မြန်မာနိုင်ငံ၌ လူ့အခွင့်အရေးချိုးဖောက်မှုများကို စုံစမ်းစစ်ဆေးရန် ကုလက အဖွဲ့ဖွဲ့

မြန်မာနိုင်ငံရှိ ရိုဟင်ဂျာမွတ်စလင်များအပေါ် ရက်စက်မှုများ ကျူးလွန်နေသည်ဟု စွပ်စွဲမှုများကို စုံစမ်းစစ်ဆေးရန် သုံးဦးပါအဖွဲ့တစ်ဖွဲ့ကို ကုလသမဂ္ဂလူ့အခွင့်အရေးကောင်စီက မေ ၃၀ ရက်နေ့တွင် ခန့်အပ်လိုက်ရာ မြန်မာအစိုးရက ပယ်ချထားသည့် စုံစမ်းစစ်ဆေးကိစ္စတစ်ခုအတွက် အရေးပါသော ခြေလှမ်းတစ်ရပ်ဖြစ်သည်။

မြန်မာနိုင်ငံသို့ စေလွှတ်မည့် အချက်အလက်ရှာဖွေရေးမစ်ရှင်တစ်ခု ဖွဲ့စည်းရန် ဂျီနီဗာအခြေစိုက် လူ့အခွင့်အရေးကောင်စီက မတ်လတွင် မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။ ယင်းလုပ်ရပ်မှာ နိုင်ငံရေးအရ အကဲဆတ်သည့်ကိစ္စဖြစ်ရာ ဒေါ်အောင်ဆန်းစုကြည်ဦးဆောင်သည့် အရပ်သားဦးဆောင်သော အစိုးရက ပြင်းပြင်းထန်ထန် ဆန့်ကျင်ခဲ့သည်။

အထူးသဖြင့် ရခိုင်ပြည်နယ်တွင် လုံခြုံရေးတပ်ဖွဲ့ဝင်များက ရိုဟင်ဂျာဘင်္ဂလီတို့အား မုဒိမ်မှု ကျူးလွန်ခြင်း၊ နှိပ်စက်ခြင်းနှင့် သတ်ဖြတ်ခြင်းတို့ ပြုလုပ်သည်ဟု စွပ်စွဲထားမှုများကို အဆောတလျင် စုံစမ်းစစ်ဆေးရန် မစ်ရှင်ကို အမိန့်ပေးထားသည်။

ဆုချီးမြင့်ခံထားရသည့် အိန္ဒိယရှေ့နေနှင့် အမျိုးသမီးအခွင့်အရေး စည်းရုံးလှုံ့ဆော်သူ အင်ဒီရာ ဂျိုက်ဆင်း၊ သီရိလင်္ကာနိုင်ငံ၏ လူ့အခွင့်အရေးအကြီးအကဲဟောင်း ရာဒီကာကုမာရဆွာမိနှင့် သြစတြေးလျနိုင်ငံမှ ထင်ရှားသည့် လူ့အခွင့်အရေးရှေ့နေ ခရစ္စတိုဖာဒေါမနစ်ဆီဒိုတီတို့အား စုံစမ်းစစ်ဆေးမှုကို ဦးဆောင်ရန် ခန့်အပ်ခဲ့သည်။

အဆိုပါအဖွဲ့သည် လုပ်ငန်းစီမံချက်တစ်ခုရေးဆွဲရန် ဂျီနီဗာတွင် မကြာခင်တွေ့ဆုံဆွေးနွေးရန် စီစဉ်ထားသည်ဟု လူ့အခွင့်အရေးကောင်စီ၏ ကြေညာချက်တွင် ဖော်ပြထားသည်။ သို့သော်လည်း ရခိုင်ပြည်နယ်သို့ ဝင်ရောက်ခွင့်ရရန်၊ သို့မဟုတ် မြန်မာနိုင်ငံသို့ပင် ဝင်ရောက်ခွင့်ရမရ မရှင်းလင်းသေးပေ။

၎င်း၏အစိုးရအဖွဲ့က စုံစမ်းစစ်ဆေးရန် ဆုံးဖြတ်ခြင်းကို သဘောမတူပဲ ယင်းသို့ပြုလုပ်ခြင်းက မြေပြင်တွင် အမှန်တကယ်ဖြစ်နေခြင်းနှင့် အဆက်ပြတ်နေခြင်းသာဖြစ်ကြောင်း ဒေါ်အောင်ဆန်းစုကြည်က ယခုလအစောပိုင်းတွင် ဘရပ်ဆဲလ်၌ ရှင်းရှင်းလင်းလင်း ပြောကြားထားပြီးဖြစ်သည်။

ရခိုင်ပြည်နယ်မြောက်ပိုင်းကို အောက်တိုဘာလကတည်းက ပိတ်ဆို့ထားပြီး ထိုလအစောပိုင်းက ရဲစခန်းများကို ကြောက်မက်ဖွယ် တိုက်ခိုက်သွားသည့် ရိုဟင်ဂျာစစ်သွေးကြွများကို လိုက်လံနှိမ်နင်းရန် စစ်ဆင်ရေးတစ်ခုကို စစ်တပ်က စတင်ခဲ့သည်။

မွတ်စလင် ၁၀၀,၀၀၀ ခန့်မှာ ထိုတိုက်ခိုက်မှုများကြောင့် အိမ်ရာစွန့်ခွာထွက်ပြေးခဲ့ကြပြီး အများစုမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ကြသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက လူသားချင်းစာနာမှုအပေါ်ကျူးလွန်သည့် ပြစ်မှုများ ကျူးလွန်နိုင်ကြောင်း ဘင်္ဂလားဒေ့ရှ်နိုင်ငံရှိ ရိုဟင်ဂျာဒုက္ခသည်များ၏ ထွက်ဆိုချက်ကို အခြေခံသော ကုလလူ့အခွင့်အရေးရုံး၏ အစောပိုင်းအစီရင်ခံစာတစ်စောင်တွင် ဖော်ပြထားသည်။ မြန်မာကမူ အဆိုပါစွပ်စွဲချက်များကို ငြင်းပယ်ထားပြီး အဆိုပါနေရာသို့ နိုင်ငံတကာလေ့လာသူများကို ဝင်ရောက်ခွင့်ပေးရန်လည်း ငြင်းပယ်ထားသည်။

စုံစမ်းစစ်ဆေးသူများကို ကန့်သတ်မှုမရှိ၊ စောင့်ကြည့်မှုမရှိဘဲ သက်ဆိုင်သည့်နေရာအားလုံးသို့ ဝင်ရောက်ခွင့်ပေးရန် လူ့အခွင့်အရေးကောင်စီက မြန်မာအစိုးရကို တောင်းဆိုထားသည်။ မြန်မာအစိုးရအနေဖြင့် ယခုမစ်ရှင်နှင့် ပူးပေါင်းဆောင်ရွက်ခြင်းမပြုရန် ခုခံကာကွယ်နိုင်သည့် အကြောင်းမရှိကြောင်း ရခိုင်အခြေအနေကို အနီးကပ်လေ့လာနေသည့် ဘန်ကောက်ရှိ Fortify Rights လူ့အခွင့်အရေးစောင့်ကြည့်အဖွဲ့ကို ဦးဆောင်သူ မက်သရူးစမစ်က အေအက်ဖ်ပီကို ပြောကြားသည်။

မေ ၃၀ ရက်နေ့က ခန့်အပ်ခဲ့သော စုံစမ်းစစ်ဆေးရေးမှူးများသည် အမှန်တကယ် တာဝန်ထမ်းဆောင်နိုင်သည့် အားကောင်းသည့် အဖွဲ့တစ်ခုဖြစ်သည်ဟုလည်း ၎င်းကပြောသည်။

၎င်းအဖွဲ့က ၎င်းတို့၏တွေ့ရှိချက် နောက်ဆုံးအခြေအနေကို စက်တင်ဘာတွင် လူ့အခွင့်အရေးကောင်စီထံသို့ နှုတ်ဖြင့်တင်ပြရမည်ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar