အေအက်ဖ်ပီ
ရိုဟင်ဂျာလူနည်းစုအပေါ် လူမျိုးတုံး ရှင်းလင်းသတ်ဖြတ်မှု ကျူးလွန်ခဲ့သည်ဆိုသည့် စွပ်စွဲချက်များ ထွက်ပေါ်နေချိန်၌ မြန်မာနိုင်ငံတွင် ကျူးလွန်ခဲ့သည့် ပြစ်မှုများကို စွဲချက်တင်ရေးအတွက် ပြင်ဆင်မည့် အဖွဲ့တစ်ခုအတွက် ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက စက်တင်ဘာ ၂၇ ရက်နေ့တွင် မဲခွဲဆုံးဖြတ်လိုက်သည်။
၂၀၁၁ ခုနှစ်ကတည်းက မြန်မာနိုင်ငံတွင် ကျူးလွန်ခဲသည့် ပြင်းထန်သည့် နိုင်ငံတကာပြစ်မှုများနှင့် နိုင်ငံတကာ ဥပဒေချိုးဖောက်မှုများကို စုစည်းရန်၊ ခိုင်မာရန်၊ ထိန်းသိမ်းရန်နှင့် ဆန်းစစ်လေ့လာရန် ဆက်လက်ဆောင်ရွက်နေမည့် လွတ်လပ်သည့် ယန္တရားတစ်ခုကို တည်ထောင်ရန် လူ့အခွင့်အရေးကောင်စီက မဲပေးဆုံးဖြတ်ခဲ့ခြင်းဖြစ်သည်။
ထိုအဖွဲ့သည် နိုင်ငံတွင်း၊ ဒေသတွင်း၊ သို့မဟုတ် နိုင်ငံတကာတရားရုံး၊ သို့မဟုတ် ခုံရုံးများတွင် လွတ်လပ်၍မျှတသည့် တရားစွဲဆိုမှု ပြုလုပ်ရာတွင် ချောမွေ့မြန်ဆန်စေရန်အတွက် အမှုတွဲများကို ပြင်ဆင်ရန် တာဝန်ယူရမည်ဖြစ်ကြောင်း ဥရောပသမဂ္ဂ (အီးယူ)နှင့် အစ္စလာမ် ပူးပေါင်းဆောင်ရွက်ရေးအဖွဲ့(အိုအိုင်စီ) တို့၏ အဆိုပါ ပူးပေါင်းဆောင်ရွက်မှုတွင် ဖော်ပြထားသည်။
လူ့အခွင့်အရေးကောင်စီ၏ အဖွဲ့ဝင် ၄၇ နိုင်ငံအနက် ၃၅ နိုင်ငံက စွဲချက်တင်ရေး ဆုံးဖြတ်ချက်ကို ထောက်ခံမဲပေးခဲ့ပြီး တရုတ်၊ ဖိလစ်ပိုင်နှင့် ဘူရွန်ဒီတို့ကမူ ကန့်ကွက်မဲပေးခဲ့ကြသည်။ ကျန်နိုင်ငံများက မဲမပေးဘဲ နေခဲ့ကြသည်။
ကောင်စီ၏ ထိုဆုံးဖြတ်ချက်ကို နိုင်ငံတကာလူ့အခွင့်အရေးအဖွဲ့၊ လူ့အခွင့်အရေး စောင့်ကြည့်လေ့လာရေးအဖွဲ့နှင့် အခြားသော လူ့အခွင့်အရေးအဖွဲ့များက ချက်ချင်းထောပနာပြုခဲ့ကြသည်။ အဆိုပါဆုံးဖြတ်ချက်အား ကုလသမဂ္ဂ အထွေထွေညီလာခံ၌ နောက်ဆုံးအတည်ပြုချက် ရယူရမည်ဖြစ်သည်။
ပြီးခဲ့သည့်နှစ် သြဂုတ်လက စတင်ခဲ့သည့် စစ်တပ်၏ ပြင်းထန်သည့် စစ်ဆင်ရေးများမှ ထွက်ပြေးခဲ့ကြရသည့် ရိုဟင်ဂျာများအပေါ် ကျူးလွန်ခဲသည့် ရက်စက်မှုများကို ဖော်ပြထားသည့် အစီရင်ခံစာကို ယခုလအစောပိုင်းတွင် ထုတ်ပြန်ခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။
ရိုဟင်ဂျာတို့အပေါ်ကျူးလွန်သည့် လူသားတို့အပေါ် ဆန့်ကျင်သည့်ပြစ်မှုများနှင့် လူမျိုးစုရှင်းလင်ရေး ပြစ်မှုများအတွက် မြန်မာစစ်တပ် အကြီးအကဲနှင့် ထိပ်တန်း အရာရှိကြီးငါးဦးကို စုံစမ်းစစ်ဆေး၊ တရားစွဲဆိုရန် ထိုက်တန်သည့် သက်သေ အထောက်အထား လုံလောက်မှုရှိသည်ဟု ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးမစ်ရှင်၏ စာမျက်နှာ ၄၄၄ မျက်နှာပါ အစီရင်ခံစာတွင် ဖော်ပြထားသည်။
ထို့ပြင် ကချင်ပြည်နယ် မြောက်ပိုင်းနှင့် ရှမ်းပြည်နယ်များရှိ လူနည်းစုများအပေါ် ကျူးလွန်ခဲ့သည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာနှင့် စစ်ရာဇဝတ်မှုများကိုလည်း ဖော်ပြထားသည်။
မြန်မာကိုယ်စားလှယ် ဦးကျော်မိုးထွန်းကမူ အစီရင်ခံစာမှာ ဘက်လိုက်မှုရှိပြီး သမာသမတ်မကျသလို တရားမျှတမှုလည်း မရှိဟုပြောကြားကာ မြန်မာအစိုးရအနေဖြင့် ထိုဆုံးဖြတ်ချက်ကို ပယ်ချသည်ဟု ပြောကြားသည်။
ယခုအခါ နိုင်ငံမဲ့ မူဆလင် ခုနစ်သိန်းခန့်သည် ဘင်္ဂလားဒက်ရှ် နိုင်ငံဘက်ခြမ်းတွင် ခိုလှိုနေထိုင်လျှက်ရှိသည်။ ဘင်္ဂလားဒက်ရှ်နှင့် မြန်မာနှစ်နိုင်ငံတို့အကြား ဒုက္ခသည်များ ပြန်လည်နေရာချထားရေး သဘောတူညီချက် ရခဲ့ကြသော်လည်း မြန်မာနိုင်ငံသို့ ပြန်လာရန် ၎င်းတို့က စိုးရွံ့နေကြသည်။
မြန်မာစစ်တပ်ကမူ ၎င်းတို့အနေနှင့် အမှားတစ်စုံတစ်ရာ ကျူးလွန်ခဲ့ခြင်းမရှိပဲ ရိုဟင်ဂျာစစ်သွေးကြွများကို အမြစ်ပြတ် ခြေမှုန်းရှင်းလင်းရန် ၎င်းတို့တွင် ဆောင်ရွက်ခွင့်ရှိသည်ဟု ဆိုသည်။ ကုလသမဂ္ဂနှင့် လူ့အခွင့်အရေး အဖွဲ့အစည်းများက မြန်မာစစ်တပ်၏ ဆောင်ရွက်မှုသည် အချိုးမညီမျှလောက်အောင် ပြင်းထန်လွန်းသည်ဟု ပြောကြားသည်။ ၂၀၁၇ ခုနှစ်၊ သြဂုတ်လအတွင်း ARSA အကြမ်းဖက်သမားများ တိုက်ခိုက်မှု မတိုင်ကတည်းကပင် မြန်မာစစ်တပ်များ အင်အားဖြည့်တင်း ထားခဲ့သည်ဟု စွပ်စွဲကြသည်။ မြန်မာနိုင်ငံအပေါ် နောက်ထပ် ဖိအားများ ပေးသည့်အနေဖြင့် The Hague မြို့ရှိ နိုင်ငံတကာ ရာဇဝတ်ခုံရုံး (ICC) က မြန်မာနိုင်ငံသည် ICC တွင် ပါဝင် လက်မှတ်ရေးထိုးထားခြင်း မရှိသော်လည်း စုံစမ်းစစ်ဆေးမှုများကို လုပ်ပိုင်ခွင့်ရှိသည်ဟု လွတ်လပ်စွာ ဆုံးဖြတ်ထားသည်။
စက်တင်ဘာ ၂၇ ရက်နေ့က ထုတ်ပြန်ချက်တွင်လည်း ICC ၏ အဆိုပါဆုံးဖြတ်ချက်ကို မှတ်ချက်ပြုထားပြီး မြန်မာနိုင်ငံတွင် အနာဂတ်၌ ပြုလုပ်မည့် စုံစမ်းစစ်ဆေးမှုများအတွက် နီးကပ်စွာ ပူးပေါင်းလုပ်ဆောင်ရန် ယန္တရားတစ်ခု ဖွဲ့စည်းပေးရေးကိုလည်း ပန်ကြားထားသည်။
ကုလသမဂ္ဂ အချက်အလက်ရှာဖွေရေးအဖွဲ့၏ လုပ်ပိုင်ခွင့်အာဏာကိုလည်း အဆိုပါ ယန္တရားသစ်လုပ်ငန်း စတင်နိုင်သည့်တိုင်အောင် တိုးချဲ့ထားသင့်ကြောင်း အဆိုပါ ဆုံးဖြတ်ချက်တွင် ဖော်ပြထားသည်။
လူ့အခွင့်အရေးကောင်စီအနေနှင့် ဤကဲ့သို့သော ယန္တရားမျိုး ဖန်တီးခြင်းမှာ ပထမဆုံးအကြိမ်ပင် ဖြစ်သည်။
ကုလသမဂ္ဂ လူ့အခွင့်အရေးကောင်စီက ဆီးရီးယားနိုင်ငံတွင် စစ်ရာဇဝတ်မှု ကျူးလွန်သောအမှုများကို စုံစမ်းရန် ၂၀၁၆ ခုနှစ် ကုန်ပိုင်းတွင် အလားတူ အဖွဲ့ ဖွဲ့စည်းခဲ့ဖူးသည်။ သို့သော် ထိုစဉ်က နယူးယောက်မြို့ ကုလသမဂ္ဂ အထွေထွေညီလာခံတွင် မဲခွဲဆုံးဖြတ်ပြီးမှသာ ထိုသို့ ဆောင်ရွက်ခဲ့ခြင်းဖြစ်သည်။