မြန်မာနိုင်ငံတွင် လူမျိုးသုဉ်းသတ်ဖြတ်မှု ဖြစ်ပေါ်နေသည်ဟု ဖိလစ်ပိုင်သမ္မတ ဒူတာတေးက ပြောကြားပြီး ဒုက္ခသည်များအား လက်ခံလိုသည်ဟုလည်း ပြောကြားခဲ့သည်။
ဖိလစ်ပိုင်သမ္မတနန်းတော်တွင် လယ်သမားများနှင့် စိုက်ပျိုးရေးအရာရှိများအား ယနေ့ပြောကြားသည့် မိန့်ခွန်းတွင် ဒူတာတေးက အကြောင်းအရာ အများအပြားကို ထည့်သွင်းပြောကြားခဲ့ရာ၌ မြန်မာနိုင်ငံကိစ္စလည်း ပါဝင်လာခြင်းဖြစ်သည်။
ဘင်္ဂလားဒေရှ့်နိုင်ငံသို့ ထွက်ပြေးရောက်ရှိနေကြသည့် ရိုဟင်ဂျာများအပေါ် ဂရုဏာသက်မှုကို ၎င်းက ဖော်ပြခဲ့ပြီး အကူအညီပေးရန်လည်း ကမ်းလှမ်းခဲ့သည်ဟု ရိုက်တာသတင်းတွင် ဖော်ပြထားသည်။
“အဲဒီမှာရှိတဲ့လူတွေကို ကျွန်တော် တကယ်ကို သနားမိပါတယ်” ဟု သမ္မတ ဒူတာတေးက ပြောကြားသည်။
“ကျွန်တော် ဒုက္ခသည်တွေကို လက်ခံလိုပါတယ်။ ရိုဟင်ဂျာတွေ၊ ဟုတ်ပါတယ်။ ကျွန်တော်ကူညီမှာပါ။ ဒါပေမယ့် ဥရောပနဲ့တော့ ခွဲယူသင့်ပါတယ်” ဟု ၎င်းကပြောသည်။
ထို့ပြင် မြန်မာနိုင်ငံမှ ပြဿနာများအား နိုင်ငံတကာအသိုင်းအဝိုင်းက မဖြေရှင်းနိုင်မှုကိုလည်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်ဟု ရေးသားထားသည်။
“ရိုဟင်ဂျာတောင်မှ သူတို့ မဖြေရှင်းနိုင်သေးပါဘူး။ အကယ်၍ ကျွန်တော်ပြောရမယ်ဆိုရင် ဒါက လူမျိုးသုဉ်း သတ်ဖြတ်မှုပဲ ဖြစ်ပါတယ်” ဟု ၎င်းက ပြောကြားသည်။
မြန်မာအစိုးရ၏ ပြောရေးဆိုခွင့်ရှိသူ ဦးဇော်ဌေးကမူ သမ္မတ ဒူတာတေး၏ ပြောကြားမှုများမှာ အခြေအနေမှန်ကို ထင်ဟပ်ခြင်းမရှိဟု ရိုက်တာသတင်းဌာနကို ပြောကြားသည်။
“သူက မြန်မာနိုင်ငံအကြောင်း ဘာမှ မသိပါဘူး” ဟု ဦးဇော်ဌေးက ပြောသည်။
ပြီးခဲ့သည့် သြဂုတ်လတွင် အကြမ်းဖက်သမားများကို တုံ့ပြန်သည့် မြန်မာစစ်တပ်၏ စစ်ဆင်ရေး စတင်ကတည်းက ရခိုင်ပြည်နယ်မှ မူစလင် ခုနှစ်သိန်းနီးပါးမှာ ဘင်္ဂလားဒေ့ရှ်သို့ ထွက်ပြေးခဲ့ရသည်။
စစ်ဆင်ရေးဆောင်ရွက်စဉ် မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက မူဆလင်များအပေါ် နှိပ်စက်သတ်ဖြတ်မှုများနှင့် လူ့အခွင့်အရေးချိုးဖောက်မှုများ ကျူးလွန်ခဲ့သည်ဟု နိုင်ငံတကာ စွပ်စွဲထားကြသည်။
ထို့သို့ ပြုမူမှုများမှာ လူမျိုးသုဉ်းသတ်ဖြတ်မှုနှင့် လူမျိုးစုအလိုက် ရှင်းလင်းမှုမြောက်သည်ဟုလည်း အမေရိကန်နှင့် ကုလသမဂ္ဂတို့က စွပ်စွဲထားကြသည်။
မြန်မာအစိုးရကမူ ထိုစွပ်စွဲချက်များကို ငြင်းဆိုထားပြီး ဘင်္ဂလားဒေရှ့်သို့ ရောက်ရှိနေကြသည့် ဒုက္ခသည်များကို ပြန်လည် လက်ခံမည်ဟု ပြောကြားထားသည်။