“မြန်မာ့ကျေးလက်ဒေသတွေမှာ ဈေးကွက်မဖော်ထုတ်ရသေးပါဘူး” အူရီဒူး အကြီးအကဲ

သောမတ်စ် ကင်း(န်) ရေးသားသည်။

အူရီဒူးမြန်မာ Ooredoo Myanmar ရဲ့ အမှုဆောင်အရာရှိချုပ် ရီနီ မီဇာ Rene Meza က သူ့ကုမ္ပဏီဟာ အမ်ပီတီ MPT နဲ့ တယ်လီနော Telenor တို့ကို အမီလိုက်ဖို့ ကြိုးပမ်းနေပြီး မြန်မာဈေးကွက်မှာ တိုးတက်ဖို့ အလားအလာများစွာ ရှိနေသေးတယ်လို့ ပြောကြားပါတယ်။

မေး။   ။ မြန်မာနိုင်ငံမှာ၂၀၁၄ ကတည်းက စတင်ခဲ့တာဆိုတော့ နှစ်နှစ်ရှိပြီပေါ့နော်။ မြန်မာနိုင်ငံဈေးကွက်ကို  ဝင်တော့ အူရီဒူးရင်ဆိုင်ရတဲ့ အကြီးမားဆုံးစိန်ခေါ်မှုက ဘာပါလဲခင်ဗျား။

ဖြေ။  ။စိန်ခေါ်မှု အများစုကတော့ ကျနော်တို့ ခရီးစဉ်ရဲ့အစမှာ ရှိခဲ့ပါတယ်။ အဲဒီအချိန်က ကျွန်တော်တို့ဟာ ကွန်ရက်တွေ ချိတ်ဆက်ခင်းကျင်းခဲ့ရတယ်။ လေဆာဖန်နန်းမျှင်တွေကို မြန်မာနိုင်ငံတစ်ဝန်း ချထားခဲ့ရတယ်။ ဒီကနေ့မှာတော့ ဒီလိုစိန်ခေါ်မှုတွေ မရှိတော့ပါဘူး။ နေရာပေါင်း ၄,၂၀၀ကျော်မှာ လူဦးရေရဲ့ ၈၀ ရာခိုင်နှုန်းလောက် သုံးနိုင်မယ့် သရီးဂျီ ကွန်ရက် 3G တစ်ခုကို ကျွန်တော်တို့ တည်ဆောက်ပြီးပါပြီ။

လေဆာဖန်နန်းမျှင်ကို ကီလိုမီတာ ၁၁,၅၀၀ အထိ ကျွန်တော်တို့ တည်ဆောက်ပြီးပြီ။ ပြီးတော့ မြန်မာနိုင်ငံမှာ ပထမဆုံး ဖိုးဂျီ ကွန်ရက် 4G ကို စတင်လိုက်ပြီ။ လောလောဆယ်တော့ လူ ၄ ဒသမ ၆ သန်းကျော်တော့ သုံးနိုင်ပါတယ်။ တိုးတက်မှုလည်း ရှိနေပါတယ်။ မြန်မာနိုင်ငံမှာ ကျွန်တော်တို့ရဲ့ စုစုပေါင်းရင်းနှီးမြှုပ်နှံမှုက အမေရိကန်ဒေါ်လာ နှစ်ဘီလျံကျော်နေပါပြီ။

မေး။  ။ အကြမ်းဖျင်း ကိန်းဂဏန်းတွေအရ တယ်လီနောဆင်းမ်ကတ် သုံးစွဲသူက အူရီဒူး သုံးစွဲသူထက် နှစ်ဆလောက် ပိုနေပြီး အမ်ပီတီကတော့ ပိုပြီးတော့တောင် များနေပါတယ်။ ဒီလိုအခြေအနေက အူရီဒူးရဲ့လုပ်ဆောင်မှုနဲ့ ပတ်သက်လို့ ဘာကို ဆိုလိုပါသလဲ။

ဖြေ။  ။ ကျွန်တော်တို့ရဲ့ လက်ရှိ စီးပွားရေးအရ ချဉ်းကပ်မှုက အစုလိုက်အပြုံလိုက်ဈေးကွက်ကို ရည်ရွယ်ပါတယ်။ဒါက အခြေခံဆက်သွယ်ရေး ဝန်ဆောင်မှုတွေ ရရှိဖို့လိုအပ်နေတဲ့ လူတိုင်းရှိနေတဲ့ ဈေးကွက်ပါ။ ဒါက ကျွန်တော်တို့ သွားနေတဲ့ လမ်းကြောင်းအစမှာတော့ မရှိခဲ့ပါဘူး။

လွန်ခဲ့တဲ့ ကိုးလလောက်အတွင်းက ကျွန်တော်တို့က မြန်မာနိုင်ငံမှာ အမြန်ဆုံး တိုးတက်နေတဲ့ မိုဘိုင်းအော်ပရေတာပါ။ လွန်ခဲ့တဲ့ ၁၂ လအတွင်းကနေ ၂၀၁၆ ဇွန်လအထိ အူရီဒူး သုံးစွဲသူဟာ နှစ်ဆအထိ တိုးလာပြီး ၈ ဒသမ၂ သန်းအထိ ရှိလာပါတယ်။ ကွန်ရက်တွေကို ကျွန်တော်တို့ အရှိန်အဟုန်နဲ့ ချဲ့ထွင်ထားပြီး အသံနဲ့ အင်တာနက်ဝန်ဆောင်မှုတွေကို တတ်နိုင်တဲ့ဈေးနှုန်းနဲ့ ဖြစ်အောင် လုပ်ထားပါတယ်။

မေး။  ။ ဈေးကွက်က မြန်မြန်ဆန်ဆန်နဲ့ ခိုင်မာအသားကျလာပါတယ်။ အခုဆိုရင် အစိုးရရဲ့အဆိုအရ ဆင်းမ်ကတ် အမှန်တကယ် သုံးနေသူအရေအတွက်က ၄၃ သန်းတောင် ကျော်နေပါပြီ။ ဒီတော့ ဈေးကွက်ကို ချဲ့ထွင်တာက တခြားအော်ပရေတာတွေဆီက ဝယ်ယူသုံးစွဲနေသူတွေကို ဆွဲဆောင်မယ်လို့ ဆိုလိုတာပေါ့။ အဲဒီအတွက် ဘယ်လိုမဟာဗျူဟာတွေကို သုံးမလဲ။

ဖြေ။  ။နှစ်ကတ်ထိုး ဟန်းဆက်တွေ သုံးစွဲမှုကြောင့် ဆင်းမ်ကတ်ထိုးဖောက်မှုက လောလောဆယ် ၈၅ ရာခိုင်နှုန်းလောက်တော့ ရှိပါတယ်။ ဒါပေမဲ့ မိုဘိုင်းဖုန်းကိုင်တဲ့လူကို ထိုးဖောက်မှုကတော့ ၅၀ ရာခိုင်နှုန်းလောက်သာ ရှိပါသေးတယ်။ ဒါကြောင့် ဒီလုပ်ငန်းမှာ တိုးတက်လာနိုင်ဖို့အတွက် နေရာတွေ ရှိပါသေးတယ်။ ကျွန်တော်တို့က 3G ကွန်ရက်ရော 4G ကွန်ရက်ပါ တိုးချဲ့နေပါတယ်။

မြန်မာနိုင်ငံရဲ့ကျေးလက်ဒေသတွေမှာ ဈေးကွက်မဖော်ရသေးပါဘူး။ နိုင်ငံရဲ့အဲဒီအပိုင်းကနေ အနာဂတ်မှာ တိုးတက်မှုတွေ ရှိလာလိမ့်မယ်လို့ ကျွန်တော်တို့ မျှော်လင့်ပါတယ်။ စမတ်ဖုန်း ထိုးဖောက်မှု မြင့်မားနေပါတယ်။ ဒါ့အပြင် 4G သုံးနိုင်မယ့် အီလက်ထရွန်းနစ်ပစ္စည်းတွေရောပေါ့။ နောက်ပြီး အင်တာနက်မြန်နှုန်းနဲ့ အဆင့်ပိုမြင့်တဲ့ ကွန်ရက်အရည်အသွေးကို ရှာနေသူတွေအတွက် ကျွန်တော်တို့ကို ရွေးချယ်တာ သဘာဝကျပါတယ်။

Ye Aung Thu / AFP

မေး။  ။ လာမယ့် ၁၂ လအတွင်းမှာ အူရီဒူးကို ဘယ်နေရာထိ ရောက်နေမယ်လို့ မျှော်လင့်ထားပါသလဲ။ အဲဒီနေရာကို ဘယ်လိုသွားမှာလဲ။

ဖြေ။  ။ ဒီဈေးကွက်အတွက် ကျွန်တော်တို့မှာ ကြီးမားတဲ့ ရည်မှန်းချက်တွေ ထားရှိပါတယ်။ ဒါက ကြီးထွားနေတဲ့ စီးပွားရေးနဲ့ ကြီးထွားနေတဲ့ လုပ်ငန်းပါ။ ကျွန်တော်တို့ အခြေခံအဆောက်အအုံမှာ၊ ကွန်ရက်တွေ ချဲ့ထွင်တာ၊ မြန်မာပြည်သူတွေအားလုံး အင်တာနက် အသုံးပြနိုင်အောင် လုပ်တာတွေမှာ ဆက်ပြီးရင်းနှီးမြုပ်နှံသွားမှာပါ။

Mobile money (မိုဘိုင်းဖုန်းအသုံးပြု အီလက်ထရွန်းနစ်ပိုက်ဆံအိတ် ဝန်ဆောင်မှု) စနစ်ဟာ မကြာခင်အချိန်အတွင်း မြန်မာနိုင်ငံမှာ အမှန်တကယ် ဖြစ်လာတော့မှာပါ။ ကျွန်တော်ဟာ ကင်ညာနဲ့ တန်ဇန်နီးယားတစ်ဝိုက် အရှေ့အာဖရိကမှာ နေဖို့အခွင့်အလမ်း ရခဲ့ပြီး အဲဒီနေရာတွေမှာ mobile money စနစ်က ပြည်သူတွေရဲ့ ဘဝတွေကို ပြောင်းလဲပစ်လိုက်သလို အဲဒီနိုင်ငံတွေရဲ့ စီးပွားရေးကိုလည်း အခြေခံကျကျ ပြောင်းလဲပစ်ခဲ့ပါတယ်။

မေး။  ။ လာမယ့် ၁၂ လအတွင်း ဆက်သွယ်ရေးဈေးကွက်မှာ ဘယ်လိုလမ်းကြောင်းတွေ မြင်ရမယ်လို့ မျှော်လင့်ထားပါသလဲ။ အောင်မြင်သူနဲ့ ရှုံးနိမ့်သူကို ဘယ်အရာတွေက ခွဲခြားပစ်မှာလဲ။

ဒီနှစ်ထဲမှာ စတုတ္ထမြောက် အော်ပရေတာတစ်ခု ဝင်ရောက်လိမ့်မယ်လို့ မျှော်လင့်ရပါတယ်။ သူက ဈေးကွက်ထဲကို ပုံစံသစ်တစ်ခုနဲ့ ဝင်ရောက်မှာပါ။ မြန်မာနိုင်ငံက ဖုန်း(ဆင်းကတ်) သုံးစွဲသူတွေက အရည်အသွေးမြင့် ထုတ်ကုန်တွေကို လိုလားပါတယ်။ ငွေကြေးပေးရသလောက်နဲ့ ထိုက်တန်တာကို လိုချင်ကြပါတယ်။ ဒါက ဈေးသက်သာတာကိုပဲ သဘောကျကြတဲ့ တခြားဈေးကွက်တွေနဲ့ မတူပါဘူး။

ဒီလိုထိုက်တန်အောင် လုပ်တာကတော့ ကျွန်တော်တို့ စွဲစွဲမြဲမြဲ ရပ်တည်နေတဲ့အရာပါ။ ကျွန်တော်တို့က ပိုမိုအဆင့်မြင့်တဲ့ ဝန်ဆောင်မှုအရည်အသွေး၊ ပိုမိုမြန်ဆန်တဲ့ အင်တာနက် ဝန်ဆောင်မှုပေးပြီး သုံးစွဲသူရဲ့အတွေ့အကြုံကို ထူးခြားစေပါတယ်။ ကျွန်တော်တို့ဟာ အမြန်ဆုံးအင်တာနက်၊ ငွေကြေးနဲ့ အလွန်ထိုက်တန်မှုတွေနဲ့အတူ အကောင်းဆုံး ကွန်ရက်အရည်အသွေးတွေ ပေးဆပ်သွားမှာပါ။

မေး။  ။ အစိုးရ အပြောင်းအလဲကြောင့် ဆက်သွယ်ရေးကဏ္ဍအပေါ် ဘယ်လို သက်ရောက်စေပါသလဲ။ ကြီးမားတဲ့ စည်းမျဉ်းဥပဒေ ပြောင်းလဲမှုတွေကို မြင်ရဖွယ် ရှိပါသလား။

ဖြေ။  ။ တိုးတက်မှုနဲ့အတူ အရေးကြီးတဲ့ လုပ်ငန်းကိစ္စတွေနဲ့ ပတ်သက်လို့ အစိုးရလှမ်းနေတဲ့ ခြေလှမ်းကို ကျွန်တော်တို့ အလွန်ပဲ နှစ်ထောင်းအားရ ဖြစ်မိပါတယ်။ ကျွန်တော်တို့ဟာ အစိုးရ၊ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေနဲ့ နီးနီးကပ်ကပ် ပူးပေါင်းဆောင်ရွက်နေပါတယ်။ လွန်ခဲ့တဲ့ သုံးလေးလအတွင်းမှာ တိုးတက်မှုတွေ အများကြီး ရရှိထားပါတယ်။ အစိုးရနဲ့ ကျွန်တော်တို့လုပ်ငန်းကြား တွေ့ဆုံဆွေးနွေးမှုတွေ မကြာခဏ လုပ်ဖြစ်ပါတယ်။ လုပ်ငန်းကို ထိခိုက်နိုင်တဲ့ မထင်မှတ်တဲ့အရာတွေ ဖြစ်လာမယ်လို့ မမျှော်လင့်ပါဘူး။

မေး။  ။ မကြာသေးခင်က မိုဘိုင်းဖုန်း သုံးစွဲသူတွေဟာ သူတို့သုံးတဲ့ ဆင်းမ်ကတ်အတွက် ၂၀၁၇ မတ်လမှာ မှတ်ပုံတင်ရမယ်လို့ အစိုးရက ကြေညာခဲ့ပါတယ်။ ဒီအမိန့်အတွက် အူရီဒူးက ဘယ်လို တုံ့ပြန်ဆောင်ရွက်နေပါသလဲ။

ဖြေ။  ။ ကျွန်တော်တို့ ဆင်းမ်ကတ်တွေကို အခုပဲ မှတ်ပုံတင်ပေးနေပါပြီ။ ကျွန်တော်တို့ရဲ့နည်းပညာနဲ့ လုပ်ငန်းစဉ်တွေက စနစ်တကျနဲ့ ဆောင်ရွက်နေပါပြီ။ ဆင်းမ်ကတ်မှတ်ပုံတင်ရင် ဝယ်ယူသုံးစွဲသူတွေ၊ မိုဘိုင်းအော်ပရေတာတွေနဲ့ သက်ဆိုင်ရာ အုပ်ချုပ်ရေးအဖွဲ့တွေ ပူးပေါင်းဆောင်ရွက်ဖို့ လိုပါတယ်။ ဆင်းမ်ကတ်မှတ်ပုံတင်တာနဲ့ပတ်သက်လို့ သုံးစွဲသူတွေကို ကျွန်တော်တို့ဆက်ပြီး ပညာပေးရပါမယ်။ သုံးစွဲသူတွေဘက်ကလည်း ဥပဒေကို လိုက်နာဖို့ နိုင်ငံတဝန်း မှတ်ပုံတင်တဲ့နေရာကို သွားဖို့လိုပါတယ်။

အောင်ကျော်ဦး ဘာသာပြန်သည်။

ဤတွေ့ဆုံမေးမြန်းမှုကို ၂၀၁၆ သြဂုတ် ၂၅ ရက်ထုတ် Frontier ၏ Digital Myanmar special edition တွင် ကနဦး ဖော်ပြခဲ့ခြင်းဖြစ်ပါသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.