မြန်မာနှင့် အိန္ဒိယ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေး နှစ် ၇၀ ပြည့် အထိမ်းအမှတ်အဖြစ် မြန်မာနေ့ အခမ်းအနားကို အိန္ဒိယနိုင်ငံ၊ နယူးဒေလီမြို့ ရှိ မြန်မာသံရုံးတွင် နှစ်ရက်ကြာ ကျင်းပခဲ့ရာ ပျော်ပွဲရွှင်ပွဲများ၊ ယဉ်ကျေးမှုဆိုင်ရာ ပြပွဲများ၊ အနုသုခုမ ရိုးရာကပွဲများအပြင် နှစ်နိုင်ငံကြား စီးပွားရေး အခွင့်အလမ်းများနှင့် ပတ်သက်ပြီး ဆွေးနွေးပွဲများလည်း ပါဝင်ခဲ့သည်။
“အိန္ဒိယပြည်သူတွေအနေနဲ့ မြန်မာနိုင်ငံအကြောင်းကို ပိုမိုသိရှိစေလိုတဲ့ ရည်ရွယ်ချက်နဲ့ ယဉ်ကျေးမှုဆိုင်ရာ ပြပွဲတွေ ပြုလုပ်ခဲ့တာဖြစ်ပါတယ်။ နှစ်နိုင်ငံ ဆက်ဆံရေး ပိုမိုကောင်းမွန်လာစေဖို့ အထူးသဖြင့် ကုန်သွယ်ရေး၊ ရင်းနှီးမြုပ်နှံမှု၊ ခရီးသွားလာရေးနှင့် ယဉ်ကျေးမှုဆိုင်ရာလုပ်ငန်းအစရှိတဲ့ အကြောင်းအရာများကို ပူးပေါင်း ဆွေးနွေးပွဲများ ပြုလုပ်နိုင်ဖို့ ဒီပွဲကို ကျင်းပခဲ့တာဖြစ်ပါတယ်” ဟု နိုဝင်ဘာ ၁၂ နှင့် ၁၃ ရက်နေ့များက ကျင်းပသည့် အခမ်းအနားနှင့် ပတ်သက်ပြီး မြန်မာသံအမတ်ကြီး ဦးမိုးကျော်အောင်က ပြောကြားသည်။
အခမ်းအနားတွင် မြန်မာ့ကျောက်မျက်ရတနာနှင့် လက်ဝတ်ရတနာများဖြစ်သည့် ပတ္တမြား၊ နီလာနှင့် ကျောက်စိမ်းပြခန်းများ၊ မြန်မာ့လက်မှုပညာ ပစ္စည်းများ၊ ကုန်စည်များနှင့် ပို့ကုန်များ ပြသထားသည့်အပြင် မြန်မာ့ရိုးရာ အစားအစာများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ ဖျော်ဖြေတင်ဆက်မှုများလည်း ပါဝင်သည်။
“မြန်မာနိုင်ငံနဲ့ အိန္ဒိယ နှစ်နိုင်ငံ သံတမန်ဆက်ဆံရေးက အဖက်ဖက်ကနေ ပိုမိုကောင်းမွန်တဲ့ အခြေအနေဘက်ကို ဦးတည်နေတာကို သိရှိရတဲ့အတွက် ဝမ်းမြောက်မိပါတယ်။ နှစ်နိုင်ငံလုံးကလည်း သံတမန်အဆက်အသွယ် အမြဲမပြတ်ရှိနေတဲ့အတွက် နှစ်နိုင်ငံခေါင်းဆောင် အချင်းချင်း ချစ်ကြည်ရင်းနှီးမှုကြောင့် အိန္ဒိယ-မြန်မာ နှစ်နိုင်ငံအတွက် ကောင်းမွန်တဲ့ နည်းဗျူဟာ လမ်းညွှန်မှုတွေကို ရရှိလျက်ရှိပါတယ်” ဟု ဦးမိုးကျော်အောင်က ဆက်လက်ပြောကြားသည်။ ထို့ပြင် နှစ်နိုင်ငံ စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေး လုပ်ငန်းစဉ်များကလည်း အဆက်မပြတ် တိုးတက်နေသည်ဟု ၎င်းက ပြောကြားသည်။
အခမ်းအနားသို့ တက်ရောက်လာသည့် အိန္ဒိယနိုင်ငံတော် စီးပွားရေးနှင့် ကူးသန်းရောင်းဝယ်ရေးနှင့် စက်မှု ဝန်ကြီး Mr. Siri C R Chaudhry ကလည်း နှစ်နိုင်ငံအကြား သံတမန်ရေးရာအရ အရှိန်မြှင့်တင်ရန် လိုအပ်နေပြီဟု ပြောကြားသည်။
“ဒီနေ့ အခမ်းအနား ဟာဆိုရင်ဖြင့် နောက်နှစ် အစောဆုံးပိုင်းမှာ ကျင်းပပြုလုပ်မယ့် မြန်မာရင်းနှီးမြုပ်နှံမှု အစည်းအဝေးကြီးရဲ့ အစပျိုးအဖြစ်သာမက နောက်လမှာ အိန္ဒိယနိုင်ငံ သမ္မတကြီး မြန်မာနိုင်ငံသို့ လာရောက်မယ့်အချိန် ရန်ကုန်မြို့ မှာ ပြုလုပ်ကျင်းပမယ့် အိန္ဒိယစီးပွားရေးလုပ်ငန်းရှင်တွေနဲ့ တွေ့ဆုံပွဲအတွက်လည်း များစွာ အကျိုးသက်ရောက်မှု ရှိစေပါတယ်” ဟု ၎င်းက ပြောကြားသည်။
အခမ်းအနားတွင် အိန္ဒိယနှင့် မြန်မာနိုင်ငံ အစိုးရအဖွဲ့မှ ကိုယ်စားလှယ်များ၊ ရင်းနှီးမြုပ်နှံမှုဆိုင်ရာ အဖွဲ့အစည်းများနှင့် စီးပွားရေးလုပ်ငန်းရှင်များက နှစ်နိုင်ငံအကြား ကုန်သွယ်ရေးနှင့် ရင်းနှီးမြုပ်နှံမှု လုပ်ငန်းများ မြင့်တင်လာရေး၊ နှစ်နိုင်ငံကြား ရင်းနှီးလာစေရန်အတွက် ဝန်ဆောင်မှု လုပ်ငန်းများဖြစ်သော ကျန်းမာရေး စောင့်ရှောက်မှု၊ ခရီးသွားလာရေး၊ ယဉ်ကျေးမှု၊ စွမ်းအင် နှင့် စိုက်ပျိုးရေး ကဏ္ဍတိုးတက်လာစေရေးတို့နှင့် ပတ်သက်ပြီး ဆွေးနွေးခဲ့ကြသည်။