မြန်မာနိုင်ငံပိုင် အရန်နိုင်ငံခြားငွေနှင့် ရွှေပမာဏ မကြာမီ ထုတ်ပြန်မည်

နေပြည်တော်၊ မေ ၃

မြန်မာနိုင်ငံတော် ဗဟိုဘဏ်က တာဝန်ယူစီမံခန့်ခွဲနေသည့် နိုင်ငံပိုင် အရန်နိုင်ငံခြားငွေ၊ ရွှေပမာဏ၊ ပိုင်ဆိုင်မှုနှင့် ပြည်ပကြွေးမြီအချိုးကဲ့သို့သော သတင်းအချက်အလက်များကို မကြာမီ ထုတ်ပြန်ပေးမည်ဟု ဗဟိုဘဏ် ဒုတိယ ဥက္ကဋ္ဌ ဦးဆက်အောင်က ပြောကြားသည်။

“ဗဟိုဘဏ်နဲ့ပတ်သက်တဲ့ သတင်းအချက်အလက်တွေ ထုတ်ပြန်ဖို့ ဒါရိုက်တာအဖွဲ့က အတည်ပြုပြီးပါပြီ။ အဲဒါ ထွက်လာတယ်ဆိုရင် သတင်းအချက်အလက် အတော်များများကို အစုံအလင်သိရှိရမှာပါ။ သတင်းအချက်အလက်နဲ့ ပတ်သက်တဲ့စာအုပ်လေးပါ။ အဲဒီထဲမှာ အရင်တုန်းကဖော်ပြခြင်းမရှိတဲ့ ကိန်းဂဏန်းတွေ ဖော်ပြထား ပါတယ်” ဟု ၎င်းက ဆိုသည်။

နေပြည်တော်၊ ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် မတ် ၂ ရက်နေ့၌ ပြုလုပ်သည့် အစိုးရတစ်နှစ်တာကာလအတွင်း လုပ်ငန်းဆောင်ရွက်မှုများနှင့် ပတ်သက်သော သတင်းစာရှင်းလင်းပွဲတွင် သတင်းထောက်တစ်ဦး၏ မေးမြန်းမှုကို ၎င်းက ထိုသို့ ဖြေကြားခြင်းဖြစ်သည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ်ကို ၂၀၁၁ ခုနှစ်မှစတင်ပြီး ပြောင်းလဲလာသော နိုင်ငံရေးစနစ်နှင့်အညီ အစိုးရ၏ စီးပွားရေးနှင့် ဘဏ္ဍာရေးမူဝါဒများကို အထောက်အပံ့ဖြစ်စေသော ငွေကြေးမူဝါဒများ ဖော်ဆောင်ကျင့်သုံးနိုင်ရန် ရည်ရွယ်ပြီး လွတ်လပ်သော အဖွဲ့အစည်းအဖြစ် ရပ်တည်နိုင်ရန် ပြင်ဆင်ဖွဲ့စည်းမှုများ စတင်ပြီးနောက် ခြောက်နှစ်ခန့်အကြာတွင် အဆင့်မြင့်တာဝန်ရှိသူတစ်ဦးက ယခုလို ထုတ်ဖော်ပြောကြားလိုက်ခြင်းဖြစ်သည်။

၁၉၅၂ ခုနှစ်တွင် မတည်ငွေရင်း ကျပ်သန်း ၄၀ဖြင့် စတင်ခဲ့သောဗဟိုဘဏ်ကို ၁၉၆၇ ခုနှစ်အရောက်တွင် အစိုးရက အပြည့်အဝထည့်ဝင်သော ကျပ်သန်း ၂၀၀ ဖြင့် ပြောင်းလဲတည်ထောင်ခဲ့ခြင်းဖြစ်သည်။ မြန်မာ့ ဆိုရှယ်လစ်လမ်းစဉ်ပါတီခေတ်တွင် ဘဏ်များအားလုံးကို ပြည်သူပိုင်သိမ်းခဲ့ပြီးနောက် ၁၉၇၅ ခုနှစ်၊ ဘဏ်ဥပဒေအရ ဗဟိုဘဏ်ကို အစိုးရထည့်ဝင်ငွေ ကျပ်သန်း ၂၀၀ ဖြင့်ပင် လုပ်ငန်းများ ဆက်လက်လည်ပတ်ခဲ့သည်။

ထို့နောက် ၁၉၈၈ ခုနှစ်မှစ၍ မတည်ငွေရင်း အစိုးရထည့်ဝင်ငွေ ကျပ်သန်း ၂၀၀ အပါအဝင် စုစုပေါင်း ကျပ်သန်းပေါင်း ၅၀၀ ဖြင့် လုပ်ငန်းများ ဆက်လက်လည်ပတ်နေခဲ့ပြီး ဒီမိုကရေစီအသွင်ကူးပြောင်းရေးကာလ ၂၀၁၂ ခုနှစ်အရောက်တွင် မြန်မာနိုင်ငံတော်ဗဟိုဘဏ်၏ ခွင့်ပြုမတည်ငွေရင်းသည် ကျပ်သန်းပေါင်း သုံးသိန်း ဖြစ်လာခဲ့သည်။ ယင်းအနက် နိုင်ငံတော်ထည့်ဝင်ငွေ ကျပ်သန်းပေါင်းတစ်သိန်း ပါဝင်ကြောင်းသိရသည်။

မြန်မာနိုင်ငံတော်ဗဟိုဘဏ် ဝက်ဘ်ဆိုဒ်တွင် သတင်းထုတ်ပြန်မှုများ၌ ဘဏ်၏ ခေတ်အလိုက် မတည်ရင်းနှီးငွေ ပမာဏများကို တွေ့ရသော်လည်း နိုင်ငံပိုင် အရန် နိုင်ငံခြားငွေနှင့်ရွှေပမာဏကဲ့သို့သော အသေးစိတ်အချက် အလက်များ ဖော်ပြထားခြင်းမရှိသေးပေ။

သတင်း-ဉာဏ်လှိုင်လင်း

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.