အေအက်ဖ်ပီ
အွန်လိုင်းမှတစ်ဆင့် လိင်ဝန်ဆောင်မှု လုပ်ကိုင်နေသည်ဟူသည့် အမေရိကန်တစ်ဦးကို မြန်မာနိုင်ငံနှင့် ဆက်စပ်နေသည့် ထိုင်းနိုင်ငံမြောက်ပိုင်းဒေသတွင် ဖမ်းဆီးလိုက်ကြောင်းဟု ထိုင်းရဲတပ်ဖွဲ့က ပြောကြားသည်။
အငြိမ်းစားများအတွက် ထုတ်ပေးသည့် ပြည်ဝင်ခွင့်ဗီဇာဖြင့် ချင်းရိုင်ခရိုင်တွင် နေထိုင်နေသော အသက် ၆၆ နှစ်အရွယ် Kenneth Viggo Albertsen ကို ဖမ်းဆီးလိုက်ခြင်းဖြစ်သည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။ ဘတ် ၆,၅၀၀ (အမေရိကန်ဒေါ်လာ ၂၀၀) ပေးကာ မြန်မာအမျိုးသမီးများနှင့် လိင်ဆက်ဆံနိုင်ရန် စီစဉ်ပေးသည့် “Burmese Border Chicks for Hire” ဟု အမည်ပေးထားသော ဝက်ဘ်ဆိုက်နှင့် Facebook စာမျက်နှာ၏ နောက်ကွယ်တွင် ၎င်းက လှုပ်ရှားနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
နယ်စပ်ရှိ ထိုင်းနိုင်ငံဘက်ခြမ်းမှ မယ်ဆိုင်တွင် ဖောက်သည်များနှင့် တွေ့ဆုံရန် မြန်မာအမျိုးသမီးများကို အဆိုပါလုပ်ငန်းက ခေါ်ဆောင်ပေးသလို မြန်မာနိုင်ငံအတွင်းသို့ လိင်ကိစ္စအတွက် သွားရောက်ရန် လမ်းညွှန်အမျိုးသားများကိုလည်း စီစဉ်ပေးနေသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
“သူလုပ်ကိုင်နေတာ အနည်းဆုံး ၁၀ နှစ်လောက် ရှိနေပါပြီ” ဟု ထိုင်းနိုင်ငံမှုခင်းနှိမ်နင်းရေးရဲတပ်ဖွဲ့မှ ဒုအုပ်ချုပ်ရေးမှူး ရဲမှူး Jirabhob Bhuridej က အေအက်ဖ်ပီကို ပြောသည်။
အသွင်ယူထားသည့် ရဲအရာရှိများနှင့် မယ်ဆိုင်ရှိ ဟိုတယ်တစ်ခု၌ တွေ့ဆုံရန်အတွက် အသက် ၂၅ နှင့် ၂၀ နှစ်ရှိ မြန်မာအမျိုးသမီးနှစ်ဦးအား ထိုင်းနိုင်ငံသို့ လာရောက်ရန် ချိန်းဆိုပြီးနောက် Albertsen အား ရဲများက ဖမ်းဆီးခဲ့ခြင်းဖြစ်သည်။
၎င်းနှင့်အတူ ထိုအမျိုးသမီးနှစ်ဦးအပြင် တွေ့ဆုံမှုအတွက် စီစဉ်ပေးခဲ့သည်ဟူသည့် မြန်မာအမျိုးသမီးတစ်ဦးကိုလည်း ဖမ်းဆီးခဲ့ပြီး ထောင်ဒဏ် ၁၀ နှစ်အထိ ချမှတ်နိုင်သည့် ပြည့်တန်ဆာမှုဖြင့် စွဲချက်တင်ထားသည်။
လိင်ခရီးသွားလုပ်ငန်းဖြင့် နာမည်ကျော်နေမှုအား ချေဖျက်ရန်အတွက် ထိုင်းနိုင်ငံ ကြိုးစားနေစဉ်မှာပင် ယခုဖမ်းဆီးမှု ပေါ်ပေါက်လာခြင်းဖြစ်သည်။
ဥပဒေအရ ပြည့်တန်ဆာလုပ်ငန်းမှာ တရားမဝင်သော်လည်း မြို့တော်ဘန်ကောက်တွင် အနှိပ်ခန်းများနှင့် အခြားမြို့များတွင် လိင်ခန်းများကို ပေါ်ပေါ်ထင်ထင်ပင် ဖွင့်လှစ်လုပ်ကိုင်နေကြသည်။
ဝင်ငွေကောင်းသည့် အဆိုပါလုပ်ငန်းများမှာ အကျင့်ဖျက်ခြစားသည့် အာဏာပိုင်များထံမှ အကာအကွယ်ရရှိနေကြသည်။
အင်တာနက် လူမှုကွန်ယက် ဖွံ့ဖြိုးတိုးတက်လာမှုကြောင့်လည်း အဆိုပါလုပ်ငန်းအများစုမှာ အွန်လိုင်းပေါ်သို့ ရွှေ့ပြောင်းသွားကြပြီး အမျိုးသမီးများ ရှာဖွေခြင်းနှင့် လိင်လုပ်ငန်းအတွက် စီစဉ်မှုများကို အေးဂျင့်များက နောက်ကွယ်မှ ဆောင်ရွက်လာကြသည်။
ထိုင်းနိုင်ငံရှိ လိင်ကုန်ကူးမှုများတွင် မြန်မာအမျိုးသမီးများ ကျွေးကျွန်ဖြစ်နေသည်မှာ ကြာမြင့်နေပြီဖြစ်ပြီး ဆင်းရဲသည့် မြန်မာနိုင်ငံမှာလည်း လိင်ခရီးသွားလုပ်ငန်းအတွက် နေရာတစ်ခုဖြစ်လာမည်ကို လူ့အခွင့်အရေးအဖွဲ့များက စိုးရိမ်နေကြသည်။