မြန်မာအိမ်အကူအား နှိပ်စက်မှုဖြင့် စင်ကာပူအလှပြင်ဆိုင် မန်နေဂျာ ထောင်ကျ

အေအက်ဖ်ပီ

မြန်မာအိမ်အကူတစ်ဦးကို ရေနွေးပူနဲ့ မိမိကိုယ်မိမိ အတင်းလောင်းစေတာ၊ ဆံပင်တွေ ဆွဲဆောင့်တာနဲ့ ရိုက်နှက်မှုတွေလို နှိပ်စက်မှုတွေ ကျူးလွန်ခဲ့တဲ့ စင်ကာပူအမျိုးသမီးတစ်ဦးကို ဖေဖော်ဝါရီ ၁၁ ရက်နေ့မှာ တရားရုံးက ထောင် ၃ နှစ် ချမှတ်လိုက်ပါတယ်။

စင်ကာပူနိုင်ငံမှာ အိမ်အကူ ၂၅၀,၀၀၀ ခန့်ရှိပြီး အများစုဟာ အင်ဒိုနီးရှား၊ ဖိလစ်ပိုင်နဲ့ မြန်မာနိုင်ငံတို့က ဖြစ်ကြပါတယ်။ သူတို့ဟာ လစာကောင်းကောင်းရရှိဖို့အတွက် ချမ်းသာကြွယ်ဝတဲ့ စင်ကာပူကို ရောက်ရှိလာကြတာပါ။

အသက် ၃၉ နှစ်ရှိပြီဖြစ်တဲ့ အလှပြင်ဆိုင်မန်နေဂျာ Linda Seah ဟာ မဖြူဖြူမာကို ၂၀၁၆ ခုနှစ်အတွင်းက နှိပ်စက်ခဲ့မှုမှာ အပြစ်ရှိတယ်လို့ တရားရုံးက ပြီးခဲ့တဲ့လမှာ တွေ့ရှိခဲ့ပါတယ်။

နှိပ်စက်မှုတွေနဲ့ ပတ်သက်ပြီး Linda Seah အပေါ် စွဲချက်ခြောက်ခုနဲ့ အသေးစိတ်ဖော်ပြထားပါတယ်။ အဲဒီထဲမှာ “ကိုယ်ကိုကိုယ် နာကျင်စေဖို့အတွက်” ရေနွေးပူတွေကို အိမ်အကူရဲ့ ဘယ်ဘက်ပုခုံးပေါ်ကနေ အတင်းလောင်းချစေခဲ့တဲ့ ဖြစ်စဉ်နှစ်ခုလည်း ပါဝင်ပါတယ်။ ဒီလိုလောင်းချခဲ့တဲ့အတွက် အိမ်အကူဖြစ်သူရဲ့ အရေပြားပေါ်မှာ အပူလောင်ဒဏ်ရာနဲ့ အရည်ကြည်ဖုတွေ ဖြစ်ပေါ်ခဲ့ရပါတယ်။

ဒါ့အပြင် “ကြမ်းခင်း ဆေးကြောရည်တွေနဲ့ ရောနှောထားတဲ့ရေ” ကို သောက်ဖို့ Seah က အတင်းခိုင်းစေခဲ့တယ်လို့ စွဲချက်တွေမှာ ဖော်ပြထားပါတယ်။

တစ်ကြိမ်မှာတော့ သူက အိမ်အကူရဲ့ ဆံပင်တွေကို ဆံပင်အတော်များများ ကျွတ်ကုန်တဲ့အထိ ဆွဲဆောင့်ခဲ့တယ်လို့ ဆိုပါတယ်။ ဒီအပြင် ခေါင်းကိုလည်း မိုဘိုင်းဖုန်းနဲ့ ထပ်တလဲလဲ ရိုက်နှက်ခဲ့ပါတယ်။

အိမ်အကူဖြစ်သူဟာ အိမ်အလုပ်တွေ လုပ်ကိုင်တာနှေးတဲ့အတွက် အသက် ၃၉ နှစ်ရှိ Seah က အမြင်မကြည်လင်ခဲ့ဘူးလို့ တရားရုံးမှာ ထွက်ဆိုခဲ့ပါတယ်။

ဒါပေမယ့် “ခံစားခဲ့ရသူရဲ့ အလုပ်မှုအပေါ် ကျေနပ်မှုမရှိခြင်းကြောင့် ၎င်းအပေါ် အကြမ်းဖက်ခြင်းခြင်းက မျှတသည်ဟု အကြောင်းပြ၍မရနိုင်” ဟု ထောင်ဒဏ်ချမှတ်စဉ်မှာ ခရိုင်တရားသူကြီး Olivia Low က ပြောပါတယ်။

နှိပ်စက်ခံရသူဟာ “စိတ်ပိုင်းဆိုင်ရာ ထိခိုက်မှု” ခံစားခဲ့ရပြီး ပုခုံးပေါ်မှာလည်း အမာရွတ်တွေ ကျန်နေခဲ့တယ်လို့ တရားသူကြီးက ပြောပါတယ်။

Seah ကို ထောင်ဒဏ်အပြင် ဒဏ်ငွေ စင်ကာပူဒေါ်လာ ၉,၀၀၀ (အမေရိကန်ဒေါ်လာ ၆,၆၀၀) ကိုလည်း ချမှတ်ခဲ့ပါတယ်။

အဲဒီအမျိုးသမီးရဲ့ခင်ပွန်းဖြစ်သူ အသက် ၄၄ နှစ်အရွယ် Lim Toon Leng ကတော့ အိမ်အကူဖြစ်သူရဲ့ နှဖူးကို လက်သီးနဲ့ထိုးမှုနဲ့ ထောင်ဒဏ် ရက်သတ္တပတ်ခြောက်ပတ် ကျခံခဲ့ရပါတယ်။

Seah စီမံကွပ်ကဲနေတဲ့ အလှပြင်ဆိုင်ကို သူနဲ့အတူ အိမ်အကူပါ လိုက်ပါလာခဲ့စဉ်မှာ ဆိုင်ဝန်ထမ်းတစ်ဦးက သတိပြုမိပြီး ရဲကို သတင်းပေးခဲ့တဲ့အတွက် နှိပ်စက်မှု ပေါ်ထွက်လာတာဖြစ်ပါတယ်။

စည်းမျဉ်းစည်းကမ်းတွေ တင်းကြပ်တဲ့စင်ကာပူမှာ အာရှရဲ့ အခြားဒေသတွေမှာလို အိမ်အကူတွေကို နှိပ်စက်မှု ဖြစ်လေ့မရှိပေမယ့် အချို့အမှုတွေကတော့ ခေါင်းစီးပိုင်းသတင်းတွေ ဖြစ်လာပါတယ်။

၂၀၁၇ ခုနှစ်ကလည်း ဖိလစ်ပိုင် အိမ်အကူတစ်ဦးကို ၆၄ ပေါင်ပဲ ကျန်ရှိတော့တဲ့အထိ အစာငတ်ခံထားခဲ့တဲ့ စင်ကာပူစုံတွဲတစ်ဦးကို ထောင်ချခဲ့ပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar