မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေ ဆုံးဖြတ်ချက် မတင်ပြရန် ဥရောပသမဂ္ဂက ဆုံးဖြတ်

၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံ၏ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ ဆုံးဖြတ်ချက်ကို ကမ္ဘာ့ကုလသမဂ္ဂ အထွေထွေညီလာခံ၏ တတိယကော်မတီ အစည်းအဝေးတွင် တင်ပြဆွေးနွေးခြင်းမပြုတော့ရန် ဥရောပသမဂ္ဂက ဆုံးဖြတ်လိုက်သည်။

“ယနေ့တွင် ကျွနု်ပ်တို့၏ ဆက်ဆံရေးအတွက် အရေးကြီး ခြေလှမ်းနောက်တစ်လှမ်းကို လှမ်းလိုက်နိုင်ပါတယ်။ ဥရောပသမဂ္ဂသည် ၂၅ နှစ်အတွင်း ပထမဆုံးအကြိမ်အဖြစ် မြန်မာနိုင်ငံအပေါ် လူ့အခွင့်အရေးဆိုင်ရာ ဆုံးဖြတ်ချက်တစ်ခုကို တင်ပြဆွေးနွေးလိမ့်မည် မဟုတ်တော့ပေ” ဟု ဥရောပသမဂ္ဂ အကြီးတန်း ကိုယ်စားလှယ် ဖရက်ဒရီကာ မိုဂေးရီနီက နယူးယောက်မြို့တွင် ကျင်းပသော စက်တင်ဘာ ၂၃ ရက်နေ့က ကျင်းပသော မြန်မာနိုင်ငံဆိုင်ရာ ငြိမ်းချမ်းရေး၊ ဖွံ့ဖြိုးရေးနှင့် ဒီမိုကရေစီဖော်ဆောင်ရေး မိတ်ဖက်များအဖွဲ့ – Partnership Group for Peace, Development and Democracy in Myanmar (PGM) အစည်းအဝေးတွင် ပြောကြားခဲ့သည်။

ငြိမ်းချမ်းရေးလုပ်ငန်းစဉ် ပြန်လည်စတင်စေရန်နှင့် လူ့အခွင့်အရေးအခြေအနေ တိုးတက်လာစေရေးအတွက် မြန်မာအစိုးရက ရဲရဲဝံ့ဝံ့ဆောင်ရွက်ခဲ့သည်ဟု ၎င်းက ပြောကြားသည်။ ယခုနှစ်တွင် အဆိုပါ အဆိုပြုချက်ကို တင်ပြ ဆွေးနွေးမှုမပြုရန် ဆုံးဖြတ်ချက် ချမှတ်ခြင်းမှာ အစိုးရသစ်က လုပ်ဆောင်ခဲ့သော အပြုသဘောဆောင်သော ခြေလှမ်းများကို အသိအမှတ်ပြုခြင်း ဖြစ်သည်ဟု ဆိုသည်။

“နိုင်ငံရေးအကျဉ်းသားတွေကို ပြန်လွှတ်ပေးခဲ့ပါတယ်။ အမုန်းစကား ပြောကြားနေသူတွေကို တားဆီးဖို့ဆောင်ရွက်ခဲ့ပါတယ်။ ရခိုင်ပြည်နယ်က စိန်ခေါ်မှုတွေအတွက် အကြံပေးကော်မရှင်ကို ဖွဲ့စည်းခဲ့ပြီး အဲဒီကော်မရှင်ကို လူတော်တစ်ဦးဖြစ်ကာ သင်တို့နိုင်ငံရဲ့ မိတ်ဆွေတစ်ဦးလည်းဖြစ်တဲ့ ကိုဖီအာနန်ကို ဦးဆောင်စေခဲ့ပါတယ်။ အားလုံးပါဝင်တဲ့ ပြည်ထောင်စု ငြိမ်းချမ်းရေးညီလာခံကို စတင်ကျင်းပခဲ့ပါတယ်” ဟု ၎င်းကပြောသည်။

ဥရောပသမဂ္ဂသည် ဤဆောင်ရွက်ချက်များ အားလုံးကို တစ်စိုက်မတ်မတ် စောင့်ကြည့် လေ့လာထားသည်ဟု ၎င်းကပြောကြားသည်။ ပထဝီအနေအထား ဝေးကွာသော်လည်း အနီးကပ် လေ့လာနေပါသည်လည်း ၎င်းကဆက်လက်ပြောကြားသည်။

“ဒေါ်အောင်ဆန်းစုကြည်အား ငြိမ်းချမ်းရေးနိုဘယ်ဆု အပ်နှင်းခဲ့သည်မှာ ၂၅ နှစ်ကြာခဲ့ပြီး ဖြစ်သည်။ လွန်ခဲ့သော ၂၅ နှစ်က အကျယ်ချုပ် ထိန်းသိမ်းခံနေရသောကြောင့် ဆုချီးမြှင့်ပွဲအတွက် အော့စလိုမြို့ကို သူကိုယ်တိုင် မလာရောက်နိုင်ခဲ့ပါ။ ယနေ့မှာ သူ့နိုင်ငံကို နိုင်ငံတော်၏ အကြံပေးပုဂ္ဂိုလ်အဖြစ် ကိုယ်စားပြုနေပါသည်။ ဤဇာတ်ကြောင်းမှာ မြန်မာနိုင်ငံအနေနှင့် တွေ့ကြုံ ဖြတ်သန်းနေသော မယုံကြည်နိုင်ဖွယ် ပြောင်းလဲမှု၏ ကြီးမားသော သက်သေခံချက်တစ်ခု ဖြစ်ပါသည်” ဟု ဖရက်ဒရီကာ မိုဂေးရီနီကပြောကြားသည်။

ဥရောပသမဂ္ဂက မြန်မာနိုင်ငံဆိုင်ရာ လူ့အခွင့်အရေးအခြေအနေဆိုင်ရာ အဆိုပြုချက်ကို လွန်ခဲ့သည့် ၂၅ နှစ်လုံးလုံး ဦးဆောင်တင်သွင်းလာခြင်း ဖြစ်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar