မြောက်ကိုရီးယားနှင့် လက်ကျန်ဆက်ဆံရေးများ ဖြတ်တောက်ရန် မြန်မာကို အမေရိကန် တိုက်တွန်း

မြောက်ကိုရီးယားနိုင်ငံနှင့် ယခင်အတိတ်နှစ်များက လက်ကျန်အဖြစ် ကျန်ရှိနေသေးဖွယ်ရှိနေသည့် ဆက်ဆံမှုများကို ဖြတ်တောက်ရန် မြန်မာ့တပ်မတော်ကို အမေရိကန် တာဝန်ရှိသူတစ်ဦးက တိုက်တွန်းပြောကြားလိုက်သည်။

“ပြီးခဲ့တဲ့ ငါးနှစ်ကျော်က စစ်အာဏာရှင်စနစ် အုပ်ချုပ်မှုရဲ့ ကျန်ရှိနေသေးတဲ့ အကျိုးသက်ရောက်မှုအနေနဲ့ (မြောက်ကိုရီးယားနဲ့) အဆက်အသွယ်တွေ ဆက်လက် ရှိနေနိုင်သေးတဲ့သူတွေ မြန်မာစစ်တပ်ထဲမှာ အနည်းငယ် ကျန်ရှိနေနိုင်သေးတဲ့ အလားအလာတွေ ရှိတယ်လို့ ကျွန်တော်တို့ ထင်ပါတယ်” ဟု အမေရိကန် လက်ထောက် နိုင်ငံခြားရေးဝန်ကြီး ဒန်နီရယ် ရပ်ဆဲလ်က လွှတ်တော်ကြားနာမှုတွင် ပြောကြားခဲ့သည်ဟု အေပီသတင်းဌာနက ရေးသားထားသည်။

သို့သော် လက်ရှိ မြန်မာအစိုးရသစ်နှင့် တပ်မတော်ခေါင်းဆောင်များကမူ မြောက်ကိုရီးယားနှင့် ဆက်ဆံမှုများ မရှိတော့သလို ထိုကဲ့သို့ ဆက်ဆံမှုများကို ရပ်တန့်ပစ်ရန်လည်း ဆောင်ရက်နေကြသည်ဟု အဆိုပါ သတင်းတွင်ရေးသားထားသည်။ မြန်မာနိုင်ငံအား နိုင်ငံတကာက စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများ ချမှတ်ထားချိန်က မြန်မာတပ်မတော်အတွက် လိုအပ်သည့် လက်နက်များကို မြောက်ကိုရီးယားထံမှ ဝယ်ယူမှုများ ရှိခဲ့သည်။

နျူကလီးယားနှင့် ဒုံးကျဉ်အစီအစဉ်များဆောင်ရွက်နေသည့် မြောက်ကိုရီးယားအား လက်နက်တင်ပို့ရောင်းချမှုများကို ပိတ်ပင်သည့်တားမြစ်ချက်ကို ကုလမသဂ္ဂလုံခြုံရေးကောင်စီက ချမှတ်ထားသည်။ သို့သော် စစ်အစိုးရလက်ထက်တွင် မြန်မာ့တပ်မတော်သည် မြောက်ကိုရီးယား၏ အဓိကဝယ်ယူသူတစ်ဦး ဖြစ်ခဲ့သည်။

၁၉၈၃ ခုနှစ်က စတင်ကာ ပြတ်တောက်နေခဲ့သည့် မြန်မာနှင့် မြောက်ကိုရီးယားတို့အကြား ဆက်ဆံရေးသည် ၂၀၀၇ ခုနှစ်တွင် နှစ်နိုင်ငံကြား သံတမန်ဆက်ဆံရေး ပြန်လည် ထူထောင်ခြင်းဖြင့် ပြန်လည်စတင်ခဲ့သည်။ ထိုစဉ်က မြန်မာစစ်အစိုးရ ခေါင်းဆောင်များ မြောက်ကိုရီးယားသို့ တိတ်တဆိတ်သွားရောက်ခဲ့သည့် သတင်းများလည်း ပေါ်ထွက်ခဲ့သည်။

ထိုစဉ်က မြန်မာစစ်အစိုးရအဖွဲ့တွင် တတိယမြောက် အာဏာအရှိဆုံးဖြစ်သည့် ဗိုလ်ချုပ်ကြီးသူရရွှေမန်းနှင့်အဖွဲ့ မြောက်ကိုရီးယားသို့ ၂၀၀၈ ခုနှစ်တွင် သွားရောက်ကာ စစ်လက်နက်ဝယ်ယူရေးအပါအဝင် သဘောတူညီချက်အများအပြား လက်မှတ်ရေးထိုးခဲ့သည်ဟူသည့်သတင်းများ ပေါ်ထွက်ခဲ့ဖူးသည်။

မြန်မာနိုင်ငံတွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အစိုးရတက်လာပြီးနောက် အမေရိကန်က မြန်မာနိုင်ငံနှင့် ပုံမှန်ဆက်ဆံရေး ပြန်လည်ထူထောင်နိုင်ရန် ဆန္ဒရှိနေသည်။ နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်နှင့် အမေရိကန်သမ္မတ ဘားရတ်အိုဘားမားတို့ စက်တင်ဘာ ၁၄ ရက်နေ့က ဝါရှင်တန်တွင် တွေ့ဆုံပြီးနောက် မြန်မာနိုင်ငံအပေါ် ချမှတ်ထားသည့် စီးပွားရေးအရ အရေးယူပိတ်ဆို့မှုများအား ရုပ်သိမ်းသွားရန် ပြန်ဆင်နေပြီဟု အိုဘားမားက ကြေညာခဲ့သည်။

သို့သော် တပ်မတော်နှင့် ဆက်ဆံရေးကို အကန့်အသတ်ဖြင့်သာ ဆက်လက်ဆောင်ရွက်သွားမည်ဖြစ်သလို တပ်မတော်ပိုင် စီးပွားရေးလုပ်ငန်းများအပေါ် ချမှတ်ထားသည့် ပိတ်ဆို့အရေးယူမှုများကိုလည်း ဆက်လက်ထားရှိဖွယ်ရှိသည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar