မြန်မာနိုင်ငံသား သန်း ၂၀ အခြေခံ လမ်းပန်းဆက်သွယ်ရေး မရရှိဟု အေဒီဘီဆို

မကြာသေးမီက ထုတ်ပြန်လိုက်သည့် အာရှဖွံ့ဖြိုးရေးဘဏ် (အေဒီဘီ) ၏ မြန်မာနိုင်ငံ လမ်းပန်းဆက်သွယ်ရေးအတွက် မူဝါဒအကြံပြုချက်စာတမ်းတွင် နိုင်ငံအတွင်းရှိ ကျေးလက်နေပြည်သူ သန်း ၂၀ ခန့်မှာ အခြေခံ လမ်းပန်းဆက်သွယ်ရေး မရရှိသေးသည်ကို လေ့လာ တွေ့ရှိရကြောင်း ဖော်ပြထားသည်။

အဆိုပါလူဦးရေသည် တစ်နိုင်ငံလုံးရှိ ကျေးလက်နေလူထု၏ ထက်ဝက်ပမာဏအထိ ရှိကြောင်းလည်း စာတမ်းက ဆိုထားသေးသည်။

အဆိုပါ အကြံပြုချက်စာတမ်းကို ဇူလိုင် ၂၂ ရက်နေ့တွင် အေဒီဘီက ထုတ်ပြန်ခဲ့ခြင်းဖြစ်ကာ စာတမ်းတွင် နိုင်ငံအတွင်း လမ်းပန်းဆက်သွယ်ရေးနှင့် ပတ်သက်၍ ပြုပြင်ပြောင်းလဲရန်နှင့် လုပ်ဆောင်ရန်အချက်များကို ထောက်ပြထားသည်။

“မြန်မာနိုင်ငံမှာရှိနေတဲ့ လမ်းပန်းဆက်သွယ်ရေး ရင်းမြစ်ထက် လိုအပ်ချက်က အများကြီး ပိုမိုများပြားနေတဲ့အတွက် တိုင်းပြည်ရဲ့ သယ်ယူပို့ဆောင်ရေးကဏ္ဍဟာ ကာလကြာရှည် အကျပ်ရိုက်နေခဲ့ပါတယ်” ဟု စာတမ်းတွင် ဖော်ပြထားသည်။

ထို့ပြင် ၆၀ ရာခိုင်နှုန်းသော အဝေးပြေးလမ်းမကြီးများနှင့် ရထားလမ်းများသည် ယိုယွင်းနေကြပြီး၊ ထိုလမ်းများပြုပြင်ရန် လိုအပ်သည့် ပမာဏထက် နှစ်ဆ၊ သုံးဆခန့်နည်းပါးသော ငွေကြေးကိုသာ စိုက်ထုတ် သုံးစွဲနေကြသလို၊ အလားအလာကောင်းများရှိသည့် ရေကြောင်းသယ်ယူပို့ဆောင်ရေးအတွက်ဆိုလျှင် မည်သည့် စိုက်ထုတ်မှုမျှမရှိကြောင်း စာတမ်းက ထောက်ပြထားသည်။

မြန်မာအစိုးရသည် ဂျီဒီပီ၏ တစ်ရာခိုင်နှုန်းမှ ၁ ဒသမ ၅ ရာခိုင်နှုန်းကိုသာ သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် စိုက်ထုတ်သုံးစွဲနေပြီး အခြား ဖွံ့ဖြိုးမှုနှုန်း တူညီသည့် တိုင်းပြည်များဆိုလျှင် ထိုကဏ္ဍအတွက် ဂျီဒီဘီ၏ သုံးရာခိုင်နှုန်းမှ ငါးရာခိုင်နှုန်းအထိ သုံးစွဲကြသည်ဟု အေဒီဘီက နှိုင်းယှဉ်ပြသထားသည်။

အေဒီဘီ၏ အဆိုအရ မြန်မာနိုင်ငံအနေနှင့် လမ်းကွန်ယက် ကီလိုမီတာပေါင်း ၁၆၀,၀၀၀ ခန့် (မိုင်တစ်သိန်းနီးပါး)မှ ၂၆၀,၀၀၀ ကျော် (မိုင် ၁၆၀,၀၀၀ ကျော်) အထိ ထပ်မံဖောက်လုပ်မှသာ နိုင်ငံအဝှမ်းရှိ ကျေးရွာများသို့ ဆက်သွယ် သွားလာနိုင်မည်ဖြစ်သည်။

ရထားပို့ဆောင်ရေးကဏ္ဍတွင်လည်း မြန်မာနိုင်ငံသည် ရထားလမ်းကွန်ယက် ကီလိုမီတာပေါင်း ခြောက်ထောင်ကျော် (မိုင်ပေါင်း ၃၈၀၀ခန့်) ရှိပြီးဖြစ်သော်လည်း ထိုကွန်ယက်၏ ၆၀ ရာခိုင်နှုန်းမှာ တစ်ရက်လျှင် ခရီးသည် ၁၀၀၀ အောက်ကိုသာ ဝန်ဆောင်မှုပေးနေကြောင်းတွေ့ရှိရသည်ဟု စာတမ်း၌ ဖော်ပြထားသည်။ ထိုပမာဏသည် “မီးရထားဝန်ဆောင်မှုကို ပြုပြင်ထိန်းသိမ်းမယ်ဆိုရင်တောင် အဲဒီ (ခရီးသည်) ပမာဏက ထိန်းညှိဆောင်ရွက်ဖို့ နည်းလွန်းပါတယ်” ဟု အေဒီဘီက သုံးသပ်ထားသည်။

“မြန်မာ့မီးရထား(မမ)ဟာ သူစွမ်းနိုင်တဲ့ပမာဏရဲ့ ထက်ဝက်နဲ့ လုပ်ငန်းလည်ပတ်ဖို့ အတင်းဖိအားပေး ခံနေရသည်” ဟု အေဒီဘီ၏ စာတမ်းက မှတ်ချက်ပြုထားသည်။

မြန်မာ့မီးရထား၏ အောက်မြန်မာပြည်ဆိုင်ရာ အထွေထွေမန်နေဂျာ ဦးထွန်းအောင်သင်းက အေဒီဘီ၏ ယခုအစီအရင်ခံစာသည် အစိုးရနှင့် သက်ဆိုင်ရာပုဂ္ဂိုလ်များအနေဖြင့် သယ်ယူပို့ဆောင်ရေးကဏ္ဍကို စေ့စပ်စွာ နားလည်နိုင်ရေးနှင့် ဆက်လက် အကောင်အထည်ဖော်ရန်အတွက် အထောက်အကူဖြစ်မည်ဟုထင်ကြောင်း မှတ်ချက်ပေးသည်။

၂၀၁၆ မှ ၂၀၃၀ ခုနှစ်အတွင်း တမျိုးသားလုံး၏ ဝင်ငွေလျင်မြန်စွာ တိုးတက်လာစေရေးအတွက် မြန်မာနိုင်ငံအနေနှင့် သယ်ယူပို့ဆောင်ရေးကဏ္ဍတွင် အမေရိကန်ဒေါ်လာ ၄၅ မှ ၆၀ ဘီလျံခန့်အထိ ရင်းနှီးမြှုပ်နှံရန် လိုအပ်သည်ဟု အေဒီဘီက တွက်ချက် ကောက်ချက်ဆွဲထားသည်။

သတင်း-ကျော်ဖုန်းကျော်

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar