မြန်မာ့အားကစား ကမ္ဘာကို လွှမ်းစေဖို့

မြန်မာ့အားကစား လောကတွင် ဝူရှူးနှင့် အမျိုးသမီးဘောလုံးကဲ့သို့ နိုင်ငံတကာအတိုင်းအတာအထိ အောင်မြင်မှုများကို တုပြိုင်ရယူနိုင်စေရေးအတွက် အားကစားသမားများ ပိုမို မွေးထုတ်ပေးနိုင်ရန် ဘဏ္ဍာငွေ ထောက်ပံ့မှုနှင့် ကျွမ်းကျင်နည်းပြများ ထပ်မံ လိုအပ်လျက် ရှိသည်။

နာတလီ ဝေါင်း ရေးသားသည်။

ယခုလတွင် ဘရားဇီးနိုင်ငံ၊ ရီယိုဒီ ဂျနေရိုး၌ ကျင်းပတော့မည့် အိုလံပစ် အားကစားပွဲတော်နှင့် ၂၀၀၇ ခုနှစ်၊ သြဂုတ်လတွင် မလေးရှားနိုင်ငံက လက်ခံကျင်းပသွားမည့် အရှေ့တောင်အာရှ အားကစားပွဲများကြောင့် အားကစားလောက ဖွံ့ဖြိုးတိုးတက်ရေးမှာ မြန်မာနိုင်ငံရှိ ပြည်သူများစွာ၏ စိတ်ဝယ် အစဉ် စိုးမိုးလျက်ရှိသည်။ လက်ရွေးစင် အားကစားသမားများကို လေ့ကျင့်သင်ကြားပေးခြင်းမှာ အားကစားကဏ္ဍ ဖွံ့ဖြိုးတိုးတက်မှုအတွက် အသက်တမျှ အရေးပါလှသော်လည်း ထိုအတွက် အလုံအလောက် ဆောင်ရွက်ပြီးပြီလားဆိုသည်မှာ မေးခွန်းထုတ်စရာပင် ဖြစ်သည်။

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အစိုးရ၏ ဝန်ကြီးဌာနအရေအတွက် လေ ျှာ့ချရေး အစီအစဉ်ထဲတွင် တစ်စိတ်တစ်ဒေသအဖြစ် ပါဝင်လျက်ရှိသော ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကို ဖန်တီးရန်အတွက် အားကစားဝန်ကြီးဌာနအား ကျန်းမာရေးဝန်ကြီးဌာနနှင့် ယခုနှစ်အစောပိုင်းတွင် ပေါင်းစည်းပေးခဲ့သည်။

ထူးချွန်ထက်မြက်သည့် လူငယ်အားကစားသမားများ လေ့ကျင့်သင်ကြားပေးခြင်းကို အထောက်အကူပြုရန်အတွက် အားကစားဝန်ကြီးဌာနက ရန်ကုန်မြို့၊ တာမွေမြို့နယ်ရှိ ယခင်မြင်းပြိုင်ကွင်းဟောင်းဖြစ်သော ကျိုက္ကဆံကွင်းတွင် အားကစားနှင့် ကာယပညာသိပ္ပံအား ၁၉၉၅ ခုနှစ်၌ ဖွင့်လှစ်ပေးခဲ့သည်။ တရုတ်ရိုးရာ ကိုယ်ခံပညာတစ်မျိုးဖြစ်သော ဝူရှူးမှသည် ဘောလုံးနှင့် ရေကူးတို့အထိ အမျိုးမျိုးသော အားကစားနည်းများတွင် ပါဝင်လေ့ကျင့်နေကြသော လူငယ်အားကစားသမားများဖြင့် ကျယ်ပြန့်လှသော အဆောက်အဦးကြီးမှာ နံနက်ခင်းတိုင်း စည်ကား ပြည့်နှက်နေသည်။

ယခုအခါတွင် နိုင်ငံတစ်လွှား၌ ထိုသို့သော အားကစားသိပ္ပံလေးခု ရှိနေပြီဖြစ်သည်။ မန္တလေး၊ တောင်ကြီး၊ မော်လမြိုင်နှင့် ရန်ကုန်မြို့တို့တွင်ဖြစ်ပြီး ထူးချွန်ထက်မြက်သော လူငယ်ကစားသမား ၃,၀၀၀ ခန့်အား လေ့ကျင့်သင်ကြားပေးနေသည်။

အဆိုပါကျောင်းများတွင် တက်ရောက်ခွင့်ရရှိမည့် အလားအလာရှိသော လူငယ်အားကစားသမားများကို ရှာဖွေဖော်ထုတ်ရန်အတွက် ထူးချွန်ထက်မြက်သောသူများကို ရှာဖွေသည့် အစီအစဉ်တစ်ခုအား နှစ်စဉ် ဖေဖေါ်ဝါရီလတွင် စီစဉ်လေ့ရှိသည်။

ရန်ကုန်မြို့ အားကစားနှင့် ကာယပညာသိပ္ဗံတွင် ကျွမ်းဘား အားကစားသမားတစ်ဦး လေ့ကျင့်နေစဉ်။ ဓာတ်ပုံ-မာရိုဗာလီ

ရန်ကုန်မြို့ အားကစားနှင့် ကာယပညာသိပ္ဗံတွင် ကျွမ်းဘား အားကစားသမားတစ်ဦး လေ့ကျင့်နေစဉ်။ ဓာတ်ပုံ-မာရိုဗာလီ

ဤကျောင်းများ၌ လူငယ်များအား အသက် ၁၄ နှစ်အရွယ်တွင် စတင် လေ့ကျင့် သင်ကြားပေးပြီး အသက် ၁၇ နှစ်သို့ ရောက်ရှိသောအခါတွင် အထက်တန်းပညာရေးအား သင်ယူပြီးဆုံးမည်ဖြစ်သည်။ လေ့ကျင့် သင်ကြားပေးမှုများတွင် ပြေးခုန်ပစ်မှသည် ကိုယ်ခံပညာတို့အထိ အားကစားနည်းပေါင်း ၃၃ မျိုး ပါဝင်သည်။

ကျောင်းသားများအား ၎င်းတို့၏ သက်ဆိုင်ရာ အားကစားနည်းများတွင် ထူးချွန်ထက်မြက်လာစေရန်သာ ဇောင်းပေး ဆောင်ရွက်ခြင်းမဟုတ်ပဲ ပညာရေးတွင်ပါ ကောင်းမွန်စွာ တတ်မြောက်လာစေရန် သင်ကြားပေးနေသည်။

“ကျွန်တော်တို့က သူတို့ရဲ့ [ကျောင်းစာ] နဲ့ အားကစားအကြားမှာ ဟန်ချက်ညီစေဖို့အတွက်ကိုလည်း ကြိုးစားနေပါတယ်” ဟု မြန်မာနိုင်ငံ အိုလံပစ်ကော်မတီ၏ ပူးတွဲ အထွေထွေအတွင်းရေးမှူးဖြစ်သူ ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံ အိုလံပစ်ကော်မတီသည် တိုင်းဒေသကြီးနှင့် ပြည်နယ်တိုင်း၌ အားကစားနှင့် ကာယပညာသိပ္ပံတစ်ခု ဖွင့်လှစ်နိုင်ရန် ရည်မှန်းထားသည်။ ယမန်နှစ်တွင်မူ စစ်ကိုင်းတိုင်းဒေသကြီး၊ မုံရွာမြို့နှင့် ကယားပြည်နယ်၊ လွိုင်ကော်မြို့တို့တွင် ဖွင့်လှစ်သွားရန် စီစဉ်ထားသည်။

ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနကလည်း အထက်တန်းလွန်ပညာရေး အောင်မြင်သည့် ထူးချွန်ထက်မြက်သော လူငယ်အားကစားသမားများ မွေးထုတ်ရန်အတွက် နေပြည်တော်တွင် အားကစားတက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် စီစဉ်လျက်ရှိသည်။ ရန်ကုန်နှင့် မန္တလေးမြို့များတွင်လည်း အလားတူ တက္ကသိုလ်တစ်ခု ဖွင့်လှစ်ရန် မျှော်လင့်ထားသည်။

ဦးခင်မောင်လွင်၏ အဆိုအရ အားကစားသိပ္ပံများအား နိုင်ငံအနှံ့ ဖွင့်လှစ်နိုင်ခဲ့ပါက လူငယ်များအနေဖြင့် လေ့လာသင်ယူနိုင်ရန် ၎င်းတို့ မွေးဖွားရာ ဒေသအား စွန်ခွာရန်လိုအပ်တော့မည် မဟုတ်ပေ။

“တစ်ချို့ဒေသတွေမှာ အားကစားထူးချွန်တဲ့သူတွေ ရှိပေမယ့် အားကစားသိပ္ပံတစ်ခုခုကို သူတို့လာတက်လို့ မရကြပါဘူး။ သူတို့မိဘတွေက မသွားစေချင်ကြလို့ပါ” ဟု ၎င်းကဆိုသည်။

သို့သော် ၎င်းတို့အား မည်သူတို့က လေ့ကျင့်သင်ကြားပေးမည်နည်းဆိုသည်နှင့်  အရည်အချင်း ပြည့်ဝသော နည်းပြများ နည်းပါးခြင်းမှာလည်း ကြီးမားသော စိန်ခေါ်ချက်တစ်ရပ် ဖြစ်သည်ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

မြန်မာနိုင်ငံရှိ နည်းပြများ၏ အဆင့်အတန်းကို ကူညီမြှင့်တင်ရန်အတွက် ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနက နည်းပြများအား မွမ်းမံသင်တန်းများ ထပ်မံတက်ရောက်ရန် အာရှရှိ အခြားနိုင်ငံများသို့ စေလွှတ်ခဲ့ပြီးဖြစ်သည်။

အားကစားအောင်မြင်မှုတွင် လေးစားအားကျဖွယ်ကောင်းသော မှတ်တမ်းတစ်ခုကို ပိုင်ဆိုင်ထားသည့် တရုတ်နိုင်ငံကလည်း အားကစားနည်းအမျိုးမျိုးအတွက် မွမ်းမံသင်တန်းများ ပေးအပ်လျက်ရှိသည်။ ထူးထူးခြားခြား အချက်တစ်ချက်မှာ ၂၀၁၃ ခုနှစ် အရှေ့တောင်အာရှ အားကစားပွဲတော်အား မြန်မာနိုင်ငံက လက်ခံကျင်းပခဲ့ရာတွင် ရွှေငါးခု၊ ငွေငါးခုနှင့် ကြေးငါးခုဖြင့် ထိပ်ဆုံးက ဦးဆောင်ကာ အောင်မြင်မှုများရရှိခဲ့သည့် ဝူရှူးအားကစားနည်းလည်း ပါဝင်သည်။ စင်ကာပူနိုင်ငံတွင် ကျင်းပခဲ့သည့် အရှေ့တောင်အာရှ အားကစား ပွဲတော်တွင်လည်း မြန်မာနိုင်ငံက ခိုင်ခိုင်မာမာ စွမ်းဆောင်နိုင်ခဲ့သည်။ 

Maro Verli / Frontier

ထို့ပြင် တိုက်ကွမ်ဒိုသင်တန်းများ လေ့လာသင်ကြားရန်အတွက် နည်းပြများကို တောင်ကိုရီးယားနိုင်ငံသို့ စေလွှတ်ခဲ့ပြီး ဖြစ်သည်။

ဝူရှူးအားကစားနည်းတွင် မြန်မာနိုင်ငံက ရရှိထားသည့် အောင်မြင်မှုအတွက် အခြားသော အကြောင်းအရင်းလည်း ရှိနေသည်။ ၂၀၁၃ ခုနှစ် ဆီးဂိမ်း၏ ဆုရရှိမှုဇယားတွင် ဒုတိယနေရာနှင့် ယခင်နှစ် စင်ကာပူဆီးဂိမ်းတွင် တတိယနေရာတို့ကို ရရှိခဲ့သည့် ဂျူဒိုတို့တွင်လည်း အလားတူပင် ဖြစ်သည်။

ကိုယ်ခံပညာများမှာ မြန်မာပြည်သူများ၏ အသွေးအသားထဲတွင် စီးဝင် ရှင်သန်လျက်ရှိသည်။ မြန်မာ့ရိုးရာလက်ဝှေ့နှင့် ကိုယ်ခံပညာအားကစားနည်းများက ၎င်းအားကစားသမားများအား နိုင်ငံတကာ အဆင့်တစ်ဆင့်တွင် ထိပ်တန်းအောင်မြင်မှု ရယူနိုင်ရန် အထောက်အပံ့ ပြုခဲ့ပြီးဖြစ်သည်။

“တစ်ဦးချင်းစီ ယှဉ်ပြိုင်ရတဲ့ပွဲတွေက အသင်းနဲ့ ကစားရတဲ့ အားကစားနည်းတွေထက် အများကြီး လွယ်ကူပါတယ်” ဟု ဦးခင်မောင်လွင်က ဆိုသည်။

မြန်မာနိုင်ငံတွင် အားကစားအကြောင်းအား ဖော်ပြသောအခါတွင် လူအများစုက ဘောလုံးအကြောင်းကိုသာ တွေးတောလေ့ရှိကြသည်။ ဦးခင်မောင်လွင် ပြောကြားသကဲ့သို့ပင် ထိုအားကစားနည်းမှာ မြန်မာတို့၏ အမျိုးသား အားကစားနည်းတစ်ခု ဖြစ်နေသည်။

မြန်မာနိုင်ငံသည် ဘောလုံးနှင့် ပတ်သက်ပြီး လွန်ခဲ့သော နှစ် ၅၀ ခန့်က ရွှေရောင်လွှမ်းသော ကာလတစ်ခုကို ရယူ ခံစားခဲ့ဖူးသည်။ အမျိုးသား လက်ရွေးစင်ဘောလုံးအသင်းသည် ၁၉၆၅ ခုနှစ်နှင့် ၁၉၇၃ ခုနှစ်အကြားတွင် အဓိကကျသော အရှေ့တောင်အာရှ ချန်ပီယံပြိုင်ပွဲတိုင်း၌ ဆုများ ဆွတ်ခူးခဲ့သော အချိန်ကာလဖြစ်သည်။

မြန်မာ့ဘောလုံးပရိတ်သတ်များစွာကမူ အဓိကအားဖြင့် စစ်အုပ်ချုပ်ရေးစနစ်အောက်တွင် အားကစားအတွက် ငွေကြေးသုံးစွဲခြင်းအား လစ်လျူရှုခဲ့ခြင်းကြောင့် လွန်ခဲ့သော နှစ် ၄၀ အတွင်း စိတ်ပျက်ဖွယ်ရာ အချိန်ကာလများကို ဖြတ်သန်းပြီးနောက် နိုင်ငံလက်ရွေးစင်အသင်း၏ စွမ်းဆောင်ရည် တိုးတက်လာခြင်းအပေါ် ဝမ်းသာကြည်နူးလျက်ရှိကြသည်။

မြန်မာနိုင်ငံ ဘောလုံးအဖွဲ့ချုပ်၏ မီဒီယာဆက်ဆံရေးအရာရှိဖြစ်သူ ဦးအိုကိုချာက အခြေခံ အဆောက်အအုံနှင့် ဘဏ္ဍာရေးနောက်ခံ တောင့်တင်းမှုမရှိခြင်းက ဘောလုံးအားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဟန့်အတားများ ဖြစ်ခဲ့သည်ဟု ပြောသည်။

Maro Verli / Frontier

မြန်မာနိုင်ငံတွင် ပုဂ္ဂလိကပိုင် ဘောလုံးအကယ်ဒမီကျောင်း သုံးခုရှိနေပြီး ၎င်းတို့အားလုံးအား မြန်မာအမျိုးသားလိဂ်တွင် ပါဝင်နေသော ကလပ်ပိုင်ရှင်များ၏ ငွေကြေးအထောက်အပံ့ဖြင့် ဖွင့်လှစ်ထားခြင်းဖြစ်သည်။

မန္တလေးဘောလုံးအကယ်ဒမီနှင့် ပုသိမ်ဘောလုံးကလပ်တို့ကလည်း ထူးချွန်ထက်မြက်သော လူငယ်ဘောလုံးသမားများ ရှာဖွေရန်အတွက် ဘောလုံးအဖွဲ့ချုပ်အား နှစ်စဉ်ကူညီလေ့ရှိသည်။

ဘောလုံးအဖွဲ့ချုပ်ကလည်း ယခုနှစ်အကုန်ပိုင်းတွင် ရန်ကုန်ဘောလုံးအကယ်ဒမီအား ဖွင့်လှစ်ရန် စီစဉ်ထားသည်။

ဘောလုံးအားကစား တိုးတက်ရေးအတွက် လူသားအရင်းမြစ်များ ပိုမိုလိုအပ်နေသည်ဟူသော ပြောကြားမှုများကိုလည်း ဦးအိုကိုချာက လက်ခံခဲ့သည်။ မြန်မာနိုင်ငံရှိ အားကစား ဖွံ့ဖြိုးတိုးတက်မှုကို အထောက်အကူ ဖြစ်စေရန်အတွက် အားကစားသမားများနှင့် နည်းပြများအပြင် နည်းပညာရှင်များကို လိုအပ်သကဲ့သို့ ဈေးကွက်ချဲ့ထွင်ခြင်း၊ မီဒီယာနှင့် ရွက်ပုန်းသီး ထူးချွန်သူများအား စောင်ကြည့် ရှာဖွေမည့် ကျွမ်းကျင်သူများနှင့် အခြားသော ပရော်ဖက်ရှင်နယ်များကိုလည်း လိုအပ်လျက်ရှိသည်။

ဘောလုံးအဆင့်အတန်းအား ပိုမိုမြင့်မားသော အဆင့်တစ်ရပ်သို့ တွန်းတင်ရန် ကြိုးပမ်းမှု၏ တစ်စိတ်တစ်ဒေသအဖြစ် ဘောလုံးအဖွဲ့ချုပ်က ကျန်းမာရေးနှင့် အားကစားဝန်ကြီးဌာနနှင့်  ပူးပေါင်း ဆောင်ရွက်လျက်ရှိသည်။

တစ်ချိန်တည်းမှာပင် အာဆီယံဘောလုံးအဖွဲ့ချုပ် ချန်ပီယံပွဲများ မတိုင်မီတွင် ဘောလုံးပရိသတ်များအကြား စိတ်လှုပ်ရှားမှုများ မြင့်တက်လာလျက်ရှိသည်။ ဆူဇူကီးဖလားဟု လူသိများသော ဤပြိုင်ပွဲအား ယခုနှစ် အကုန်ပိုင်းတွင် မြန်မာနှင့် ဖိလစ်ပိုင်နိုင်ငံတို့က ပူးတွဲကျင်းပသွားမည် ဖြစ်သည်။ နိုင်ငံလက်ရွေးစင်အသင်း ဆုဖလားရရှိလာသည်ကို မြင်တွေ့လိုခြင်းမှာလည်း မြန်မာပရိတ်သတ်များ၏ နှစ်ရှည်လများ အိမ်မက်တစ်ခု ဖြစ်နေဆဲဖြစ်သည်။ သို့သော် ယနေ့အချိန်အထိ အကောင်းဆုံးသော မှတ်တမ်းတစ်ရပ်မှာ မလေးရှားနှင့် ဗီယက်နမ်တို့ ပူးတွဲကျင်းပပေးခဲ့သည့် ၂၀၀၄ ခုနှစ် ပြိုင်ပွဲတွင် စတုတ္ထနေရာ ရရှိခဲ့ခြင်းပင်ဖြစ်သည်။

အမျိုးသမီးလက်ရွေးစင် ဘောလုံးအသင်းမှာမူ ဇူလိုင်လနှောင်းပိုင်းတွင် မန္တလေးမြို့၌ ကျင်းပလျက်ရှိသော အာရှဘောလုံးအဖွဲ့ချုပ်၏ အမျိုးသမီးများ ဘောလုံးချန်ပီယံပြိုင်ပွဲတွင် ပိုမိုကောင်းမွန်သော အလားအလာများကို ပိုင်ဆိုင်ထားသည်။ အမျိုးသမီးအသင်းသည် ဤပြိုင်ပွဲ၏ ၂၀၀၄ ခုနှစ်နှင့် ၂၀၀၇ ခုနှစ် ဖလားများကို ဆွတ်ခူးနိုင်ခဲ့ပြီး၊ ၂၀၁၁၊ ၂၀၁၂ နှင့် ၂၀၁၅ ခုနှစ်များတွင် ဒုတိနေရာကို ဆွတ်ခူးခဲ့သည်။

သို့သော် အခြား အားကစားနည်းများအတွက်လည်း ဆန်းစစ်ကြည့်ရန် လိုအပ်နေသေးသည်။ နိုင်ငံများစွာတွင် လူကြိုက်များသော အားကစားနည်းတစ်ခုဖြစ်သည့် ဘတ်စကက်ဘောအား မြန်မာနိုင်ငံက လျစ်လျူရှူထားဟန် ရှိသည်။

ဘောလုံးအားကစားနည်း၏ ထင်ပေါ်ကျော်ကြားမှုအား ယှဉ်ပြိုင်ရန် မဖြစ်နိုင်ကြောင်း မြန်မာနိုင်ငံ ဘတ်စကက်ဘောအဖွဲ့ချုပ်၏ ဒုတိယဥက္ကဌဖြစ်သူ ဦးမောင်မောင်မြင့်က သိရှိထားပြီးဖြစ်ကာ ဘတ်စကက်ဘော အားကစားနည်းကို အားပေးမြှင့်တင်ရန် အာရုံစိုက် ကြိုးပမ်းနေသည်။

“အတိတ်ကာလက စီမံခန့်ခွဲမှု ညံ့ဖျင်းခဲ့တာတွေနဲ့ စနစ်ပိုင်းဆိုင်ရာ အားနည်းချက်တွေကြောင့် နယ်ပယ် အတော်များများမှာ ကျွန်တော်တို့တွေ နောက်ကောက်ကြခဲ့ရပါတယ်” ဟု ၎င်းကဆိုသည်။

ဘက်စကက်ဘော အားကစားနည်း ဖွံ့ဖြိုးတိုးတက်ရေးအတွက် အဓိကစိန်ခေါ်ချက်မှာ ငွေကြေးမရှိသလောက် နည်းပါးခြင်းပင်ဖြစ်သည်။ ဘတ်စကတ်ဘောအဖွဲ့ချုပ်သည် အစိုးရထံမှ ဘဏ္ဍာငွေ အထောက်အပံ့များကို ရရှိဖူးခြင်းမရှိသေးဘဲ ၎င်း၏ ကိုယ်ပိုင်ဘတ်ဂျက်အပေါ်တွင်သာ မှီခို ရပ်တည်လျက်ရှိသည်။ ဤအားကစားနည်းအပေါ်တွင် လူကြိုက်များမှု နည်းပါးခြင်းကြောင့် အဖွဲ့ချုပ်အနေဖြင့် ကူညီထောက်ပံ့မှုနှင့် စပွန်စာများ ရရှိအောင် ဆွဲဆောင်နိုင်ရန်အတွက် အခက်အခဲ ကြုံတွေ့ခဲ့ပြီးဖြစ်သည်။

လက်ရှိ အခြေအနေအရ လက်ရှိကစားသမားများအတွက် လုံလောက်သော လေ့ကျင့်သင်ကြားပေးမှုများပင် ဆောင်ရွက်နိုင်ခြင်းမရှိသေးပဲ ထူးချွန်ထက်မြက်သော လူငယ် ဘတ်စကက်ဘောသမားများကို ပြုစုပျိုးထောင်ပေးမည့် ရေရှည် နည်းပြသင်တန်း အစီအစဉ်များအတွက်မူ ရန်ပုံငွေ ပို၍ပင် နည်းပါးလျက်ရှိသည်။

“ဘတ်ဂျက်အခက်အခဲ ဖြစ်နေတာကြောင့် ကျွန်တော်တို့ အနည်းအပါးလောက်ပဲ လုပ်နိုင်ပါသေးတယ်” ဟု ဦးမောင်မောင်မြင့်က ဆိုသည်။ ဘတ်စကက်ဘော ကစားရန်အတွက် အလားအလာရှိသူများကို ရှာဖွေရန် မခက်သော်လည်း ဤအားကစားနည်းမှာ မြန်မာနိုင်ငံတွင် လူသိနည်းပါးသောကြောင့် လူငယ် ကစားသမားများအား ထိန်းထားရေးအတွက်မူ အခက်အခဲ ဖြစ်နေရသည်။

အစိုးရထံမှ ဘဏ္ဍာငွေ အထောက်အပံ့ လိုအပ်နေသော အားကစားနည်းမှာ ဘတ်စကက်ဘောတစ်ခုတည်းတော့ မဟုတ်ပေ။ မြန်မာနိုင်ငံ အိုလံပစ်ကော်မတီလက်အောက်တွင် အားကစားအဖွဲ့ချုပ် ၄၀ ကျော် ရှိသော်လည်း ၎င်းတို့အနေဖြင့် အစိုးရထံမှ တိကျသော ဘတ်ဂျက် ခွဲဝေမှုများ ရရှိခြင်း မရှိပေ။

စိန်ခေါ်မှုများစွာ ရှိနေသော်လည်း အားကစားကဏ္ဍမှာ ဖြေးဖြေးခြင်း ဖွံ့ဖြိုးတိုးတက်လာသည်။ ဘောလုံးအပြင် အခြားသော အားကစားနည်းများအပေါ်တွင်လည်း စိတ်ပါဝင်စားမှုများ မြင့်တင်လာပြီး လာမည့်နှစ်တွင် မလေးရှားနိုင်ငံ၌ ကျင်းပသွားမည့် အရှေ့တောင်အာရှ အားကစားပွဲတော်တွင် နိုင်ငံလက်ရွေးစင် အားကစားသမားများ၏ စွမ်းဆောင်မှုအပေါ် စိတ်ဝင်စားမှုများစွာ ရှိနေကြမည်။

“မြန်မာ့အားကစားလောကက တိုးတက်လာနေပြီဆိုတာကိုတော့ ကျွန်တော် ပြောနိုင်ပါတယ်” ဟု ဦးခင်မောင်လွင်က ပြောကြားသည်။

အောင်မင်း ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar