မြန်မာစကား ပြောတတ်လား

မြန်မာနိုင်ငံမှာ စီးပွားရေးတစ်ခုခု လုပ်ကိုင်ဖို့၊ ဒါမှမဟုတ် အလုပ်လုပ်ဖို့ နေထိုင်နေကြတဲ့ နိုင်ငံခြားသားတွေကြားမှာ မြန်မာစာနဲ့ ဘာသာစကားကို စိတ်ဝင်တစား လေ့လာသင်ယူလာကြတာကို တွေ့ရပါတယ်

သီရိဟန် ရေးသားသည်။

ဓာတ်ပုံများ- မာရို ဗာလီ

မြန်မာနိုင်ငံရဲ့ နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုတွေနဲ့အတူ နိုင်ငံသူ၊ နိုင်ငံသားတွေ မျှော်လင့်နေတဲ့ အစိုးရတစ်ရပ် ရဲ့အုပ်ချုပ်မှုကို ရရှိနေတာလည်း ရက်ပေါင်း ၅၀ ကျော်လာပြီဖြစ်ပါတယ်။ ဒီလို စိတ်ဝင်စားစရာ အပြောင်းအလဲတွေနဲ့အတူ နိုင်ငံရဲ့ စီးပွားရေးအခြေအနေဟာလည်း စိတ်လှုပ်ရှားစရာ အပြောင်းအလဲတွေ ဖြစ်နေပါတယ်။

မြန်မာနိုင်ငံမှာ စီးပွားရေး လုပ်ကိုင်ဖို့ အစီအစဉ်ရှိသူများ၊ ဒီနိုင်ငံမှာ နေထိုင်အလုပ်လုပ်ကိုင်ဖို့ နိုင်ငံခြားသားတွေလည်း များပြားလာတာ တွေ့ရပါတယ်။ မြန်မာနိုင်ငံမှာ နေထိုင်စဉ်အတွင်းမှာ ဗမာ ဘာသာစကားကို စိတ်ဝင်တစား လေ့လာသင်ချင်တဲ့ နိုင်ငံခြားသားတွေကိုလည်း တွေ့လာရပါတယ်။

ဆရာသမားနဲ့ စနစ်တကျသင်ယူကြသလို မြန်မာနိုင်ငံသား လုပ်ဖော်ကိုင်ဖက်တွေဆီက တစ်ခွန်းစ၊ နှစ်ခွန်းစ သင်ယူကြသူတွေကိုလည်း တွေ့မြင်ရမှာ ဖြစ်ပါတယ်။ သူတို့ရဲ့အသံထွက်နဲ့မြန်မာစာလုံးတွေကို ကြိုးစားအသံထွက်ကြတာ စိတ်ဝင်စားစရာ ကောင်းပါတယ်။ ပျော်စရာလည်း ကောင်းပါတယ်။

“ဒီဘာသာစကားကို စိတ်ဝင်စားရဆုံးအချက်ကတော့ ဒါဟာ အရမ်းရှေးကျတယ် ကမ္ဘာပေါ်မှာ ပြိုင်ဘက်ကင်းတယ်” လို့ အမေရိကန် လေတပ်ဗိုလ်မှုးဟောင်း တစ်ဦးဖြစ်သူ အော်စကာပါရာက ဆိုပါတယ်။  သူက အမေရိကန်နိုင်ငံက Diplomatic Language Service School မှာ ဗမာဘာသာစကား သင်ယူနေပါတယ်။

သူ့ရဲ့ မိခင်ဘာသာစကားက စပိန်ဖြစ်ပြီး အင်္ဂလိပ်စကားကတော့ ဒုတိယဖြစ်တယ်လို့ ဆိုပါတယ်။ သူ့အတွက် ဗမာစကားကို လွယ်လွယ်ကူကူနဲ့ သင်ယူနိုင်မယ်လို့ မျှော်လင့်ခဲ့တဲ့ အကြောင်းကတော့ “စာကြောင်းတည်ဆောက်ပုံနဲ့ စကားလုံးအများစုကို စပိန်ဘာသာရဲ့ တည်ဆောက်ပုံနဲ့ ဆက်စပ်နိုင်ခဲ့တာကြောင့်ဖြစ်တယ်” လို့ သူက ပြောပါတယ်။ “အက္ခရာတွေကို သင်ခါစမှာတော့ စိန်ခေါ်မှုတွေရှိခဲ့ပြီး သုံးလအကြာမှာတော့ ဘယ် ဗမာစကားလုံးကိုမဆို ဖတ်ရတာ အရမ်းကို ယုံကြည်မှုရှိနေပါပြီ” လို့ သူက ဆိုပါတယ်။

typeof=

ရန်ကုန်က နိုင်ငံခြားဘာသာတက္ကသိုလ်မှာ မြန်မာဘာသာ ဒီပလိုမာ (Burmese Language Diploma) သင်တန်း တက်ရောက်နေတဲ့ တရုတ်နိုင်ငံသား ကိုပိုင်သူဇော်ကလည်း “အစပိုင်းမှာတော့ နည်းနည်းခက်တယ်။ နောက်ပိုင်းတော့ အဆင်ပြေပါတယ်” လို့ ပြောပါတယ်။ သူ့အတွက် ပါဋ္ဌိစကားနဲ့ ဗုဒ္ဓဘာသာစကား (ဘာသာရေးနဲ့ ဆိုင်သောအရေးအသား) တွေကတော့ နည်းနည်းရှုပ်တယ်လို့ ဆိုပါတယ်။ သူ့အနေနဲ့ ဇာတ်ကြီးဆယ်ဘွဲ့ ကို အရမ်း စိတ်ဝင်စားတယ်လို့လည်း ဆိုပါတယ်။ ဘုရားစောင်းတန်းတွေမှာ ချိတ်ဆွဲထားတဲ့ ဇာတ်တော်ပုံတွေကို လိုက်ဖတ်ရတာနဲ့ လိုက်ကြည့်ရတာကို အရမ်းစိတ်ဝင်စားပါတယ်လို့လည်း သူက ပြောပါတယ်။

ကိုပိုင်သူဇော်ဆိုတဲ့ သူရဲ့ မြန်မာနာမည်ကိုလည်း သဘောကျပါတယ်လို့ သူက ဆိုပါတယ်။

“ဒီအတိုင်း ရိုးရိုးတန်းတန်း ပေးထားတာ မဟုတ်ပဲ ရိုးရာအတိုင်း မွေးနေ့နဲ့ ကိုက်ပြီးပေးထားတာ” လို့ သူက ရယ်ပြီး ပြောပါတယ်။ အရေးအဖတ်တွေမှာတော့ “ရေးတာက တော်သေးတယ်။ အဖတ်က တချို့ ပါဋ္ဌိစကားတွေဆို နားမလည်ဘူး” လို့ သူက ပြောပါတယ်။

သူ့အနေနဲ့ ရန်ကုန်နိုင်ငံခြားဘာသာ တက္ကသိုလ်မှာ သင်ယူရတာ အဆင်ပြေပေမယ့် သင်ခန်းစာတွေက နှေးတဲ့အတွက် သင်တန်းပြင်ပမှာ ထပ်မံလေ့ကျင့် သင်ယူတယ်လို့ ဆိုပါတယ်။ အပြင်မှာ သင်ထားလို့လည်း အခုလို ပြောဆိုနိုင်တာလို့ သူက ဆိုပါတယ်။ သူ့ရဲ့ ဗမာစကားပြောသံကတော့ အတော်ကို ပီသပြီး အဆင်ပြေလှ ပါတယ်။

သင်တန်းအတွက် အဓိက အခက်အခဲကတော့ နေရာထိုင်ခင်းနဲ့ သင်တန်းနည်းပြတွေ ရရှိဖို့ပဲ ဖြစ်တယ်လို့ သိရပါတယ်။

“အားလုံးအတွက် နေရာထိုင်ခင်း စီစဉ်ပေးနိုင်မယ်လို့ မျှော်လင့်ခဲ့တယ်။ ဒါပေမဲ့ နေရာက အကန့်အသတ်ရှိနေပြီး အရည်အချင်းပြည့်တဲ့ သင်တန်းနည်းပြကို ရနိုင်ဖို့တွေပဲဖြစ်ပါတယ်”  လို့ Yangon Burmese Language Course ရဲ့ Coordinator ဖြစ်သူ Kirt Mausert ကပြောပါတယ်။ သူ့အနေနဲ့ ၂၀၁၁ ခုနှစ်မှာ သင်တန်းပြီးကတည်းက Coordinator အဖြစ် ပြန်လည် လုပ်ကိုင်ခဲ့တာဖြစ်တယ်လို့ ဆိုပါတယ်။

မြန်မာစာနဲ့ ဘာသာစကားကို သင်ကြားပေးနေတဲ့ ကျောင်းတွေ နိုင်ငံတကာမှာလည်း အတော်များများ ဖွင့်လှစ်ထားကြပါတယ်။ ဒီကျောင်းတွေထဲမှာ လန်ဒန်က School of Asian and Oriental Studies လည်း ပါဝင်ပါတယ်။ ဒါ့အပြင် သြစတြေးလျ အမျိုးသားတက္ကသိုလ်ကလည်း ၂၀၀၄ ခုနှစ်မှာ မြန်မာစာနဲ့ မြန်မာဘာသာစကား သင်တန်းတွေ စတင်ခဲ့ပါတယ်။ ဒီတက္ကသိုလ်က မိတ်ဆက်သင်တန်းကိုလည်း ဖွင့်လှစ်ထားပါတယ်။

ဒီလထဲမှာ စတင်တဲ့ နှစ်ပတ်ကြာ မိတ်ဆက်သင်တန်းကိုတော့ မြန်မာဘာသာ ကျွမ်းကျင်သူ ဂျပန်လူမျိုး ဒေါက်တာယူရီတာကာဟာချီက သင်ကြားပေးပါတယ်။ သူဟာ သြစတြေးလျနိုင်ငံမှာ နှစ်ပေါင်းများစွာ နေထိုင်ခဲ့သူတစ်ဦး ဖြစ်ပြီးတော့ ရန်ကုန်မှာရှိတဲ့ ဂျပန်သံရုံးမှာလည်း ၁၉၉၁ ခုနှစ်က မြန်မာဘာသာစကား ကျွမ်းကျင်သူအဖြစ် လုပ်ကိုင်ခဲ့ပါသေးတယ်။

As reforms have taken place in Myanmar in recent years, the number of people learning the language has increased. (Maro Verli / Frontier)

As reforms have taken place in Myanmar in recent years, the number of people learning the language has increased. (Maro Verli / Frontier)

မထားထားမြင့်ကတော့ အော်စကာပါရာ တက်ရောက်ခဲ့တဲ့ကျောင်းက မြန်မာစာ ဆရာမတစ်ဦးပါ။ ဒီကျောင်းမှာ သင်ယူနေတဲ့ ကျောင်းသားကျောင်းသူအများစုကတော့ သံတမန်တွေပဲ ဖြစ်ပါတယ်။

“ကျောင်းသားတွေက သံတမန်တွေမို့ သူတို့နဲ့ စာသင်ရတာ ပျော်စရာကောင်းပါတယ်။ သူတို့ဆီကလည်း အများကြီး ပြန်သင်ရပါတယ်” လို့ မထားထားမြင့်က ဆိုပါတယ်။ 

“သူတို့က အလွန်ယဉ်ကျေးတယ်။ ပညာတွေလဲ တော်တယ်။ ဘာသာစကားဆိုလည်း မြန်မာစာမတိုင်ခင် သုံးမျိူးလောက် တတ်ထားပြီးပြီ။ ကိုယ့်ထက်အသက်ကြီးသူ ရာထူးကြီးသူတွေပေမယ့် ကားစီးမယ်ဆိုရင် တံခါးကို အရင်သွားပြေးဖွင့်ပေးပါတယ်” လို့ သူက ပြောပါတယ်။

သင်တန်းမှာ အမှတ်အရဆုံး ကျောင်းသူကတော့ စပိန်နိုင်ငံသူတစ်ယောက်ဖြစ်တယ်လို့ သူကပြောပါတယ်။

“သူက အရမ်းစတတ်တယ်။ မြန်မာမုန့်ကို အရမ်းကြိုက်တယ်။ နောက်ပြီးတော့ ငံပြာရည်ကြော်ကို ကျွန်မဆီကသိမ်းပြီး ပေါင်မုန့်နဲ့ တို့စားတယ်” လို့ သူက ဆိုပါတယ်။ သူတို့ကို စာပြန်သင်နိုင်ဖို့အတွက် သင်ယူနည်းစနစ်ကို လေ့လာရပါတယ်လို့ သူက ဆိုပါတယ်။

“မြန်မာနိုင်ငံက စာသင်တဲ့နည်းနဲ့လုံးဝမတူပါဘူး။ ကိုယ့်သင်နည်းကို ကျောင်းသားလက်ခံဖို့ လိုပါတယ်။ လစာကောင်းတဲ့ အလုပ်ဆိုပေမယ့် ကျောင်းသားနှစ်ယောက်လောက်က ကိုယ်သင်တာ မကြိုက်ဘူးဆိုရင် အလုပ်ပြုတ်ပါတယ်။ သူတို့တွေကိုသင်ဖို့ ဆရာဖြစ်သင်တန်းတွေ အများကြီးတက်ခဲ့ရပါတယ်” လို့ စာသင်သက်တမ်း လေးနှစ်ရှိပြီဖြစ်တဲ့ မထားထားမြင့်က ပြောပါတယ်။

“သင်ရတာ အခက်အခဲနည်းနည်းရှိတဲ့ ကျောင်းသားတစ်ယောက်တော့ ရှိခဲ့ဖူးတယ်” လို့ သူက ဆိုပါတယ်။ “အခုရန်ကုန်သံရုံးမှာ လုပ်နေတယ်။ သူက ဘာသာစကားတွေ အများကြီးတတ်တယ်။ ဆရာတွေသင်ပေးတာ လက်မခံချင်ဘူး။

“အဲဒီတော့ မြန်မာစာဟာ သူသိတဲ့ တခြားဘာသာတွေနဲ့ မတူဘူးဆိုတာ သူအတွက် သူဘယ်လိုမှ မျှော်လင့်မထားတဲ့ သင်ရိုးတွေဆွဲပြီး သက်သက်သင်ပေးရတယ်။ မြန်မာစာနဲ့ ယဉ်ကျေးမှုရဲ့ ထူးခြားချက်တွေပေါ့” လို့ သူက ပြောပါတယ်။

“အဲဒီတစ်ယောက်တုန်းက ပင်ပန်းတယ်။ ညတိုင်း မြန်မာကားနဲ့ ဗီဒီယိုတွေကိုလိုက်ကြည့်ပြီး သင်ခန်းစာဖြစ်မယ့် စကားလုံးတွေ၊ သူ့စိတ်ကို အံအားသင်ပြီး သူသင်ချင်လာမယ့် စကားလုံးတွေ၊ အကြောင်းအရာတွေပါတဲ့ ဇာတ်လမ်းတွေ လိုက်ရှာရတယ်။ ကိုယ်လည်း မြန်မာဗီဒီယိုတွေ အဲဒီအချိန်ကစပြီး အမြဲကြည့်ဖြစ်သွားတယ်” လို့ သူကပြောပါတယ်။

“သူကျောင်းပြီးသွားတော့ သူက ကိုယ့်ကို ချီးကျူးစာ ကျောင်းကို ရေးပေးသွားတယ်” လို့ သူက ဆိုပါတယ်။

ဗမာဘာသာစကားဟာ အရမ်းခက်ခဲတဲ့ဟာတော့ မဟုတ်ပါဘူးလို့ အော်စကာပါရာက ဆိုပါတယ်။ “စကားလုံးတော်တော်များများဟာ မှတ်မိလွယ်တဲ့ စာလုံးနှစ်လုံးနဲ့အထက်ကို ပေါင်းစပ်ထားတာကြောင့် ဖြစ်တယ်” လို့ သူက ပြောပါတယ်။ ဥပမာဆိုရင် ရုပ်ရှင်ဆိုတဲ့ စကားလုံးမှာ ရုပ်ရည်သွင်ပြင်လို့ အဓိပ္ပယ်ရတဲ့စကားလုံးနဲ့အသက်ရှင်ခြင်းလို့ အဓိပ္ပာယ်ရတဲ့ စကားလုံးနှစ်ခုကို ပေါင်းစပ်ထားတာကြောင့် အဓိပ္ပာယ်ရှိပြီး မှတ်မိလည်း လွယ်တယ်လို့ သူကဆိုပါတယ်။ 

“အသစ်အဆန်းဖြစ်ပြီး ပြိုင်ဘက်ကင်းတဲ့ ဒီဘာသာစကားကို သင်ယူခွင့်ရတဲ့အတွက် ဂုဏ်ယူပါတယ်” လို့ သူကဆိုပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.