အေအက်ဖ်ပီ
မြန်မာနိုင်ငံနှင့် ပတ်သက်သည့်အစည်းအဝေးတစ်ခုအား အမေရိကန်ပြည်ထောင်စု၊ ပြင်သစ်၊ ဗြိတိန်နှင့် အခြား ၆ နိုင်ငံက ခေါ်ယူလိုက်ပြီး တရုတ်နိုင်ငံ၏ ကန့်ကွက်မှုကို ရင်ဆိုင်ရဖွယ်ရှိသည်ဟု သံတမန်များက ဖေဖော်ဝါရီ ၂၀ ရက်နေ့တွင် ပြောကြားသည်။
လာမည့်ရက်သတ္တပတ်တွင် ကျင်းပရန် တောင်းဆိုထားသည့်အစည်းအဝေးတွင် ကုလသမဂ္ဂအထူးကိုယ်စားလှယ် Christine Schraner Burgener ၏ အစီရင်ခံစာအား ကြားနာလိမ့်မည်ဖြစ်သည်။ ၎င်းသည် ရိုဟင်ဂျုာဒုက္ခသည်များ ခံစားနေရမှုများအား ဆွေးနွေးရန်အတွက် ပြီးခဲ့သည့်လက မြန်မာနိုင်ငံသို့ ၁၂ ရက်ကြာ သွားရောက်ခဲ့သည်။
၂၀၁၇ ခုနှစ်က စစ်တပ်၏ စစ်ဆင်ရေးများအတွင်း မြန်မာနိုင်ငံ၊ ရခိုင်ပြည်နယ်မှ မောင်းထုတ်ခံခဲ့ကြရသော မူဆလင်ရိုဟင်ဂျာ ၇၄၀,၀၀၀ ခန့်မှာ ဘင်္ဂလားဒေရှ့်ရှိ စခန်းများတွင်နေထိုင်နေကြသည်။ ထိုစစ်ဆင်ရေးများကို လူမျိုးစုအလိုက်ရှင်းလင်းမှုဟု ကုလသမဂ္ဂက ပြောကြားခဲ့သည်။
ဘင်္ဂလားဒေရှ့်နှင့် ရရှိထားသည့် သဘောတူညီမှုအရ ဒုက္ခသည်အချို့ကို ပြန်လည်ခေါ်ယူရန် မြန်မာနိုင်ငံက သဘောတူညီခဲ့သည်။ သို့သော် ရိုဟင်ဂျာများအတွက် လုံခြုံမှုရှိရေးမှာ ၎င်းတို့ ပြန်ရေးအတွက် အခြေအနေတစ်ခုဖြစ်ရန်လိုအပ်သည်ဟု ကုလသမဂ္ဂက ပြောကြားသည်။
ရိုဟင်ဂျာအကြပ်အတည်းနှင့် ပတ်သက်ပြီး မြန်မာနိုင်ငံ၏ ကြိုးပမ်းမှုများမှာ “အလွန်နှေးကွေးသည်” ဟု ကုလအထွေထွေအတွင်းရေးမှူးချုပ် Antonio Guterres က ဖေန်ခဲ့သည်။ တိုးတက်မှုမရှိခြင်းက “အကြီးအကျယ်စိတ်ပျက်ဖွယ်”ဖြစ်စေမှု၏ အရင်းအမြစ်ဖြစ်သည်ဟုလည်း ဆိုသည်။
ဆွစ်ဇာလန်သံတမန်တစ်ဦးဖြစ်သူ Schraner Burgener သည် ပြီးခဲ့သည့်နှစ် ဧပြီလတွင် ထိုရာထူး၌ ခန့်အပ်ခံရပြီးကတည်းက မြန်မာနိုင်ငံသို့ လေးကြိမ်သွားရောက်ခဲ့ပြီးဖြစ်သည်။ သို့သော် အကြိမ်တိုင်းတွင် လက်ဗလာဖြင့်သာ ပြန်လာခဲ့ရပုံပေါ်နေသည်။
မြန်မာနိုင်ငံအပေါ် အာရုံစိုက်လာရေးအတွက် ကောင်စီအား တွန်းအားပေးရန်အတွက် ဗီတိုအာဏာပေးအပ်ခွင့်ရှိသူ ၃ ဦးနှင့်အတူ ဘယ်လ်ဂျီယန်၊ ဂျာမနီ၊ ပိုလန်၊ ကူဝိတ်၊ ပီရူးနှင့် ဒိုမီနီကန်နိုင်ငံတို့လည်း ပူးပေါင်းခဲ့ကြသည်။
တရုတ်အနေဖြင့် ကန့်ကွက်ဖွယ်ရှိသည်ဟု သံတမန်များက ပြောကြားကြသော်လည်း အစည်းအဝေးအား လုပ်ရိုးလုပ်စဉ် မဲပေးမှုဖြင့် တားဆီးရန် လုပ်ဆောင်ဖွယ်ရှိမရှိကိုမူ သဲသဲကွဲကွဲမသိရသေးပေ။
အစည်းအဝေးကျင်းပရန်အတွက် အဖွဲ့ဝင် ၁၅ ဦးပါကောင်စီတွင် ၉ မဲလိုအပ်ပြီး ဗီတိုအာဏာအား အသုံးမပြုနိုင်ပေ။
အေအက်ဖ်ပီ၏ မေးမြန်းမှုကို ကုလသမဂ္ဂရှိ တရုတ်ကိုယ်စားလှယ်အဖွဲ့က တုန့်ပြန်ခဲ့ခြင်းမရှိပေ။
ပြီးခဲ့သည့် အောက်တိုဘာလက မြန်မာနိုင်ငံဆိုင်ရာ ကုလသမဂ္ဂအချက်အလက်ရှာဖွေရေး မစ်ရှင်အဖွဲ့ခေါင်းဆောင်၏ အစီရင်ခံအား ကောင်စီတွင် တားဆီးရေးအတွက် တရုတ်နိုင်ငံ၏ ကြိုးပမ်းမှုမှာ ထောက်ခံမှုလုံလုံလောက်လောက်မရရှိဘဲ ရှုံးနိမ့်ခဲ့သည်။
မြန်မာစစ်တပ်နှင့် နီးကပ်သည့် ဆက်သွယ်မှုရှိသည့် တရုတ်နိုင်ငံက ရခိုင်ပြည်နယ်အကြပ်အတည်းမှာ ဆင်းရဲမွဲတေမှုနှင့် ဆက်စပ်နေသည်ဟု စောဒကတက်ထားပြီး အာဏာပိုင်များအား ဖိအားပေးရန် ဆောင်ရွက်မှုအားလုံးကို ကန့်ကွက်ထားသည်။
ရခိုင်ပြည်နယ်တွင် အမှားအယွင်းများ ပြုလုပ်ခဲ့ခြင်းမရှိဟု မြန်မာစစ်တပ်က ငြင်းဆိုထားပြီး စစ်ဆင်ရေးများမှာ ရဲစခန်းများတိုက်ခိုက်ခံရပြီးနောက် ရိုဟင်ဂျာသောင်းကျန်းသူများကို အမြစ်ဖြတ်ရန်သာဖြစ်သည်ဟု ပြောကြားထားသည်။