မြန်မာတိုင်းမ် အယ်ဒီတာချုပ် Kavi Chongkittavorn နုတ်ထွက်

ကုမ္ပဏီတွင်း ပဋိပက္ခများနှင့် အစုလိုက် နုတ်ထွက်မှုများ ကြုံတွေ့ခဲ့ရသည့် အဖွဲ့အစည်းအား တည်ငြိမ်အောင် ပဲ့ကိုင်ရန်အတွက် ခေါ်ယူခြင်းခံခဲ့ရသည့် ထင်ရှားသော ထိုင်းဂျာနယ်လစ် Mr Kavi Chongkittavorn သည် ၎င်း တာဝန်ယူပြီး ၁၀ လအကြာတွင် မြန်မာတိုင်းမ်မှ ချက်ချင်းနုတ်ထွက်သွားခဲ့သည်။

Frontier က တွေ့ရှိခဲ့သည့် ကုမ္ပဏီတွင်း ထုတ်ပြန်စာအရ Kavi သည် မြန်မာတိုင်းမ်၏ မိခင်ကုမ္ပဏီဖြစ်သည့် မြန်မာကွန်ဆိုလီဒိတ်တစ်မီဒီယာ၏ အယ်ဒီတာချုပ်နှင့် အမှုဆောင် ဒါရိုက်တာအဖြစ်မှ နုတ်ထွက်မည် ဖြစ်သည်။

၎င်း၏ နေရာအား အစားထိုးမည့်သူကို ရှာဖွေတွေ့ရှိသည့်အချိန်အထိ Mr Vijian Paramasivam က အင်္ဂလိပ် နေ့စဉ်သတင်းစာအား တည်းဖြတ်မှုနှင့် ယာယီအယ်ဒီတာချုပ်အဖြစ် တာဝန်ယူသွားမည်ဟု တနင်္လာနေ့က ထုတ်ပြန်ခဲ့သည့်စာတွင် ဖော်ပြထားသည်။

ဒေသတွင်းရေးရာများကို ရေးသားခဲ့သူ Kavi သည် ထိုင်းနိုင်ငံ The Nation သတင်းစာတွင် သတင်း တည်းဖြတ်မှုပိုင်း အကြီးတန်းတာဝန်များကို ထမ်းဆောင်ခဲ့သူဖြစ်သလို ဖနွမ်းပင်နှင့် ဟနွိုင်းတို့တွင်လည်း ဗျူရိုအကြီးအကဲတာဝန်များ ထမ်းဆောင်ခဲ့သည်။ ၎င်းသည် အောက်စဖို့တက္ကသိုလ်တွင် ၂၀၁၁ ခုနှစ်က ဖဲလိုးရှစ်ရရှိခဲ့သလို ဟားဗတ်တက္ကသိုလ်၏ Niemen Fellow အဖြစ်လည်း ၂၀၀၁ ခုနှစ်က ခန့်အပ်ခံခဲ့ရသည်။

မြန်မာနိုင်ငံ၏ အင်္ဂလိပ်သတင်းစာတစ်စောင်ဖြစ်သည့် မြန်မာတိုင်းမ်အတွင်း မကျေလည်မှုများ လပေါင်းများစွာ ပေါ်ပေါက်ခဲ့ပြီးနောက် သတင်းစာအား ပဲ့ကိုင်ရန်အတွက် Kavi အား ဆက်သွယ်ခဲ့သည်ဟု Frontier တွင် ပြီးခဲ့သည့် ဖေဖော်ဝါရီလက ရေးသားခဲ့ပြီး ဖြစ်သည်။

ပြီးခဲ့သည့်လများအတွင်း နုတ်ထွက်ရန်အတွက် Kavi က အနည်းဆုံးတစ်ကြိမ်ထက်မနည်း ကြိုးစားခဲ့သည်ဟု သတင်းရင်းမြစ်များထံမှ Frontier က ကြားသိခဲ့ရသည်။

မြန်မာသံတမန်တစ်ဦးနှင့် သြစတြေးလျ အမျိုးသား တက္ကသိုလ်မှ PhD လောင်းလျာတစ်ဦးဖြစ်သူ ဒေါ်ခင်သီတာအေး ရေးသားသည့် သုံးသပ်ချက် ဆောင်းပါးတစ်ပုဒ်အား Kavi ၏ ခွင့်ပြုချက်မပါပဲ လက်ထောက်အယ်ဒီတာချုပ်ဖြစ်သူ ဦးမျိုးလွင်က ပြီးခဲ့သည့် နိုဝင်ဘာလတွင် သတင်းစာ၌ ထည့်သွင်းဖော်ပြခဲ့သည်။

မြန်မာတိုင်းမ်ဝက်ဘ်ဆိုက်မှ နောက်ပိုင်းတွင် ဖယ်ရှားလိုက်သည့် အဆိုပါဆောင်းပါးတွင် ရခိုင်ပြည်နယ်မြောက်ပိုင်းတွင် ဖြစ်ပေါ်နေသည့် လူသားချင်းစာနာထောက်ထားမှုဆိုင်ရာ အကြပ်အတည်း၌ နိုင်ငံတကာအသိုင်းအဝိုင်းအနေဖြင့် “အချက်အလက်နှင့် စိတ်ကူးယဉ်ဆန်သည့် ဇာတ်လမ်းကို ကွဲပြားကြစေရန်” နှိုးဆော်ထားသည်။ ထို့ပြင် မြန်မာစစ်တပ်နှင့် ရခိုင်များ၏ လူ့အခွင့်အရေး ချိုးဖောက်မှုများအပေါ် အပြစ်တင်ခံရခြင်းမှ လွတ်ကင်းစေရန်လည်း ကြိုးပမ်းထားသည်။

ဆောင်းပါးဖော်ပြပြီး နောက်တစ်နေ့တွင် ကုမ္ပဏီအုပ်ချုပ်ရေးအဖွဲ့ထံ Kavi က နုတ်ထွက်စာ တင်ပြခဲ့သော်လည်း ဦးမျိုးလွင်အား အယ်ဒီတာလုပ်ငန်းများတွင် ပါဝင်ခွင့်မပြုတော့ပါဟူသည့် ကတိကဝတ်ကြောင့် ၎င်းက နုတ်ထွက်စာကို ပြန်ရုပ်သိမ်းခဲ့သည်။

Kavi အား မခန့်အပ်မီက မြန်မာတိုင်းမ်မှ နိုင်ငံခြားသား အယ်ဒီတာအဖွဲ့ဝင် နှစ်ဒါဇင်ခန့်အနက် အချို့မှာ ထုတ်ပယ်ခံခဲ့ရသလို အချို့မှာ နုတ်ထွက်သွားခဲ့သည်။ ရခိုင်ပြည်နယ်အရေးကဲ့သို့ အငြင်းပွားဖွယ် ကိစ္စများနှင့် ပတ်သက်ပြီး သတင်းစာ၏ ဖော်ပြမှုများအား တင်းကြပ်ရန်အတွက် ကုမ္ပဏီအုပ်ချုပ်ရေးအဖွဲ့၏ ကြိုးပမ်းမှု တစ်စိတ်တစ်ဒေသကြောင့် ဖြစ်သည်။

ထိုအထဲတွင် အထူးစုံစမ်းဖော်ထုတ်သတင်း ရေးသားသည့် အယ်ဒီတာတစ်ဦးဖြစ်သူ Ms Fiona McGregor လည်း ပါဝင်သည်။ ၎င်း၏ အလုပ်တာဝန်ကို ထိုအချိန်က အယ်ဒီတာချုပ်ဖြစ်သူ Mr Bill Tegjeu နှင့် လုပ်ငန်းလည်ပတ်ရေး အရာရှိချုပ်ဖြစ်သူ ဦးအောင်စောမင်းတို့က ရပ်ဆိုင်းခဲ့ခြင်းဖြစ်သည်။ မောင်တောမြို့နယ် ကျေးရွာတစ်ခုမှ ရိုဟင်ဂျာအမျိုးသမီးများ မုဒိန်းကျင့်ခံခဲ့ရသည်ဟူသည့် စွပ်စွဲမှုများနှင့် ပတ်သက်ပြီး သတင်း ရေးသားပြီးနောက် ထုတ်ပယ်ခံခဲ့ရခြင်း ဖြစ်သည်။

မြန်မာတိုင်းမ် အယ်ဒီတာအဖွဲ့ဝင်များထဲရှိ သတင်းရင်းမြစ်များထံမှ Frontier က ကြားသိခဲ့ရမှုများအရ သတင်းစာတွင် အလုပ်လုပ်ကိုင်နေသည့် နိုင်ငံခြားသားဝန်ထမ်းများ၏ ယုံကြည်မှုကို ပျက်ပြားအောင် ဦးမျိုးလွင်က အုပ်ချုပ်ရေးအဖွဲ့၏ ထောက်ခံမှုဖြင့် ဆောင်ရွက်ခဲ့သည်ဟုဆိုသည်။

တနင်္လာနေ့က ထုတ်ပြန်သည့်စာအရ ဦးမျိုးလွင်အား လက်ရှိတာဝန်ဖြစ်သည့် လက်ထောက်အယ်ဒီတာချုပ် ရာထူးမှ ရုပ်သိမ်းကာ ယခင်တာဝန်ဖြစ်သည့် အထူးအချပ်ပိုကဏ္ဍအား စီမံကြီးကြပ်ရသည့် တာဝန်ကို ပြန်လည် ပေးအပ်မည်ဖြစ်သည်။

Kavi၊ ဦးမျိုးလွင်နှင့် မြန်မာတိုင်းမ် အုပ်ချုပ်ရေးအဖွဲ့တို့အား မေးမြန်းရန် ဆက်သွယ်ခဲ့သော်လည်း ပြန်လည်တုံ့ပြန်ခြင်းမရှိပေ။

(မှတ်ချက်: Frontier ဝန်ထမ်းအများအပြားသည် ယခင်က မြန်မာတိုင်းမ်တွင် လုပ်ကိုင်ခဲ့ကြသည်။ Frontier ၏ ထုတ်ဝေသူဖြစ်သည့် ဦးဆန်နီဆွေသည် မြန်မာတိုင်းမ်အား ပူးတွဲတည်ထောင်ခဲ့သူ တစ်ဦးဖြစ်သည်။ ယခုသတင်းရေးသားမှုတွင် ၎င်းတို့ တစ်ဦးတစ်ယောက်မျှ ပါဝင်ပတ်သက်ခဲ့ခြင်းမရှိပေ။)

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.