မြန်မာနိုင်ငံတွင် အရပ်သားအစိုးရအဖြစ်သို့ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်ကာ ပြောင်းလဲနိုင်ခဲ့ခြင်းမှာ တစ်ကမ္ဘာလုံးဆိုင်ရာ ဒီမိုကရေစီအရေးအတွက် အရေးပါသည့် ကြေညာချက်တစ်ခုဖြစ်သည်ဟု အမေရိကန် နိုင်ငံခြားရေးဝန်ကြီး ဂျွန်ကယ်ရီက ချီးကျူးလိုက်သည်။
မတ်လတွင် အစိုးရသစ် အာဏာရယူပြီးနောက် ပထမဆုံးအကြိမ် အဆင့်မြင့်တွေ့ဆုံဆွေးနွေးပွဲတွင် ကယ်ရီက မြန်မာနိုင်ငံတွင် ဆယ်စုနှစ်ပေါင်းများစွာ ကြာမြင့်ခဲ့သည့် စစ်အုပ်ချုပ်ရေးအောက်မှ ဒီမိုကရေစီစနစ်ဆီသို့ အဆင့်ဆင့် ပြောင်းလဲနိုင်ခဲ့ခြင်းမှာ မေ ျှာ်လင့်ချက်လမ်းပြအလင်းရောင်ဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကို ပြောကြားခဲ့သည်။
“ကျွန်တော့်ရဲ့ ဒီနေ့သတင်းစကားက အလွန့်အလွန်ကို ရိုးစင်းပါတယ်။ မြန်မာနိုင်ငံမှာ ဖြစ်ပေါ်နေတဲ့ ဒီမိုကရေစီအသွင်ကူးပြောင်းရေးကို ကျွန်တော်တို့ ခိုင်ခိုင်မာမာကို ထောက်ခံနေပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်နှင့်အတူ နေပြည်တော်တွင် ယနေ့ ပြုလုပ်ခဲ့သည့် သတင်းစာရှင်းလင်းပွဲတွင် ၎င်းက သတင်းထောက်များကို ပြောကြားသည်။
နိုဝင်ဘာရွေးကောက်ပွဲတွင် ဒေါ်အောင်ဆန်းစုကြည်နှင့် ၎င်း၏ပါတီသည် တခဲနက်အနိုင်ရရှိပြီးနောက် အာဏာရရှိခဲ့ပြီးနောက် ရာစုနှစ်ထက်ဝက်ကျော်ကြာမြင့်သည့် စစ်အုပ်ချုပ်ရေးကို အဆုံးသတ်သွားစေခဲ့သည်။
အဆိုပါ လုပ်ငန်းစဉ်ကို ကယ်ရီက ချီးကျူးဂုဏ်ပြုလိုက်ပြီး တကမ္ဘာလုံးရှိ ပြည်သူအားလုံးအတွက် ထူးခြားသော ထုတ်ပြန်ချက်ဖြစ်သည်ဟု ကယ်ရီက ပြောကြားခဲ့ပြီး အစိုးရသစ်အနေဖြင့် ထူးကဲသည့် အောင်မြင်ပြီးမြောက်မှုများရရှိခဲ့ပြီဖြစ်သည်ဟု ပြောကြားခဲ့သည်။
ငွေကြေးနှင့် ကုန်သွယ်ရေးဆိုင်ရာ ပိတ်ဆို့အရေးယူမှုများအချို့ကို ဝါရှင်တန်က ပြီးခဲ့သည့် ရက်သတ္တပတ်တွင် ဖြေလျော့ပေးခဲ့သော်လည်း ယခင်စစ်အစိုးရနှင့် နီးစပ်သည့် လုပ်ငန်းရှင်ကြီးများနှင့် စီးပွားရေးလုပ်ငန်းများအား ဆက်လက်ပိတ်ဆို့ထားဆဲဖြစ်သည်။
“ရာစုနှစ်ထက်ဝက်ကျော်လောက် ကြာမြင့်ခဲ့တဲ့ စစ်အစိုးရအုပ်ချုပ်ရေးရဲ့ အမွေအနှစ်တွေကို လုံးဝဖယ်ရှားလိုက်လို့ မရသေးဘူးဆိုတာ ကျွန်တော်နားလည်ပါတယ်” ဟု ကယ်ရီကပြောကြားသည်။
နေပြည်တော်သို့ ယနေ့ ရောက်ရှိလာသည့် ဂျွန်ကယ်ရီသည် တပ်မတော်ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်နှင့်လည်း တွေ့ဆုံမည်ဖြစ်သည်။ ထို့နောက် ၎င်းသည် ဗီယက်နမ်နိုင်ငံသို့ ယနေ့ညနေပိုင်းတွင် ဆက်လက်ထွက်ခွာမည်ဖြစ်သည်။
သတင်း-အေအက်ဖ်ပီ