မြန်မာနိုင်ငံမှာ ခေတ်စားလာတဲ့ သိုင်းကစားနည်းသစ်

ဘရာဇီးဂျူဂျစ်ဆု Brazilian Jiu Jitsu သိုင်းကစားနည်းသည် ရန်ကုန်မှ လားရှိုးအထိ သိုင်းကစားသူများကြား ခေတ်စားလာနေသည်

တွမ်ဆင်န်ဒါးစ် ရေးသားသည်။

လူနှစ်ယောက်သည် အဖြူရောင် ချည်သားဝတ်ရုံများ ဝတ်ဆင်ပြီး လုံးထွေးသတ်ပုတ်နေကြသည်။ ပြင်းထန်သော အသက်ရှူသံများမှလွဲပြီး ဘာမျှမကြားရပေ။ ခင်းထားသောဖျာမှာ ချွေးများဖြင့် စိုရွှဲနေသည်။

တစ်ချက်အားစိုက်လှည့်လိုက်ရာ တစ်ယောက်မှာ မြေကြီးပေါ် ပစ်ကျသွားသည်။ လဲကျသွားသူက သူ့ခြေထောက်ဖြင့် ပစ်လှဲလိုက်သူ၏ လည်ပင်းကို ဖမ်းညှပ်လိုက်သည်။ သူက ဟန်ချက်ပြန်ယူပြီး ပြိုင်ဘက်၏ ဦးခေါင်းကို ခြေထောက်ဖြင့် ဖိညှပ်ထားသည်။ triangle choke ဟု ခေါ်ဆိုသော ဤနည်းစနစ်သည် ပြိုင်ဘက်၏ လည်ပင်းနှစ်ဖက်မှ သွေးကြောများကို ဖိညှစ်ပြီး ဦးနှောက်သို့ သွေးမလျှောက်နိုင်အောင် လုပ်ဆောင်ခြင်းဖြစ်သည်။

စက္ကန့်ပိုင်းအတွင်း ပြိုင်ဘက်က အသက်ရှူကျပ်လာသောအခါ လည်ပင်းညစ်ထားသူ၏ လက်မောင်းကိုပုတ်၍ အချက်ပေးလိုက်သည်။ ထိုအခါ ညှစ်ထားသူက ချက်ချင်းလွှတ်ပေးလိုက်သည်။ ထို့နောက် အချင်းချင်း လက်ဝါးချင်းရိုက်ကာ နှုတ်ဆက်ပြီး နောက်တစ်ချီ တိုက်ခိုက်ဖို့ ပြင်ကြသည်။

ယင်းမြင်ကွင်းမျိုးတို့ကို လားရှိုးနှင့် ရန်ကုန်မြို့များတွင် တွေ့မြင်ရသည်။ ကိုယ်ခံပညာ လေ့ကျင့်ခြင်း ကစားသူများကြား အချင်းချင်း ရိုင်းပင်းခြင်း ပြိုင်ပွဲများ လုပ်ဆောင်လာခြင်းကြောင့် ဘရာဇီးဂျူဂျစ်ဆု သိုင်းကစားနည်းသည် မြန်မာနိုင်ငံရှိ အားကစားခန်းမများတွင် ရေပန်းစားလာသည်။

ကိုယ်ခံပညာ သိုင်းပေါင်းစုံ (Mixed martial arts – MMA) ကို ကျွမ်းကျင်တတ်မြောက်သူများသည် ဘရာဇီးဂျူဂျစ်ဆု သိုင်းကစားနည်းနှင့်လည်း အကျွမ်းဝင်နိုင်သည်။ ယင်းကစားနည်း၌ ပြိုင်ဘက်ကို အသက်ရှူကျပ်အောင် လုပ်ဆောင်ခြင်း၊ ကိုင်ပေါက်ခြင်းစသော အခြေခံသိုင်းပညာများ ပါဝင်သည်။ ယင်းမှာ ဂျပန်နိုင်ငံရိုးရာ ဂျူဒိုကစားနည်းမှ ဆင်းသက်လာပြီး ဘရာဇီးလူမျိုး ဂရာဇီမိသားစု Brazilian Gracie family က ပြုပြင်ပြောင်းလဲခဲ့ခြင်း ဖြစ်သည်ဟု အချို့က ယုံကြည်ကြသည်။ ယင်းသည် အသက်အန္တရာယ်နှင့်နီးသော သိုင်းကစားနည်း ပုံစံတစ်မျိုးဖြစ်သည်။

ဂရာဇီမိသားစုသည် ဘရာဇီးဂျူဂျစ်ဆု သိုင်းကစားနည်း၏ အလားအလာကို ယုံကြည်သောကြောင့် ဂရာဇီချဲ့လင့် Gracie Challenge ဟူသော ပြိုင်ပွဲကို ဖန်တီးပေးခဲ့သည်။ ထိုပြိုင်ပွဲတွင် သိုင်းကစားနည်းမျိုးစုံမှ ကျွမ်းကျင်သူများက တစ်ဦးချင်း တိုက်ခိုက်ရာတွင် သူတို့အားနိုင်အောင်ကစားနိုင်က ငွေသားဆုများ ချီးမြှင့်ပေးသည်။ ထိုပြိုင်ပွဲမှတဆင့် ယနေ့တွင် Ultimate Fighting Championship ပြိုင်ပွဲများ ကျင်းပလာပြီး သိုင်းကစားနည်းမျိုးစုံမှ ပညာရှင်များ ဝင်ရောက်ယှဉ်ပြိုင်နိုင်သည်။ MMA ကစားနည်းများတွင် ဘရာဇီးဂျူဂျစ်ဆု ကစားနည်းမှာ ရေပန်းစားလာသောကြောင့် ကမ္ဘာတစ်ဝန်း ကစားသူ များပြားလာသည်။ ယင်းကစားနည်းသည် ယခင်ကတည်းက ရိုးရာလက်ဝှေ့ ကစားနည်း ရှိပြီးသားဖြစ်သော မြန်မာနိုင်ငံသို့ ပျံ့နှံ့လာခြင်းဖြစ်သည်။

“ဒီသိုင်းကစားနည်းက သိပ်ကိုရှုပ်ထွေးတယ်။ ကျွမ်းကျင်ဖို့ဆိုရင် အချိန်အများကြီး ယူရတယ်။ ဒါပေမဲ့ စွဲစွဲမြဲမြဲ ကစားမယ်ဆိုရင် သင့်အတွက် အကျိုးအများကြီး ရရှိနိုင်ပါတယ်” ဟု ရန်ကုန်မြို့လယ်မှ Transcend Fitness ကစားရုံကို ပိုင်ဆိုင်သော ဂျိုအီကျော်က ပြောသည်။ ယင်းအားကစားခန်းမတွင် ဘရာဇီးဂျူဂျစ်ဆု သိုင်းကစား သင်တန်းကို တစ်ပတ်လျှင် ခြောက်ကြိမ်ဖွင့်ထားသည်။

ဘရာဇီးဂျူဂျစ်ဆုကစားနည်းတွင် ကိုယ်ခန္ဓာသေးငယ်သော ကစားသမားကလည်း ကိုယ့်ထက်ပိုကြီးမားသော ပြိုင်ဘက်ကို နည်းဗျူဟာအားသာချက်ဖြင့် အနိုင်ယူနိုင်သည်။ ခွန်အားအသုံးပြု ကစားခြင်းထက် စစ်တုရင်ကစားနည်းနှင့် ပိုမိုဆင်တူသည်။ ဓာတ်ပုံ - သူရဇော်

ဘရာဇီးဂျူဂျစ်ဆုကစားနည်းတွင် ကိုယ်ခန္ဓာသေးငယ်သော ကစားသမားကလည်း ကိုယ့်ထက်ပိုကြီးမားသော ပြိုင်ဘက်ကို နည်းဗျူဟာအားသာချက်ဖြင့် အနိုင်ယူနိုင်သည်။ ခွန်အားအသုံးပြု ကစားခြင်းထက် စစ်တုရင်ကစားနည်းနှင့် ပိုမိုဆင်တူသည်။ ဓာတ်ပုံ – သူရဇော်

Transcend အားကစားခန်းမတွင် မြန်မာ၊ ဗြိတိန်၊ နယူးဇီလန်၊ ဂျပန်နှင့် စင်ကာပူတို့မှ သိုင်းကစားသူများ အတူတကွ လေ့ကျင့်ကြသည်။ တခါတရံတွင် အခြားနိုင်ငံများမှ ကျွမ်းကျင်ပညာရှင်များလာရောက်ပြီး သင်တန်းပို့ချသည်။ ယင်းသည် ကျွမ်းဝင်ရှင်သန်သော လူ့အဖွဲ့အစည်း တစ်ခုဖြစ်ပြီး အဖွဲ့ဝင်သစ်များကို ကြိုဆိုလျက်ရှိသည်။

ဘရာဇီးဂျူဂျစ်ဆု သိုင်းကစားနည်းသည် စတင်လေ့ကျင့်သူများအတွက် ခက်ခဲနိုင်သောကြောင့် ထိုသို့ရင်းနှီးကျွမ်းဝင်မှုက အထောက်အကူရသည်။ ပထမလအနည်းငယ်တွင် ကျွမ်းကျင်ကစားသမားများက ပေးနိုင်သော မွန်းကျပ်စေမှုကို မကြောက်တတ်အောင် လေ့ကျင့်ယူရသည်။

ဘရာဇီးဂျူဂျစ်ဆု ကစားရန်မှာ အားရစရာ အားကစားသမားခန္ဓာကိုယ်နှင့် ဧရာမကြွက်သားကြီးများ မလိုအပ်ပေ။ ကိုယ့်ကိုယ်ကိုယ် နှိမ့်ချတတ်မှုနှင့် စိတ်ရှည်မှုသာ လိုအပ်သည်။ ကိုယ်ခန္ဓာသေးငယ်သော ကစားသမားကလည်း ကိုယ့်ထက်ပိုကြီးမားသော ပြိုင်ဘက်ကို နည်းဗျူဟာအားသာချက်ဖြင့် အနိုင်ယူနိုင်သည်။ ခွန်အားအသုံးပြု ကစားခြင်းထက် စစ်တုရင်ကစားနည်းနှင့် ပိုမိုဆင်တူသည်။ ထို့ကြောင့် ဘရာဇီးဂျူဂျစ်ဆု ကစားနည်းကို အသက်အရွယ်မရွေး၊ ကိုယ်ခန္ဓာအချိုးအစားမရွေး အမျိုးသား အမျိုးသမီးအားလုံး စိတ်ဝင်စားကြသည်။ သိုင်းပညာသင်ယူရသည်မှာ ခက်ခဲသောကြောင့် ကစားသူ နည်းပါးကြသော်လည်း ဘရာဇီးဂျူဂျစ်ဆု ကစားနည်းကို လူအများက စိတ်ဝင်စားရသည့် အကြောင်းရင်းကို ဂျိုအီက ရှင်းပြသည်။

“ဒီကစားနည်းမှာ ရရှိနိုင်တဲ့ အကျိုးရလဒ်က များစွာရှိတယ်။ စည်းကမ်းရှိမှု၊ စိတ်ရှည်မှု၊ တည်ငြိမ်မှု၊ အတူလေ့ကျင့်သူများနှင့် ရင်းနှီးကျွမ်းဝင်မှုစတဲ့ အကျိုးကျေးဇူးတွေ ရရှိနိုင်ပါတယ်” ဟု ဂျိုအီကဆိုသည်။

ကိုယ်ခန္ဓာသေးငယ်သော ကစားသမားက ၎င်းထက် ပိုမိုကြီးမားသော ပြိုင်ဘက်ကို အားအင်သုံးရန် မလိုအပ်ဘဲ ထိန်းချုပ်ကိုင်ပေါက်နိုင်သောကြောင့် သင်တန်းသားတချို့က ကစားရန်ကြောက်ရွံ့ကြသည်။ သို့သော် အချို့အတွက်မူ ထိုအချက်က ဆွဲဆောင်မှု တစ်ခုဖြစ်နေသည်။ တိုက်ရိုက်သရုပ်ပြ စမ်းသပ်လေ့ကျင့် သင်ကြားပေးမှုကြောင့် သင်တန်းသားများသည် အချုပ်ခံထားရမှုမှ လွတ်အောင် ကြိုးပမ်းခြင်း၊ မိမိကိုယ်တိုင်က ဖမ်းချုပ်လာနိုင်ခြင်းများ လုပ်ဆောင်လာနိုင်သည်။ မိမိအန္တရာယ် ဖြစ်လာပါက လက်မောင်းကိုပုတ်ပြီး လွှတ်ပေးခိုင်းနိုင်သောကြောင့် အန္တရာယ်မရှိနိုင်ပေ။

မက်ဟု လူသိများသော McCulloch Sakuhei သည် BJJ ခရမ်းရောင် ခါးပတ်ပိုင်ဆိုင်ထားပြီး Yangon RAW အားကစားခန်းမကို ပိုင်ဆိုင်သူဖြစ်သည်။ သူ၏ခန်းမတွင် MMA နာမည်ကြီး ကစားသမား အောင်လအန်ဆန်းသည် ဒီဇင်ဘာလအတွင်းက အလှူအစီအစဉ် တစ်ခုအဖြစ် ကိုင်ပေါက်သည့်သင်တန်းကို ပို့ချခဲ့သည်။ မက်၏သင်ကြားပို့ချမှုကြောင့် BJJ Myanmar အဖွဲ့သည် Copa de Bangkok တွင် ဆုတံဆိပ် အများအပြားရရှိပြီး ရန်ကုန်သို့ ပြန်လာနိုင်ခဲ့သည်။ သူ၏ရိုးရှင်းသော သင်ကြားပြသပုံကြောင့် BJJ Myanmar အဖွဲ့ဝင်များက သူ့ကို သဘောကျကြသည်။

အကြမ်းပတမ်း ကစားရသော မွေထိုင်း Muay thai ကစားနည်း၊ မြန်မာ့လက်ဝှေ့ကစားနည်းတို့နှင့် မတူညီဘဲ ဘရာဇီးဂျူဂျစ်ဆု ပြိုင်ပွဲများတွင် ပရိသတ် နည်းပါးလျက်ရှိသည်။ နည်းဗျူဟာနှင့် ကြံ့ခိုင်မှုသည် အောင်မြင်မှုအတွက် အရေးပါသည်။ ထိခုက်ဒဏ်ရာ ရရှိမှုအပေါ်မူတည်ပြီး အနိုင်အရှုံးကို အဆုံးအဖြတ်မပေးဘဲ ဖြစ်လာပါကလည်း ရှုပ်ထွေးလှသည့်ကစားနည်းကို ပွဲကြည့်ပရိသတ်များ နားမလည်နိုင်ဖြစ်တတ်သည်။ အကြမ်းပတမ်း ကစားခြင်းကို ကြည့်ရှုလိုသူများက အခြားကစားနည်းကို ရှာဖွေကြမည် ဖြစ်သော်လည်း ဘရာဇီးဂျူဂျစ်ဆု ပြိုင်ပွဲများသည် ကစားရသည်မှာ ပြိုင်ဆိုင်မှု ပြင်းထန်သောကြောင့် BJJ Myanmar အဖွဲ့ဝင်များက စွဲစွဲမြဲမြဲ ကစားနေကြခြင်း ဖြစ်သည်။ ၎င်းတို့သည် အနာဂတ်တွင် မြန်မာနိုင်ငံကို ကိုယ်စားပြုနိုင်ရန် မျှော်လင့်လျက်ရှိကြသည်။

ထိခိုက်ဒဏ်ရာ ရရှိမှုကို ရှောင်ရှားလိုသော လူများကို ဘရာဇီးဂျူဂျစ်ဆု ကစားနည်း ကစားရန် မက်က အကြံပြုထားသည်။ “ပထမပိုင်းတော့ ကစားရတာ ခက်ခဲတယ်။ ဒါပေမဲ့ ၃ လလောက် ကစားပြီးရင် သဘောတရား နားလည်သွားပြီ လက်ဝှေ့ထိုးတာလို ဦးခေါင်းဒဏ်ရာ ရရှိမှာ မစိုးရိမ်ရတော့ ရာနှုန်းပြည့် ပြင်းပြင်းထန်ထန် ကစားလို့ရတယ်” ဟု မက်က ဆိုသည်။

Yangon's Transcend Fitness gym တွင် ဂျိုအီကျော်(ဝဲဒုတိယ)နှင့်အတူ ဘရာဇီးဂျူဂျစ်ဆု ကစားသမားများကိုတွေ့ရစဉ်။ ဓာတ်ပုံ - သူရဇော်

Yangon’s Transcend Fitness gym တွင် ဂျိုအီကျော်(ဝဲဒုတိယ)နှင့်အတူ ဘရာဇီးဂျူဂျစ်ဆု ကစားသမားများကိုတွေ့ရစဉ်။ ဓာတ်ပုံ – သူရဇော်

MMA ကစားသမား ဖိုးသော် (Phoe Bushido Thaw) သည် ပြင်းအားအပြည့်ဖြင့် ကစားတတ်သူ ဖြစ်သည်။ ရန်ကုန် သုဝဏ္ဏမိုးလုံလေလုံ ကစားကွင်း၌ကျင်းပသော One Championship MMA ပြိုင်ပွဲတွင် သူသည် ခြောက်ပွဲဆက်တိုက် အနိုင်ရခဲ့ပြီး ကီးနူးဆူဘား Keanu Subba နှင့် ထိုးသတ်ချိန်ကျမှ ရှုံးနိမ့်ခဲ့သူဖြစ်သည်။ ဆူဘားသည် ပထမအချီတွင်ပင် လည်ပင်းကို အသက်ရှူကျပ်စေသော ဘရာဇီးဂျူဂျစ်ဆုနည်းဖြင့် ဖိုးသော်ကို အနိုင်ရရှိခဲ့ခြင်းဖြစ်သည်။ ယင်းမှာ ဖိုးသော် ပထမဆုံးအကြိမ် ရှုံးနိမ့်ဖူးခြင်းဖြစ်သည်။ ဖိုးသော်က ထိုရှုံးနိမ့်မှုကြောင့် သူ၏ကစားပုံကို ပြန်လည်သုံးသပ်ခွင့် ရရှိခဲ့သည်ဟု ရန်ကုန်ရှိ သူ၏ အားကစားခန်းမတွင် ပြောကြားခဲ့သည်။

“ကျွန်တော် အဲဒီအချိန်ကာလကို ဘယ်တော့မှ မေ့မှာမဟုတ်ဘူး။ အဲဒီ ၂ စက္ကန့်တာ အချိန်လေးက ကျွန်တော်အတွက် သင်ခန်းစာတွေ အများကြီး ရလိုက်တယ်” ဟု ဖိုးသော်က ပြောသည်။

MMA ရဲ့ No-holds-barred ဆိုသည့် ပိတ်ပင်တားဆီးမှုမရှိ စိတ်ကြိုက်တိုက်ခိုက်နည်းက ကစားနည်း အားလုံးကို ကျွမ်းကျင်ဖို့လိုကြောင်းနှင့် ဘရာဇီးဂျူဂျစ်ဆုသည် နိုင်ပွဲရရေးအတွက် အရေးပါကြောင်း ဖိုးသော် သိရှိသွားပြီဖြစ်သည်။

“MMA က ရွေးချယ်စရာ ကစားနည်း ၂ မျိုးရှိတယ်။ တစ်မျိုးတည်းနဲ့ ကြိုးဝိုင်းထဲဝင်သွားရင် ရှုံးဖို့က ၅၀ ရာခိုင်နှုန်း သေချာနေပြီ” ဟု သူက ဆိုသည်။

ဖိုးသော်သည် ထိုအချိန်ကစပြီး ဂျပန်လူမျိုး ဘရာဇီးဂျူဂျစ်ဆု ကျွမ်းကျင်ပညာရှင် ရှုမိချိ ရှိမိဇု Shunichi Shimizu ကို သူ၏အားကစားခန်းမတွင် နေရာပေးကာ ဘရာဇီးဂျူဂျစ်ဆုကို သင်ယူခဲ့သည်။ ရှိမိဇုသည် ထိုခန်းမတွင် ဖိုးသော်အပြင် အခြားကစားသမား လေးဦးကိုလည်း သင်ကြားပေးသည်။ ကချင်ပြည်နယ်၊ ကယားပြည်နယ်နှင့် မကွေးတိုင်းတို့မှ အမျိုးသား သုံးဦးနှင့် ကရင်ပြည်နယ်မှ အမျိုးသမီး တစ်ဦးတို့ ဖြစ်သည်။ မြန်မာနိုင်ငံမှ MMA ကစားသမား မျိုးဆက်သစ်များဖြစ်သည့် ၎င်းတို့သည် ဖိုးသော်၏ ရိုးရှင်းသော သင်ကြားပြသပုံကြောင့် သူ့အားကစားခန်းမသို့ လာရောက်သင်ကြားခြင်းဖြစ်သည်။ မြန်မာနိုင်ငံ၏ MMA အနာဂတ်သည် ၎င်းတို့ပေါ်တွင် မူတည်နေသည်။

ဘရာဇီးဂျူဂျစ်ဆုသည် မိမိကိုယ်ကို ကာကွယ်နည်း တစ်ခုလည်း ဖြစ်သည်။ ရန်ကုန်တက္ကသိုလ်မှ ဆရာဖြစ်ပြီး ဘရာဇီးဂျူဂျစ်ဆု ခါးပတ်ပြာကို ရရှိထားသော မတ်ခ်ဘရောင်း Mark Brown သည် ယခင်က လားရှိုးမြို့တွင် နေထိုင်ခဲ့သည်။ ရှမ်းပြည်မြောက်ပိုင်းရှိ ထိုမြို့တွင်နေထိုင်စဉ်က သူသည် ဒေသခံရှမ်းအမျိုးသမီးများအား သူတို့တိုက်ခိုက်ခံရပါက ကာကွယ်နိုင်ရန် ဘရာဇီးဂျူဂျစ်ဆု ကိုယ်ခံပညာကို သင်ကြားပေးသည်။

နိုင်ငံခြားသား တစ်ယောက်က သိုင်းကစားနည်းသစ် တစ်ခုကို သင်ကြားနေသည့်သတင်းသည် တမြို့လုံး ပျံ့နှံ့သွားပြီး မကြာမီ သူထံသို့ ကိုယ်ခံပညာသင်ကြားရန် အမျိုးသား အများအပြား တိုး၍တိုး၍ုရောက်လာသည်။ ယခုအခါ ရန်ကုန်သို့ သူပြန်လာပြီဖြစ်သော်လည်း လားရှိုးမြို့က တပည့်များက သူ့ထံ လာရောက်လည်ပတ်နေကြဆဲ ဖြစ်သည်။

လားရှိုးမြို့မှ အမျိုးသမီးကစားသမားများ၊ ဖိုးသော်ထံသင်ကြားပေးနေသော တပည့်များနှင့် Transcend အားကစားရုံတွင် လေ့ကျင့်သင်ကြားနေသူအားလုံးသည် ဘရာဇီးဂျူဂျစ်ဆုကို မတူညီသော ရည်ရွယ်ချက်များဖြင့် သင်ကြားနေကြခြင်းဖြစ်သည်။ ဘရာဇီးဂျူဂျစ်ဆုသည် လူတိုင်းအတွက် ဖြစ်နိုင်သော်လည်း လေ့ကျင့်သင်ကြားရန် ခက်ခဲသောကြောင့် အများအပြားသည် စွန့်ခွာကုန်ကြသည်။ သို့သော် စွဲစွဲမြဲမြဲ လိုက်စားသူများအတွက် ဘရာဇီးဂျူဂျစ်ဆု ကိုယ်ခံပညာသည် ယခုမှ အစပြုရုံသာရှိသေးသည်။

ဘယ်မှာလေ့ကျင့်ကြမလဲ

Transcend Fitness၊ ၅ လွှာ၊ ဂျန်းရှင်းမော်တင်၊ 09 9689 68675

Raw Yangon ၁၃၂ အေ ၊ အင်းလျားလမ်း 09 2553 19431

ခေါင်းစီးဓာတ်ပုံ။  နည်းဗျူဟာနှင့် ကြံ့ခိုင်မှုတို့သည် ဘရာဇီးဂျူဂျစ်ဆု ကိုယ်ခံပညာ အောင်မြင်မှုရရှိရေးအတွက် အဓိကသော့ချက်ဖြစ်သည်။ ဓာတ်ပုံ – သူရဇော်

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.