မြန်မာသင်္ဘောသားများ၏ အခွင့်အရေးများကို ပိုမို ကာကွယ်ပေးနိုင်တော့မည်

ပင်လယ်ရေကြောင်းအလုပ်သမားဆိုင်ရာ သဘောတူညီချက် ၂၀၁၆ (Maritime Labor Convention of 2016) ကို မြန်မာနိုင်ငံက ပြီးခဲ့သည့် သီတင်းပတ်တွင် လက်မှတ်ရေးထိုးလိုက်သည့်အတွက် မြန်မာသင်္ဘောသားများ၏ အခွင့်အရေးကို ပိုမိုကာကွယ်ပေးနိုင်တော့မည်ဟု နိုင်ငံတကာ အလုပ်သမားအဖွဲ့(အိုင်အယ်လ်လို) ကပြောကြားသည်။

မြန်မာနိုင်ငံခြားရေးဝန်ကြီးဌာန ပြည်ထောင်စုဝန်ကြီး ဒေါ်အောင်ဆန်းစုကြည် လက်မှတ်ရေးထိုးထားသည့် စာရွက်စာတမ်းများကို မေ ၂၅ ရက်နေ့တွင် ဂျီနီဗာရှိ အိုင်အယ်လ်အိုရုံးသို့ တရားဝင် တင်သွင်းခဲ့ပြီးနောက် မြန်မာနိုင်ငံသည် အဆိုပါ ကွန်ဗင်းရှင်းကို အတည်ပြု လက်မှတ်ရေးထိုးသည့် ၇၅ နိုင်ငံမြောက် အဖွဲ့ဝင် ဖြစ်လာသည်။

၂၀၁၇ ခုနှစ်၊ မေ ၂၆ ရက်တွင် မြန်မာနိုင်ငံအတွက် အသက်ဝင်မည့် ထိုကွန်ဗင်းရှင်းက မိမိနိုင်ငံအလံ လွှင့်ထူလျက် သွားလာနေသည့်  သင်္ဘောများတွင် အလုပ်လုပ်ကိုင်နေသည့် သင်္ဘောသားများ၏ အခွင့်အရေးကို အကာအကွယ်ပေးနိုင်မည်ဖြစ်သည်။ ထို့အပြင် ၎င်း၏ ဆိပ်ကမ်းများတွင် ရပ်တန့်နေသော သင်္ဘောများအပေါ် ချမှတ်ထားသော စံချိန်စံညွှန်းများများနှင့် ပတ်သက်၍ ပိုမိုသေချာမှုကို ပေးနိုင်တော့မည်ဟု အိုင်အယ်လ်အို၏ ကြေညာချက်တစ်ခုတွင် ဖော်ပြထားသည်။

ထို့အပြင် အရှေ့တောင်အာရှတွင် ပင်လယ်ရေကြောင်း ပို့ဆောင်ရေးလုပ်ငန်းအတွက် တစ်သားတည်းဖြစ်သည့် လုပ်ငန်းဆောင်ရွက်မှု ပတ်ဝန်းကျင်တစ်ခုကို ဖော်ဆောင်နိုင်မည်ဟု ထိုကြေညာချက်ကဆိုသည်။ ထိုသဘောတူညီချက်ကို မြန်မာနိုင်ငံက အတည်ပြု လက်မှတ်ရေးထိုးလိုက်သည့်အတွက် ကျေနပ်အားရကြောင်း နိုင်ငံတကာကုန်သွယ်ရေကြောင်း အဖွဲ့ချုပ် (International Chamber of Shipping) နှင့် နိုင်ငံတကာ သယ်ယူပို့ဆောင်ရေး လုပ်သားများအဖွဲ့ချုပ် (International Transport Workers Federation) တို့က ပြောကြားခဲ့သည်ဟု အိုင်အယ်လ်အိုက ဆိုသည်။

မြန်မာနိုင်ငံသည် အိုင်အယ်လ်အို၏ အခြေခံကျသည့် ကွန်ဗင်းရှင်း ရှစ်ခုအနက် ယခုအချိန်အထိ သုံးခုကို လက်မှတ်ရေးထိုးထားသည်ဟု အိုင်အယ်လ်အိုက ပြောသည်။ မြန်မာနိုင်ငံသည် အဓမ္မလုပ်အားစေခိုင်းမှု (Forced Labor)၊ အသင်းအဖွဲ့များ လွတ်လပ်စွာဖွဲ့စည်းခွင့်နှင့် စည်းရုံးခွင့် (Freedom of Association and the Right to Organize) နှင့် ကလေးလုပ်သားခိုင်းစေမှု အဆိုးဝါးဆုံးပုံစံများဆိုင်ရာ ကွန်ဗင်ရှင်းများကို ၂၀၁၃ ခုနှစ်က အတည်ပြုခဲ့သည်။

ပင်လယ်ရေကြောင်းကွန်ဗင်ရှင်းသည် အရည်အသွေးရှိ ပို့ဆောင်ရေးအတွက် နိုင်ငံတကာ ထိန်းသိမ်းရေးစနစ်တစ်ခု၏ စတုတ္ထမဏ္ဍိုင်ဖြစ်သည်။ ထိုကွန်ဗင်ရှင်းကို အိုင်အယ်လ်အိုအဖွဲ့ဝင်နိုင်ငံ ၃၀ က အတည်ပြုခဲ့သည့် ၂၀၁၃ ခုနှစ်တွင် အသက်ဝင်ခဲ့ကာ ကမ္ဘာ့ ပင်လယ်ရေကြောင်း ပို့ဆောင်မှု၏ ၉၀ ရာခိုင်နှုန်းကျော်အား ယခုသဘောတူညီချက်က လွှမ်းခြုံထားမိပြီဖြစ်သည်။

အိုင်အယ်လ်အို ညွှန်ကြားရေးမှူးချုပ်  မစ္စတာဂိုင်းရိုက်ဒါက မြန်မာနိုင်ငံသည် ပင်လယ်ရေကြောင်းလုပ်ငန်းအတွက် လုပ်သားဖြည့်ဆည်းပေးသည့် အရေးကြီးသည့်နိုင်ငံဖြစ်သည်ဟု ပြောကြားသည်။ မြန်မာက ယခုကွန်ဗင်ရှင်းကို လက်မှတ်ရေးထိုးခြင်းသည် မြန်မာ၏ဒီမိုကရေစီ အသွင်ကူးပြောင်းရေးလုပ်ငန်းစဉ်ကို အတူလိုက်ပါခဲ့သည့် အိုင်အယ်လ်အိုအတွက် သမိုင်းဝင် အရေးပါမှုကြီး တစ်ခုဖြစ်သည်ဟု ရိုက်ဒါက ဆိုသည်။

သတင်း- FRONTIER

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.