစ်၊ နိုဝင်ဘာ ၁၃ ရက်နေ့တွင် The Diplomat မဂ္ဂဇင်းက ရေးသားခဲ့သည်။

ထိုစဉ်က မြောက်ကိုရီးယားနိုင်ငံမှ နျူကလီးယား နည်းပညာရရှိရန် မြန်မာက ဆောင်ရွက်ခဲ့သည်ဟူသော သတင်းများလည်း ထွက်ပေါ်ခဲ့သည်။ မြောက်ကိုရီးယားမှ ကုန်တင်သင်္ဘောများလည်း မြန်မာဆိပ်ကမ်းများသို့ ဆိုက်ကပ်လေ့ရှိသော်လည်း ပုံမှန်ကုန်သွယ်ရေးအတွက်သာဖြစ်သည်ဟု မြန်မာအစိုးရက ပြောကြားလေ့ရှိသည်။

မြန်မာနှင့် မြောက်ကိုရီးယားတို့ နျူကလီးယားနည်းပညာ ပူးပေါင်းဆောင်ရွက်လာမည်ကို စိုးရိမ်သဖြင့် မြောက်ကိုရီးယားနှင့် ဆက်ဆံရေး ဖြတ်တောက်ရန် အမေရိကန် အစိုးရက မြန်မာအစိုးရကို သတိပေးခဲ့ဖူးသည်။ မြန်မာနှင့် မြောက်ကိုရီးယားနိုင်ငံများမှ ကုမ္ဗဏီများ၊ ခေါင်းဆောင်များကိုလည်း အမေရိကန် အရေးယူပိတ်ဆို့မှုအချို့ ဆောင်ရွက်ခဲ့သည်။

၂၀၁၀ ပြည့်နှစ်တွင် သမ္မတဦးသိန်းစိန် ဦးဆောင်သည့် အစိုးရသစ်တက်လာပြီးနောက် နိုင်ငံတကာတွင် ပိုမိုဝင်ဆံ့နိုင်ရန် ဆောင်ရွက်လာချိန်တွင် ၂၀၁၃ ခုနှစ်မှ နောက်ပိုင်း နှစ်နိုင်ငံ ဆက်ဆံမှုများ နည်းပါးသွားခဲ့သည်။

သို့သော် ၂၀၁၅ ခုနှစ်၊ စက်တင်ဘာလတွင် မြန်မာအစိုးရ ကိုယ်စားလှယ်အဖွဲ့ မြောက်ကိုရီးယားနိုင်ငံသို့ သွားရောက်ခဲ့ကြောင်း မြန်မာတိုင်း(မ်)အင်္ဂလိပ်သတင်းစာက ရေးသားခဲ့သည်။

မြန်မာနိုင်ငံခြားရေး ဝန်ကြီးဌာနမှ အဆင့်မြင့်အရာရှိများ ပါဝင်သည့် အဆိုပါ ကိုယ်စားလှယ်အဖွဲ့သည့် မြောက်ကိုရီးယားမြို့တော် ပြုံယမ်းသို့ နှစ်ရက်ကြာ သွားရောက်ခဲ့ပြီး နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုတိုးမြင့်စေရေး ဆွေးနွေးခဲ့သည်ဟု ဆိုသည်။

မြန်မာက အာဆီယံဥက္ကဋ္ဌတာဝန်ယူထားစဉ်ကလည်း မြောက်ကိုရီးယားနိုင်ငံခြားရေးဝန်ကြီး ဦးဆောင်သည့် ကိုယ်စားလှယ်အဖွဲ့ နေပြည်တော်သို့ လာရောက်ခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar