အိမ်နီးချင်းထိုင်းနိုင်ငံတွင် ပြီးခဲ့သော ရက်ပိုင်းအတွင်းက ဇီကာဗိုင်းရပ်စ် ကူးစက်ခံရသူများ ရှိခဲ့သော်လည်း လက်ရှိအချိန်အထိ မြန်မာနိုင်ငံတွင် ယင်းရောဂါပိုး ကူးစက်ခံရသူ မတွေ့ရသေးကြောင်း ကျန်းမာရေးဝန်ကြီးဌာနက စက်တင်ဘာ ၈ ရက်နေ့တွင် သတင်းထုတ်ပြန်လိုက်သည်။
စင်ကာပူနိုင်ငံတွင် မြန်မာတစ်ဦးနှင့် ထိုင်းနိုင်ငံ၊ ချင်းမိုင်မြို့တွင် မြန်မာတစ်ဦးတို့ ဇီကာပိုး ကူးစက်ခံထားရပြီဖြစ်ရာ အဆိုပါဒေသများသို့ အထူးသဖြင့် ကိုယ်ဝန်ဆောင်မိခင်များ မလာ ရောက်ရန် သက်ဆိုင်ရာ ကောင်စစ်ဝန်ရုံးများက ကြေညာချက် ထုတ်ပြန်ထားသည်။
ခြင်မှတဆင့် ကူးစက်တတ်သော အဆိုပါရောဂါအတွက် ကာကွယ်ဆေး မထွက်ပေါ်သေးပဲ ရောဂါ လက္ခဏာသက်သာစေရန်သာ ကုသနိုင်သေးသည်။ ကူးစက်ခံရပါက သားသမီးမွေးသောအခါ ဦးနှောက် သေးငယ်သော ကလေးငယ်များ မွေးဖွားမည်ဖြစ်ရာ တစ်ကမ္ဘာလုံး အတိုင်းအတာဖြင့်ပင် ကုလသမဂ္ဂက နှိုးဆော်တပ်လှန့်ထားသည်။
အဆိုပါရောဂါကို သယ်ဆောင်သည့်ခြင်မှာ သွေးလွန်တုပ်ကွေးရောဂါကို သယ်ဆောင်သည့် အေဒီးစ် ခြင်ကျားအမျိုးအစားဖြစ်သည်ဟု ကျန်းမာရေးဝန်ကြီးဌာနက ဆိုထားသည်။
လက်ရှိတွင် အစိုးရက လေဆိပ်၊ ရေဆိပ်နှင့် နိုင်ငံတကာဝင်ပေါက်များတွင် ကိုယ်အပူချိန် ထောက်လှမ်းရေး ကိရိယာများဖြင့် စောင့်ကြပ်ကြည့်ရှုနေပြီး၊ ဇီကာသယ်ဆောင်သည့် ခြင်၏ ပိုးလောက်လန်း၊ ခြင်ဥများကိုလည်း သက်ဆိုင်ရာနည်းပညာဖြင့် ထောက်လှမ်းကာ ကာကွယ်နိုင်ရန် အရှိန်မြှင့်ဆောင်ရွက်နေပြီဟု ကျန်းမာရေးဝန်ကြီးဌာနမှ ဒုတိယညွှန်ကြားရေးမှူး ဒေါက်တာဇော်လင်းက Frontier ကိုပြောသည်။
သံသယရှိသည့် လူနာတွေ့ရှိပါကလည်း စစ်ဆေးနိုင်မည့်ဓာတ်ခွဲခန်းကို ရန်ကုန်မြို့တွင် အဆင်သင့် ပြင်ဆင်ပြီးပြီဖြစ်ကာ ကနဦးစစ်ဆေးချက်များကို ယင်းနေရာတွင် ဆောင်ရွက်နိုင်ပြီဟု ကျန်းမာရေးဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။
ကမ္ဘာ့ကျန်းမာရေးအဖွဲ့၏ ထုတ်ပြန်ချက်အရ စက်တင်ဘာ ၁ ရက်နေ့ထိ ကမ္ဘာ့နိုင်ငံပေါင်း ၇၂ နိုင်ငံတွင် ဇီကာရောဂါ ဖြစ်ပွားနေပြီဖြစ်ကြောင်း သိရသည်။
ဇီကာနှင့်ပတ်သက်သောသတင်းများကို ပြည်သူ့ကျန်းမာရေးဦးစီးဌာန၏ Myanmar CDC Facebook စာမျက်နှာတွင် ကြည့်ရှုနိုင်မည်ဖြစ်သည်။
သတင်း-ကျော်ဖုန်းကျော်