မြတ်ကျော်သူ
မြန်မာနိုင်ငံတွင် ၁၉၄၉ ခုနှစ်ကတည်းက ပြည်တွင်းစစ်ပြီးဆုံးခဲ့ပြီဖြစ်ကာ လက်ရှိအချိန်တွင် ပြည်တွင်းစစ်မရှိတော့ဟု တပ်မတော်သတင်းမှန်ပြန်ကြားရေးအဖွဲ့က ပြောကြားသည်။
ရခိုင်ပြည်နယ်တွင် AA (ရက္ခိုင့်တပ်မတော်) နှင့် လက်ရှိဖြစ်ပွားနေသော တိုက်ပွဲများသည် ပြည်တွင်းစစ် မဟုတ်ဘဲ “သောင်းကျန်းသူနှိမ်နင်းရေးစစ်” သာ ဖြစ်သည်ဟု နေပြည်တော်တွင် ယနေ့၊ ဇန်နဝါရီ ၁၈ ရက်နေ့က ပြုလုပ်သည့် တပ်မတော်သတင်းစာရှင်းလင်းပွဲ၌ တပ်မတော်ကိုယ်စား ရှင်းလင်းသည့် ဗိုလ်မှူးချုပ်ဇော်မင်းထွန်းက ပြောသည်။
“မြန်မာနိုင်ငံမှာ ပြည်တွင်းစစ်ဆိုတာ ၁၉၄၉ ခုနှစ်၊ မေလ ၂၄ ရက်၊ အင်းစိန်တိုက်ပွဲပြီးကတည်းက အဆုံးသတ်သွားပါပြီ” ဟု ဗိုလ်မှူးချုပ် ဇော်မင်းထွန်းကဆိုသည်။
ထို့ပြင် “နောက်ပိုင်းမှာ ဖြစ်ပေါ်နေတဲ့ တိုက်ပွဲတွေ၊ ထိတွေ့မှုတွေ၊ ပဋိပက္ခတွေဟာ အကြောင်းအမျိုးမျိုးကြောင့် နိုင်ငံတော်အစိုးရကို လက်နက်စွဲကိုင် တော်လှန်နေတဲ့ သောင်းကျန်းသူ နှိမ်နင်းရေးစစ်၊ ၎င်းအပြင် ဒေသခံ လက်နက်ကိုင် ပဋိပက္ခတွေ ဖြစ်ပါတယ်” ဟုလည်း ၎င်းကဆိုသည်။
၎င်းနဲ့ တဆက်စပ်တည်း အဆိုပါ ပြည်တွင်းစစ်ဟူသည့် ဝေါဟာရကို မီဒီယာများအနေနှင့် “ဂရုတစိုက် သုံးစွဲသင့်” သည်ဟုလည်း တပ်မတော်သတင်းမှန် ပြန်ကြားရေးအဖွဲ့က ဆိုသည်။
ပြီးခဲ့သည့် ဇန်နဝါရီ ၄ ရက်နေ့၊ လွတ်လပ်ရေးနေ့တွင် ရခိုင်ပြည်နယ်ရှိ ရဲစခန်းများအား AA အဖွဲ့က ဝင်ရောက်တိုက်ခိုက်ပြီးနောက်ပိုင်း AA အဖွဲ့အား အကြမ်းဖက်သောင်းကျန်းသူအဖြစ် သတ်မှတ်ပြီး စစ်ဆေးရေးဆောင်ရွက်နေသည်ဟု အစိုးရက ပြောကြားထားသည်။
စစ်ဆင်ရေးစတင်သည့် ဇန်နဝါရီ ၅ ရက်နေ့မှ ၁၆ ရက်နေ့အတွင်း တိုက်ပွဲ ရှစ်ကြိမ်ဖြစ်ပွားခဲ့သည်ဟု သိရသည်။