ပြီးခဲ့သည့်လက လူဒါဇင်ပေါင်းများစွာကို သေဆုံးစေခဲ့သည့် ရေယာဉ်နစ်မြုပ်မှုအတွက် အဆိုပါရေယာဉ်မောင်းသူအား ထောင်ဒဏ်နှစ်ရှည် ချမှတ်နိုင်သည့် ပုဒ်မများဖြင့် တရားစွဲဆိုထားသည်ဟု ရဲတပ်ဖွဲ့က အောက်တိုဘာ ၃၁ ရက်နေ့တွင် ပြောကြားသည်။
ကျောင်းဆရာမများနှင့် တက္ကသိုလ်ကျောင်းသား ကျောင်းသူများအပါအဝင် လူပေါင်း ၇၃ ဦးအထိ သေဆုံးခဲ့သည့် အဆိုပါ ရေယာဉ်နစ်မြုပ်မှုသည် ချင်းတွင်းမြစ်အတွင်း ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ခရီးသည်နှင့် ကုန်စည်များ အဆမတန် တင်ဆောင်လာသည့် ရေယာဉ်သည် မုံရွာမြို့သို့ အသွားတွင် နစ်မြုပ်သွားခြင်းဖြစ်သည်။
မုံရွာမြို့ တောင်ဘက် ၄၅ မိုင်ခန့်အကွာတွင် ဖြစ်ပေါ်ခဲ့သည့် ရေယာဉ်နစ်မြုပ်သည့်နေရာမှ မြစ်အောက်ဘက်သို့ အလောင်းဒါဇင်ပေါင်းများစွာ မျောပါသွားခဲ့သည်။ နစ်မြုပ်နေသည့်သင်္ဘောကို ပြန်လည်ဆယ်ယူချိန်တွင် ကျန်ရှိနေသေးသည့် အခြားအလောင်းများကို ကယ်ဆယ်ရေးသမားများက တွေ့ရှိခဲ့သည်။
အမှုဖြစ်ပွားချိန်တွင် ရေယာဉ်လုပ်သားလေးဦးကို ဖမ်းဆီးခဲ့သော်လည်း ရေယာဉ်ပိုင်ရှင်နှင့် ရေယာဉ်မောင်းသူတို့မှာ ထွက်ပြေးသွားခဲ့သည်။
နောက်ပိုင်းတွင် ရေယာဉ်မောင်းသူ ဇော်မျိုးဝင်းက မုံရွာမြို့ရှိ အာဏာပိုင်များထံ အဖမ်းခံခဲ့သည်။ ရေယာဉ်အား ပေါ့ဆစွာ မောင်းနှင့်မှုနှင့် လူသေမှုများဖြင့် ၎င်းအားအမှုဖွင့်ထားသည်ဟု ရဲတပ်ဖွဲ့က ပြောကြားသည်။
အဆိုပါ ပုဒ်မများသည် ပြစ်မှုထင်ရှားပါက ထောင်ဒဏ် ၁၀ နှစ်ကျော်အထိ ချမှတ်နိုင်သည်။
“ကျွန်တော်တို့ သူ့ကိုဖမ်းမိပြီး အမှုဖွင့်ထားပါတယ်။ အမှုကိုလည်း စုံစမ်းစစ်ဆေးနေပါတယ်” ဟု ရေယာဉ်နစ်မြုပ်မှု ဖြစ်ပေါ်ခဲ့သည့် ကနီမြို့နယ် ရဲတပ်ဖွဲ့မှ ရဲမှူးတင်မောင်မြင့်က ပြောကြားသည်။
မြစ်ချောင်းများအတွင်း ခရီးသွားလာမှုအတွက် ဟောင်းနွမ်းနေသည့် ရေယာဉ်များကို အားကိုးနေရသည့် မြန်မာနိုင်ငံတွင် ယခုကဲ့သို့ လူအမြောက်အများသေဆုံးသည့် ဖြစ်စဉ်ကြောင့် ပြည်သူအများ ထိန့်လန့်တုန်လှုပ်သွားခဲ့ရသည်။
ရေယာဉ်နစ်မြုပ်မှုနှင့် ပတ်သက်ပြီး စနစ်တကျ စုံစမ်းစစ်ဆေးမှုများဆောင်ရွက်မည်ဖြစ်ကာ တာဝန်ရှိသူများကို အရေးယူသွားမည်ဟု သမ္မတဦးထင်ကျော်က ပြီးခဲ့သည့်လက ထုတ်ပြန်ခဲ့သည်။
အဆိုပါဖြစ်ရပ်ကြောင့် ၎င်း၏ မြေးငယ်လေးနှင့် သားမက်ဖြစ်သူတို့ ဆုံးရှုံးခဲ့ရသည့် အသက် ၆၂ နှစ်အရွယ် ဒေါ်သင်းသင်းအောင်က ထွက်ပြေးတိမ်းရှောင်နေဆဲဖြစ်သည့် ရေယာဉ်ပိုင်ရှင်ပါ ထောင်ကျသွားသည်ကို မြင်တွေ့လိုကြောင်း ပြောကြားသည်။
“မော်တော်ပိုင်ရှင်တွေက ချမ်းသာကြပြီး လောဘတွေက အတော်မသတ်နိုင်ကြဘူး။ သူတို့မော်တော်ပေါ်မှာ လူဘယ်နှစ်ယောက်တင်နိုင်တယ်ဆိုတာ သူတို့သိကြပါတယ်။ ဒါပေမယ့် ဒါကို အရေးမစိုက်ကြဘူး” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။
“သူတို့တွေ တစ်သက်လုံး ထောင်ကျသွားစေချင်တယ်” ဟု ၎င်းကပြောသည်။
ရေယာဉ်နစ်မြုပ်မှုတွင် ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းအမြောက်အများ အသက်ဆုံးရှုံးခဲ့ရသည့်အတွက် ဒေသတွင်းတွင် ဆရာမများနှင့် ကျန်းမာရေးဝန်ထမ်းများ လိုအပ်နေသည်ဟု ဒေသခံလွှတ်တော်ကိုယ်စားလှယ် ဦးထွန်းထွန်းဝင်းကပြောသည်။
“မော်တော်မြုပ်ရတာက စည်းမျဉ်းစည်းကမ်းတွေ မလိုက်နာပဲ မတန်တဆတင်လို့ ဖြစ်ပါတယ်။ ဒါပေမယ့် စည်းကမ်းဖောက်ဖျက်ပြီး ပြေးဆွဲနေတဲ့ ရေယာဉ်တွေ ဒီဒေသထဲမှာ အများကြီးရှိနေသေးတယ်” ဟု ၎င်းကပြောသည်။