လက်စတာစီးတီးအသင်း အင်္ဂလန်ပရီမီယာလိဂ်ဖလား ရရှိသွားပြီးနောက် မြန်မာနတ်များအပေါ်တွင် ထိုင်းလူမျိုးတို့၏ ယုံကြည်မှုမှာ ပိုမိုတိုးပွားလာကာ ဗိုလ်တထောင်ဘုရားသို့ ထိုင်းခရီးသည်များ ပိုမိုရောက်ရှိလာသည်
ထွန်းခိုင် ရေးသားသည်။
သည်နှစ် ရန်ကုန်နွေသည် ယခင်နှစ်များထက် သိသိသာသာ အပူရှိန် ပြင်းလွန်းလှသည်။
အပူရှိန် ၄၀ ဒီဂရီစင်တီဂရိတ်အထိ ရှိနေသောကြောင့် အပူရှိန်သက်သာသည့် နေရာတွင် ခိုအောင်းနေသော မြို့ခံများကြောင့် ရန်ကုန်မြို့၏ လမ်းမများသည် နေ့လည်နေ့ခင်းတွင် ရှင်းလင်းနေတတ်သည်။
သို့သော်လည်း အချို့ကတော့ ရန်ကုန်၏ မွန်းတည့်နေအပူရှိန်ကို ဂရုမစိုက်အားပေ။
ပြီးခဲ့သည့် မေလ ၅ ရက်၊ မွန်းတည့်ချိန်ကတော့ ရန်ကုန်မြို့၊ ဗိုလ်တထောင်ဘုရားဝင်းအတွင်းတွင် ထိုင်းနိုင်ငံသား ကမ္ဘာလှည့်ခရီးသည်များဖြင့် စည်ကားနေသည်။
ရန်ကုန်၏ နွေအပူရှိန်ထက် သူတို့၏ ရင်ထဲကအပူရှိန်က ပိုမိုပြင်းထန်နေပုံရသည်။ သူတို့သည် ဗိုလ်တထောင်ဘုရားဝင်းအတွင်းရှိ မြနန်းနွယ်ရုပ်ထုတွင် လာရောက်ဆုတောင်းကြသူများဖြစ်သည်။
“လူပါးတဲ့အချိန်လာမှ အေးအေးဆေးဆေး ဆုတောင်းလို့ရတာဆိုပြီး နေ့ခင်းဘက်ကြီးလာကြတာ။ မနက်နဲ့ ညနေဆို လူများလို့ သူတို့က မကြိုက်ကြဘူး” ဟု အဆိုပါထိုင်းနိုင်ငံသားများကို လာရောက်ပို့ဆောင်ပေးသည့် ဧည့်လမ်းညွှန် ဦးကိုကိုလှိုင်က ပြောသည်။
ထိုင်းနိုင်ငံသားများသည် မြန်မာနိုင်ငံရှိ နတ်ရုပ်ထုများအပေါ် သက်ဝင်ယုံကြည်ကြပြီး လာရောက် ဆုတောင်းကြသူများလည်း တနေ့တခြားများပြားလာသည်။
“သူတို့ယုံကြည်မှုက မြန်မာတွေထက်တောင် ပြင်းထန်တယ်လို့ ပြောလို့ရတယ်” ဟုကမ္ဘာလှည့် ခရီးသွားသုံး မော်တော်ယာဉ်အငှားလုပ်ငန်း လုပ်ကိုင်နေသူ ဦးကျော်ကျော်ဆွေကပြောသည်။
ဆယ်စုနှစ် နှစ်ခုနီးပါးကြာ သူ၏အတွေ့အကြုံအရ ၂၀၁၂ ခုနှစ်နောက်ပိုင်းတွင် ထိုင်းတို့၏ မြန်မာနတ်များအပေါ် ယုံကြည်မှုသည် အမြင့်မားဆုံးဖြစ်လာသည်ဟု သူကပြောသည်။
မြန်မာနတ်များအပေါ် ယုံကြည်ကြသည့် ထိုင်းများ ရန်ကုန်သို့ ရောက်ရှိပါက မသွားမဖြစ် သွားကြသည့်နေရာက ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်ရုပ်ထုဆီသို့ ဖြစ်သည်။
မြနန်းနွယ်ဆိုသည်က ၁၉၇၀ ဝန်းကျင်တွင် မြန်မာအသံလွင့်ဇာတ်လမ်းများ၊ သဘာဝလွန် ဇာတ်လမ်းတွဲ စာအုပ်များတွင် လူသိများသည့် ဇာတ်လိုက်တစ်ဦးဖြစ်သည်။ အလွန်တရာချောမောလှပပြီး အလှူဒါနတွင် ရက်ရောသည့် ခေတ်ပညာတတ် အမျိုးသမီးတစ်ဦးအဖြစ်လည်း ညွှန်းဆိုခံရသည်။
သူနှင့်ပတ်သတ်သည့် ဇာတ်လမ်းများက မူကွဲအမျိုးမျိုးရှိနေသည်။ ထိုအထဲမှတစ်ခုအရ မြနန်းနွယ်သည် ၁၈၉၇ ခုနှစ်တွင် ပတ္တမြားကြောင့်နာမည်ကြီးသည့် မိုးကုတ်တွင် မွေးဖွားခဲ့ပြီး ၁၉၅၇ ခုနှစ်တွင် ကွယ်လွန်ခဲ့သည်ဟုဆိုသည်။ သူ၏ လှပမှုနှင့် အလှူအတန်းများကြောင့် နာမည်ကျော်ကြားသည့် အမျိုးသမီးဖြစ်ခဲ့သည်။
ထို့ပြင် မြန်မာနိုင်ငံကို အင်္ဂလိပ်တို့ အုပ်ချုပ်စဉ် ၁၉၂၆ ခုနှစ်တွင် အိန္ဒိယသို့ သွားရောက်ခဲ့ပြီး ဝိဇ္ဇာ (BA) ဘွဲ့ တစ်ခုကို ယူခဲ့သည်ဟုလည်း ဒဏ္ဍာရီ ဇာတ်လမ်းများက ဆိုလေသည်။
typeof=
သို့သော်လည်း မြနန်းနွယ်နှင့် ထိုင်းတို့အကြား ပတ်သက်ဆက်နွယ်သည့် သမိုင်းကြောင်းတစ်စုံတရာကိုမူ မတွေ့ရပေ။ မြနန်းနွယ်သည် ထိုင်းနိုင်ငံသို့ ရောက်ခဲ့ဖူးကြောင်း ရေးသားမှုများ မတွေ့ရသလို ထိုင်းဘာသာစကား သင်ယူခဲ့ဖူးကြောင်းလည်း မတွေ့ရပေ။
သို့သော်လည်း နေ့စဉ် ထိုင်းနိုင်ငံသား ဒါဇင်ပေါင်းများစွာသည် ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်ရုပ်ထုထံ လာရောက်ပြီး သူတို့၏ အလိုဆန္ဒများကို တီးတိုးရွတ်ဆိုလေ့ရှိကြသည်။
“လိုတဲ့ဆုကို နားနားကပ်ပြီး အဓိဋ္ဌာန်ရင် အောင်ပြီလို့ ယူဆကြတယ်” ဟု ဧည့်လမ်းညွှန် ဦးကိုကိုလှိုင်က ပြောသည်။
ထိုင်းတို့၏ ယုံကြည်မှုက မြနန်းနွယ်တစ်ခုတည်း မဟုတ်ပဲ ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်အနီးတွင်ရှိသော ဗိုလ်တထောင်ဘိုးဘိုးကြီးလည်း ပါဝင်သည်။
တရုတ်ဘက်က လာသည့် ကွမ်ရင် နတ်သမီးရုပ်ထုနှင့် အိန္ဒိယဘက်က လာသည့် သူရသတီမယ်တော်တို့ အကြားတွင်ရှိသည့် ဗိုလ်တထောင်ဘိုးဘိုးကြီးရုပ်ထုကို လာရောက်ဆုတောင်းကြသည့် ထိုင်းနိုင်ငံသားများ နေ့စဉ် အမြောက်အများ ရှိခဲ့သည်။
ထိုအထဲတွင် ယခုနှစ်အတွက် အင်္ဂလန် ပရီးမီးယားလိဂ်ချန်ပီယံ ဖြစ်သွားသော လက်စတာစီးတီး ဘောလုံးအသင်းလည်း အပါအဝင်ဖြစ်သည်။
၂၀၁၅ ခုနှစ်၊ မေ ၂၈ ရက်တွင် လက်စတာစီးတီး ဘောလုံးအသင်းပိုင်ရှင် ထိုင်းများက အသင်းသားများအား ဗိုလ်တထောင်ဘိုးဘိုးကြီး နတ်နန်းရှေ့သို့ ခေါ်ဆောင်လာခဲ့ပြီး ဆုတောင်းစေခဲ့သည်ဟု ၎င်းတို့ကို လိုက်ပါပို့ဆောင်ပေးခဲ့ရသည့် ဧည့်လမ်းညွှန် ဒေါ်ခင်မြတ်ဇော်က ပြည်တွင်းထုတ် News Watch ဂျာနယ်တွင် ပြန်လည်ရေးသားခဲ့သည်။
“လက်စတာက ဘောလုံးသမားတွေ ဆုတောင်းတဲ့နေရာ ဘယ်နေရာလဲဆိုပြီး မေးတာတွေလဲရှိတယ်” ဟု ဦးကိုကိုလှိုင်က ပြောသည်။
typeof=
ထိုင်းများ မြန်မာနိုင်ငံသို့ လာရောက်ပါက ရန်ကုန်မြို့ရှိ ကြီးကိုးကြီးအမည်ရ ဘုရားကိုးဆူကို တရက်ထဲ ဖူးမျှော်ခြင်း၊ မွန်ပြည်နယ်ရှိ ကျိုက်ထီးရိုးစေတီနှင့် ရန်ကုန်မြို့ရှိ ရွှေတိဂုံစေတီများသို့ အရောက်သွားရောက် ဖူးမေ ျှာ်လေ့ရှိကြသည်။
မြန်မာနတ်များကို ယုံကြည်ကြသည့် ထိုင်းများကြောင့် မြန်မာ့ခရီးသွားလုပ်ငန်းလည်း ဝင်ငွေဖြောင့်ခဲ့သည်။ ဗိုလ်တထောင်ဘုရားရှိ မြနန်းနွယ်နှင့် ဗိုလ်တထောင်ဘိုးဘိုးကြီးထံ လာရောက်ဆုတောင်းမည်ဆိုပါက ထိုင်းတယောက်အတွက် ဝင်ကြေးငွေချည်းသက်သက် အမေရိကန် ငါးဒေါ်လာ ကျသင့်သည်။
ပြီးခဲ့သည့်သုံးနှစ်အတွင်း မြန်မာနိုင်ငံသို့ နှစ်စဉ်လာရောက်သော နိုင်ငံခြားသားခရီးသည်များ၏ ၁၅ ရာခိုင်နှုန်းခန့်သည် ထိုင်းနိုင်ငံသားများဖြစ်ကြသည်။ဟိုတယ်နှင့် ခရီးသွားလုပ်ငန်းဝန်ကြီးဌာနက ထုတ်ပြန်ခဲ့သည့် စာရင်းအရ ၂၀၁၅ ခုနှစ်တွင် မြန်မာနိုင်ငံသို့ ကမ္ဘာလှည့်ခရီးသည် ၆ ဒသမ ၄ သန်းခန့်လာရောက်ခဲ့သည်။
“ဒေသတွင်းမှာ တခြားဗုဒ္ဓဘာသာ နိုင်ငံတွေလည်း ရှိပါတယ်။ဒါပေမဲ့ ထိုင်းကတော့ မြန်မာနတ်တွေအပေါ် စိတ်ဝင်စားမှု တော်တော်လေးပိုတယ်လို့ ပြောရမယ်”ဟု ဦးကျော်ကျော်ဆွေကပြောသည်။
“အခုတော့ မဖြစ်နိုင်တဲ့ အနေအထားကနေ လက်စတာလည်း ဖလားရသွားတယ်ဆိုတော့ သူတို့ ပိုလာကြဦးမယ် ထင်တယ်” ဟု ၎င်းကပြောသည်။
ဓာတ်ပုံများ- ဗိုလ်တထောင်ဘုရားရှိ ဘိုးဘိုးကြီးနှင့် မြနန်းနွယ်ရုပ်ထုများတွင် လာရောက်ဆုတောင်းနေကြသူများ။ ဓာတ်ပုံ- တေဇလှိုင်