မြန်မာနိုင်ငံသို့ အတင်းအကြပ် ပြန်ပို့ခံရမည်ကို ကြောက်ရွံ့ကာ စခန်းများမှ ရိုဟင်ဂျာများ ထွက်ပြေး

အေအက်ဖ်ပီ

မြန်မာနိုင်ငံကို ပြန်ပို့ခံရမှာကို ရှောင်ရှားဖို့အတွက် ရိုဟင်ဂျာမူဆလင်ဒုက္ခသည်တွေဟာ ဘင်္ဂလားဒေရှ့် ဒုက္ခသည်စခန်းတွေကနေ ထွက်ပြေးနေကြတယ်လို့ ရိုဟင်ဂျာ အဖွဲ့အစည်းခေါင်းဆောင်တွေက နိုဝင်ဘာ ၁၂ ရက်နေ့မှာ ပြောပါတယ်။

လူမျိုးတုန်း လုပ်ဆောင်မှုဖြစ်တယ်လို့ ကုလသမဂ္ဂက သတ်မှတ်ထားတဲ့ ဖြစ်ရပ်ကနေ ထွက်ပြေးလာကြတဲ့ ရိုဟင်ဂျာဒုက္ခသည်တွေကို နိုဝင်ဘာ ၁၅ ရက်နေ့က စတင်ပြီး မြန်မာနိုင်ငံကို ပြန်ပို့ဖို့အတွက် အာဏာပိုင်တွေက စီစဉ်ထားပါတယ်။

ဒါပေမယ့် ဒီလိုလုပ်ဆောင်မှုက စခန်းတွေအတွင်းမှာ ထိပ်လန့်မှုတွေကို ဖြစ်ပေါ်စေပြီး ပထမဆုံး နေရပ်ပြန်ရမယ့် မိသားစုအချို့ကို ထွက်ပြေးစေခဲ့တယ်လို့ အဖွဲ့အစည်းခေါင်းဆောင်တွေက ပြောပါတယ်။

“ပြန်ရမယ့် ဒုက္ခသည်စာရင်းမှာ ပါဝင်တဲ့သူတွေ စိတ်ဆန္ဒပြင်းပြလာအောင် အာဏာပိုင်တွေက ထပ်တလဲလဲ ကြိုးစားခဲ့ကြပါတယ်။ ဒါပေမယ့် သူတို့ဟာ ကြောက်ရွံ့ပြီး တခြားစခန်းတွေကို ထွက်ပြေးသွားကြပါတယ်” ဟု ဂျန်တိုလီဒုက္ခသည်စခန်းက နျူအာအစ္စလမ်က ပြောပါတယ်။

ပြီးခဲ့တဲ့နှစ်သြဂုတ်လက မြန်မာစစ်တပ်ရဲ့ နှိမ်နင်းမှုတွေအတွင်း မြန်မာနိုင်ငံအနောက်ပိုင်း၊ ရခိုင်ပြည်နယ်က မူဆလင်ရိုဟင်ဂျာ ၇၂၀,၀၀၀ လောက် ထွက်ပြေးခဲ့ကြပါတယ်။ သူတို့နဲ့အတူ သတ်ဖြတ်မှု၊ အဓမ္မပြုကျင့်မှုနဲ့ နှိပ်စက်မှုဇာတ်လမ်းတွေကို ယူဆောင်သွားကြပါတယ်။

ဘင်္ဂလားဒေရှ့်အရှေ့တောင်ပိုင်း၊ ကော့ဘဇာခရိုင်မှာရှိတဲ့ နယ်ခြားစခန်းနေ နိုဝင်ဘာ ၁၅ ရက်နေ့မှာ ဒုက္ခသည် ၂,၂၆၀ လောက် စတင်ထွက်ခွာဖို့ စီစဉ်ထားပါတယ်။ ဒါဟာ ဒုက္ခသည်တွေ သူတို့သဘောဆန္ဒအလျောက် နေရပ်ပြန်ရေးအစီအစဉ်အရ ပထမဆုံး ဖြစ်ပါတယ်။

ဒါပေမယ့် ဒီအစီအစဉ်က ရိုဟင်ဂျာတွေအကြားမှာ “အကြီးအကျယ် စိတ်ရှုပ်ထွေးမှုနဲ့ ကြောက်ရွံ့မှု” ဖြစ်ပေါ်စေတယ်လို့ နျူအာအစ္စလမ်က ပြောပါတယ်။ အများအပြားကတော့ သူတို့အတွက် နိုင်ငံသားဖြစ်ခွင့်နဲ့ တခြားအခွင့်အရေးတွေအတွက် အာမခံချက်မရရင် ရခိုင်ပြည်နယ်ကို မပြန်လိုကြပါဘူး။

ယခုရက်သတ္တပတ်အတွင်း ထွက်ခွာရမယ်လို့ ပြောကြားတဲ့ မိသားစု သုံးစုကို အေအက်ဖ်ပီသတင်းထောက်က တွေ့ဆုံခွင့်ရရှိခဲ့ပါတယ်။

“ဒီကိစ္စတစ်ခုလုံးအတွက် ကျွန်တော်တို့ တကယ်ကိုပဲ စိတ်အနှောင့်အယှက်ဖြစ်ရတယ်။ ရက်ကနီးလာလေ၊ စိတ်ပင်ပန်းမှုတွေ များလာလေပဲ” လို့ ရိုဟင်ဂျာဒုက္ခသည် တစ်ဦးဖြစ်သူ မိုဟာမက်ခါလစ်ခ်က အေအက်ဖ်ပီကို ပြောပါတယ်။

အတင်းအကြပ် ပြန်လွှတ်ခံရမှာကို ရှောင်ကွင်းဖို့ ကြိုးပမ်းတဲ့အနေနဲ့ သူနဲ့ သူ့မိသားစုဟာ သူတို့စခန်းကနေ ရိုဟင်ဂျာတွေ ဖြစ်သလိုစခန်းချနေတဲ့ ကော့ဘဇာက အခြားတစ်နေရာကို ထွက်ပြေးခဲ့တယ်လို့ သူကပြောပါတယ်။

“မြန်မာနိုင်ငံသား အပြည့်အဝဖြစ်ခွင့်ရမယ်လို့ အတည်ပြုချက်မရရှိပဲနဲ့ အခုချိန်မှာ အိမ်ကို အတင်းအကြပ် ပြန်လွှတ်ခံရရင် ကျွန်တော့မိသားစုအတွက် အနာဂတ်ဆိုတာကို ကျွန်တော်မမြင်မိပါဘူး။ အဲဒါကြောင့် တခြားတစ်နေရာမှာ ဆွေမျိုးတွေနဲ့ နေထိုင်ဖို့ ကျွန်တော့မိသားစုကို စခန်းကနေ ခေါ်ထုတ်ခဲ့ပါတယ်။ ဒီလိုကြီးတော့ ကျွန်တော်တို့ မပြန်ချင်ပါဘူး” လို့ သူကပြောပါတယ်။

ဒုက္ခသည်တွေအနေနဲ့ မြန်မာနိုင်ငံကို သဘောဆန္ဒအလျောက် ပြန်လိုခြင်းရှိမရှိ အကဲဖြတ်ဖို့အတွက် ဘင်္ဂလားဒေရှ့်အစိုးရထံကနေ နိုဝင်ဘာ ၁၂ ရက်နေ့မှာ စာရင်း ရရှိခဲ့တဲ့ ကုလသမဂ္ဂ အေဂျင်စီ UNHCR ကတော့ စတင်မယ့်ရက်ဖြစ်တဲ့ နိုဝင်ဘာ ၁၅ ရက်နေ့ဟာ “ရည်မှန်းချက်ကြီးတဲ့ အစီအစဉ်” ဖြစ်တယ်လို့ ပြောပါတယ်။

“ထောက်ပံ့ပို့ဆောင်ရေး ပြဿနာတွေ” ကို အရင်ဆုံးဖြေရှင်းဖို့ လိုအပ်တယ်လို့ UNHCR အကြီးတန်းပြောရေးဆိုခွင့်ရှိသူ ခရစ္စမဲလ်ဇာကပြောပါတယ်။

“ဒါက ဘင်္ဂလားဒေရှ့်နဲ့ မြန်မာအစိုးရတွေရဲ့ ကိစ္စဖြစ်ပါတယ်။ ဒါပေမယ့် အခြေအနေတွေက ဒုက္ခသည်တွေ မြန်မာပြည်ပြန်ဖို့အတွက် မပြည့်စုံသေးဘူးလို့ ကျွန်တော်တို့ ယူဆထားဆဲဖြစ်ပါတယ်” လို့ သူက အေအက်ဖ်ပီကို ပြောပါတယ်။

ကုလသမဂ္ဂရဲ့အကဲဖြတ်မှုက အနည်းဆုံး နှစ်ရက်ကြာမြင့်မယ်လို့ ကုလသမဂ္ဂနဲ့ ဘင်္ဂလားဒေရှ့် တာဝန်ရှိသူတွေက ပြောပါတယ်။ အဲဒါက ဒုက္ခသည်တွေ ပြန်ပို့ရေးကို နှောင့်နှေးစေနိုင်ပါတယ်။

ဘင်္ဂလားဒေရှ့် ဒုက္ခသည်များဆိုင်ရာ မဟာမင်းကြီး မိုဟာမက်အက်ဘ်ဒူခါလမ်ကတော့ နယ်စပ်က စင်တာနှစ်ခုဆီကို ဒုက္ခသည်တွေ ပြန်နိုင်ရေးအတွက် ဘင်္ဂလားဒေရှ့်က အဆင်သင့်ဖြစ်နေပြီဖို့ ပြောပါတယ်။

အဲဒီစင်တာနှစ်ခုကို အေအက်ဖ်ပီက သွားရောက်ခဲ့ပါတယ်။ စင်တာတစ်ခုက လုံးဝပြီးစီးနေပြီဖြစ်ပေမယ့် နောက်တစ်ခုကတော့ တည်ဆောက်ရေးလုပ်ငန်းတွေ “၈၀ ရာခိုင်နှုန်းကျော်” ပြီးစီးနေပြီလို့ တည်ဆောက်သူတွေထံက သိရပါတယ်။

အမည်မဖော်လိုတဲ့ ဘင်္ဂလားဒေရှ့် တာဝန်ရှိသူတစ်ဦးကတော့ ဒုက္ခသည်တွေအနေနဲ့ ပြန်သွားဖို့အတွက် “စိတ်ပိုင်းဆိုင်ရာအရ အဆင်သင့်” မဖြစ်သေးဘူးလို့ ဝန်ခံပါတယ်။

“ပြန်သွားပြီး သူတို့ တွေ့ကြုံခဲ့ရပြီးဖြစ်တဲ့ မချိမဆံ့ နာကျင်မှုတွေကို ပြန်လည်ပွေ့ဖက်ရမယ့်အစား သူတို့ဒီမှာ (ဘင်္ဂလားဒေရှ့်) မှာပဲ သေချင်တယ်လို့ တခါတလေ ကျွန်တော်တို့ကို သူတို့ပြောကြပါတယ်” လို့ သူကပြောပါတယ်။

မြန်မာနိုင်ငံကတော့ ဒုက္ခသည်တွေကို ပြန်လည်လက်ခံဖို့အတွက် အဆင်သင့်ဖြစ်နေပြီလို့ ပြောကြားထားပြီး နှောင့်နှေးမှု တစ်စုံတစ်ရာရှိရင် ဘင်္ဂလားဒေရှ့်ကို အပြစ်တင်ရမယ်လို့လည်း ပြောကြားထားပါတယ်။

ပထမအသုတ် ဒုက္ခသည် ၂,၂၀၀ ခန့်ကို မြန်မာနိုင်ငံက ပြန်လည်လက်ခံရေးစခန်းနှစ်ခုကနေ တစ်ရက်ကို လူဦးရေ ၁၅၀ လက်ခံသွားဖို့ မြန်မာအစိုးရက စီစဉ်ထားပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar