ရန်ကုန်တိုင်း၊ ကော့မှူးမြို့နယ်တွင် ဇန်နဝါရီလ ၁၁ ရက်နေ့က ပြုလုပ်သော စစ်ကောင်စီ၏ ဒုတိယအဆင့် ရွေးကောက်ပွဲကာလအတွင်း အမျိုးသမီးငယ်တစ်ဦး မဲပေးနေစဉ်။ (AFP)

မဲမပေးလိုတဲ့လူငယ်မျိုးဆက်ဆီ ရောက်လာတဲ့ဖိအားများ

ကြောက်ရွံ့မှုများ၊ မိသားစုဖိအားများနှင့်အတူ ဖိနှိပ်သော ဥပဒေများကြောင့် ​​စစ်ကောင်စီ၏ ရွေးကောက်ပွဲတွင် ရွေးချယ်ခွင့်များစွာမရှိဘဲ မဲပေးရန် လူငယ်မဲဆန္ဒရှင်များ ဖိအားပေးခံရသည်။

ဖရွန်တီးယား 

စိတ်ဖိစီးမှုတွေနဲ့အတူ မမိုးမိုးတယောက် ချွေးစေးတွေ ပြန်နေသလို သူ့ရဲ့ စိုးရိမ်ပူပန်မှုတွေဟာလည်း မျက်နှာမှာ အထင်းသား ပေါ်လွင်နေတာကို အများသူဌာ သတိပြုမိလောက်တယ်လို့ အသက် ၂၂နှစ်အရွယ် မမိုးမိုးက မဲပေးခဲ့စဥ် သူ ကြုံတွေ့ခံစားခဲ့ရတဲ့ အခြေအနေကို ပြန်လည် ပြောပြပါတယ်။

ဒီဇင်ဘာ ၂၈ ရက်က ပြုလုပ်ခဲ့တဲ့ ရွေးကောက်ပွဲအပိုင်း ၁ မှာ ဆန္ဒမဲထည့်ခဲ့ရတဲ့ အဲဒီအချိန်ကို ပြန်စဉ်းစားမိတိုင်း မွန်းကြပ်တဲ့ ခံစားချက်ကိုပဲ​ ရတယ်လို့ သူက ဆိုပါတယ်။

မဲပေးစက်မှာပေါ်နေတဲ့ နိုင်ငံရေးပါတီတွေထဲက စစ်ဗိုလ်ချုပ်ဟောင်းတွေ အများစု ပါဝင်တဲ့ ပြည်ထောင်စု ကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကိုပဲ မမိုးမိုး သိထားပါတယ်။ ကျန်တဲ့ပါတီတွေကို မကြားဖူးပေမဲ့ ကြံ့ခိုင်ရေးကို သူ့ မဲမပေးချင်တဲ့အတွက် အခြားပါတီတခုကို မဲပေးခဲ့ကြောင်း ပြောပါတယ်။ 

“ပယ်မဲလည်း လုပ်လို့ မရတော့ တစ်ခုကို နှိပ်ခဲ့လိုက်တယ်” လို့ မမိုးမိုးက ဆိုပါတယ်။

စစ်ကော်မရှင်က ရွေးကောက်ပွဲကို အပိုင်း ၃ ပိုင်း ခွဲကျင်းပမယ်လို့ ကြေညာထားပြီး၊ ၂၀၂၅ခုနှစ်၊ ပထမပိုင်းကို ဒီဇင်ဘာ ၂၈ ရက်နေ့၊ ၂၀၂၆ခုနှစ်၊ ဒုတိယပိုင်းကို ဇန်နဝါရီ ၁၁ ရက်နဲ့ တတိယပိုင်းကိုတော့ ဇန်နဝါရီ ၂၅ ရက်မှာ ပြုလုပ်ဖို့ စီစဥ်ထားပါတယ်။

မိသားစုရဲ့ ဖိအား

ရွေးကောက်ပွဲ မတိုင်ခင်ကတည်းက မမိုးမိုးတို့အိမ်ကို မဲပေးဖို့ ရပ်ကွက်အုပ်ချုပ်ရေးမှူး ကိုယ်တိုင် လာရောက် တိုက်တွန်းခဲ့သလို၊ စိုးရိမ်စိတ်တွေကြောင့် သူတို့နဲ့အတူ မဲလိုက်ပေးဖို့ မိဘတွေက မမိုးမိုးကို ဖိအားပေးခဲ့ကြပါတယ်။ 

“ဒီလူက ဒီမှာ နေနေရင်၊ ရှိနေရင် မဲပေးရမယ်ပေါ့၊ အဲဒီလိုမျိုး ရပ်ကွက်လူကြီးကပြောတော့ အိမ်ကလည်း ပေးရမယ်ဆိုလို့ ပေးဖြစ်တာ” သူက ပြောပါတယ်။

ဒီရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးခွင့်ရသူတဦးဖြစ်တဲ့ အသက် ၂၂ နှစ် အရွယ် မမိုးမိုးက ပါတီ၊ နိုင်ငံရေးအကြောင်းတွေ သိပ်မသိပေမယ့်၊ အာဏာသိမ်းပြီးနောက် ပထမဆုံး ကျင်းပတဲ့ ဒီရွေးကောက်ပွဲကနေတဆင့် စစ်တပ်က သူတို့ရဲ့ တရားဝင်မှုကို ရှာဖွေနေတာ ကိုတော့ သူ သိထားတယ်လို့ ဆိုပါတယ်။ 

ကိုဗစ်ကာလနဲ့အာဏာသိမ်းမှုကြောင့် အာဏာဖီဆန်တဲ့အနေနဲ့ ကျောင်းနားခဲ့တဲ့ မမိုးမိုးဟာ မိဘတွေရဲ့ တိုက်တွန်းမှုကြောင့် တက္ကသိုလ်ပထမနှစ်ကို ၂၀၂၄ ခုနှစ်မှာ ပြန်လည် တက်ရောက်ခဲ့ပါတယ်။ မိဘတွေကို ကျောင်းစရိတ်နဲ့ စားဝတ်နေရေးအတွက် အလုံးစုံမှီခိုနေရဆဲမို့ မမိုးမိုးတယောက် မိဘတွေ စကားကိုလည်း မလွန်ဆန်ရဲခဲ့ပါဘူး။

စစ်အာဏာသိမ်းမှုကြောင့် သူငယ်ချင်းအများစုက လွတ်မြောက်နယ်မြေတွေနဲ့ ထိုင်း-မြန်မာနယ်စပ်မှာ ရောက်ရှိနေကြပြီး တော်လှန်ရေးမှာ ပါဝင်နေကြပါတယ်။ သူတို့တွေက မမိုးမိုးကို မဲမပေးဖို့ တိုက်တွန်းခဲ့ကြပြီး မိဘတွေကို မလွန်ဆန်နိုင်လို့ မဲပေးခဲ့ရတဲ့အကြောင်းကို သူငယ်ချင်းတွေ သိသွားမှာကိုလည်း  စိုးရိမ်နေပါတယ်။

သူ့မဲတပြားက စစ်တပ်ရဲ့ ရွေးကောက်ပွဲကို တရားဝင်မှုပေးရာရောက်မလားဆိုတဲ့  အပြစ်ရှိစိတ်ကိုလည်း ခံစားနေရတယ်လို့ ဆိုပါတယ်။  

မမိုးမိုးလိုပဲ မိသားစုရဲ့ ဖိအားတွေကြောင့် မဲပေးခဲ့ရသူ၊ မဲပေးရမယ့်သူတွေ အများအပြား ရှိနေတဲ့အနက်က ကိုမိုချီလည်း တစ်ယောက် အပါအဝင်ပါ။ ရွေးကောက်ပွဲမှာ မဲပေးဖို့အတွက် မိဘတွေရဲ့ ဖိအားပေးမှုကို နေ့စဉ် ကြုံတွေ့နေရတယ်လို့ ​လူငယ်မဲဆန္ဒရှင်တစ်ဦးဖြစ်သူ ကိုမိုချီ (အမည်လွှဲ)က ဆိုပါတယ်။ 

စစ်တပ်ကို တရားဝင်မှုပေးရာမှာ အထောက်အကူမပြုချင်တာမို့ မဲမပေးဖို့ ကိုမိုချီက ဆုံးဖြတ်ထားခဲ့ပေမဲ့  သူ့မိသားစုဝင်တွေက ဒီဆုံးဖြတ်ချက်ကို လက်မခံကြပါဘူး။ “ကိုယ့်မဲကြောင့် သူတို့တွေ(စစ်တပ်)ကို အကျိုးသက်ရောက်မှု တခုခုဖြစ်သွားမှာ မလိုချင်ဘူး” လို့ သူက  ပြောပါတယ်။

ကိုမိုချီဟာ လူထုသပိတ်တိုက်ပွဲတွေမှာ ပါဝင်ခဲ့ပြီး အကြမ်းမဖက် အာဏာဖီဆန်ရေး (CDM) လှုပ်ရှားမှုမှာ ပါဝင်ခဲ့ပြီး အခုအချိန်အထိလည်း ကျောင်းနားထားဆဲပါ။ ဒါကြောင့်လည်း မိသားစုက ကိုမိုချီကို ဇာတိမြို့နဲ့ ဝေးရာ ရန်ကုန်မှာနေထိုင်စေပြီး သင်တန်းတက်၊ ဘာသာစကားသင်ယူစေသလို၊ အခွင့်သင့်ရင် နိုင်ငံခြားကို ပညာတော်သင်သွားနိုင်ဖို့ လိုလားပါတယ်။ 

မိဘများ လုပ်ကိုင်တဲ့ ဆိုင်လုပ်ငန်းကိုလည်း ရပ်ကွက်အုပ်ချုပ်ရေးမှူးက  မကြာခဏဝင်ထွက်မှု ရှိတဲ့ အပြင် ယခုကာလအတွင်း မေးမြန်းတာတွေလည်း ရှိတဲ့အတွက် သူ့မိဘတွေက စိုးရိမ်နေပါတယ်။ မဲပေးလိုက်တဲ့အခါ စစ်သားစုဆောင်းခံရနိုင်ခြေ နည်းပါးပြီး ​နိုင်ငံခြားကို ထွက်တဲ့အခါမှာလည်း အခက်အခဲလျော့နည်းသွားနိုင်တယ်လို့ သူ့မိဘများက ယူဆလျက် ရှိတယ်လို့ ကိုမိုချီက ဆိုပါတယ်။

၂၀၂၅ ခုနှစ်၊ ဒီဇင်ဘာလ ၂၈ ရက်နေ့က ရန်ကုန်မြို့ရှိ မဲရုံတစ်ခုတွင် ပြုလုပ်သော စစ်ကောင်စီ၏ ပထမအဆင့် ရွေးကောက်ပွဲအတွင်း လူများ တန်းစီ၍ မဲပေးနေစဉ်။ (AFP)

မဲမပေးရင် အရေးယူခံရမှာလား။ 

ရွေးကောက်ပွဲ တရားဝင်ရေးအတွက် ပြည်သူတွေကို ဖိအားပေးပြီး မဲထည့်ခိုင်းနေတယ်ဆိုတဲ့ သတင်းတွေ ထွက်နေသလို မဲမထည့်ရင် ပညာရေး၊ ကျန်းမာရေး ဝန်ဆောင်မှုတွေ ပိတ်ပင်ခံရနိုင်တယ် ဆိုတဲ့ ကောလာဟလတွေကလည်း မဲမပေးချင်တဲ့ လူထုအပေါ် အကြောက်တရားနဲ့ စိုးရိမ်မှု တိုးလာစေပါတယ်။

“မဲ မပေးရင် အရေးယူမယ်တို့ ဘာတို့ စစ်တပ်ကတော့ ထုတ်မပြောထားဘူး။​ ဒါပေမယ့် လူတွေက ကြောက်နေကြတာ။ ရပ်ကွက်အုပ်ချုပ်ရေးမှူးတွေက မဲလာထည့်ဖို့ ပြောတာမျိုးတွေ၊ မဲမထည့်ရင် နောက်ဆက်တွဲ တာဝန်မယူဘူးဆိုတာတွေတော့ ပြောတာရှိတယ်ဗျ” ဟု ရန်ကုန်တိုင်းဒေသကြီး၊ စမ်းချောင်းမြို့န​ယ်မှာ နေထိုင်တဲ့ ကိုစိုး (အမည်လွှဲ)က ဖရွန်တီးယားကို ပြောပြပါတယ်။ 

“မဲလာမထည့်ရင် ဖမ်းခိုင်းမယ်တို့၊ စစ်မှုထမ်းခိုင်းမယ်တို့ အဲဒါတွေလည်း ရပ်ကွက်ထဲမှာ ကြားနေတော့ မဖြစ်မနေသွားထည့်ရမှာမျိုး’’ လို့ ကိုစိုးက ဆိုပါတယ်။

ပြည်သူတွေ မဲလာပေးဖို့ကိုလည်း နည်းမျိုးစုံနဲ့ ဖိနှိပ် ကြိုးပမ်းနေတယ်လို့ မြန်မာနိုင်ငံရေးနဲ့ ရွေးကောက်ပွဲလေ့လာစောင့်ကြည့်ရေးအဖွဲ့  Spring Sprouts ရဲ့ ဦးဆောင်သူ ကိုထင်က ဖရွန်တီးယားကို ပြောပါတယ်။

စစ်ကော်မရှင်အနေနဲ့ “ပါတီစုံဒီမိုကရေစီ အထွေထွေ ရွေးကောက်ပွဲများကို နှောင့်ယှက်ဟန့်တားဖျက်ဆီးခြင်းမှ အကာအကွယ်ပေးရေး ဥပဒေ” ကို ၂၀၂၅ ခုနှစ်၊ ဇူလိုင် ၂၉ ရက်မှာ ပြဋ္ဌာန်းခဲ့ပြီး ဒီဥပဒေနဲ့ လွန်ခဲ့တဲ့ ငါးလအတွင်း ပြည်သူ ၃၃၀ ဦးကို ဖမ်းဆီး ထိန်းသိမ်းခဲ့ပါတယ်။ ဒီလို ထိန်းသိမ်း အမှုဖွင့်ခံရသူတွေထဲက အချို့မှာ ရွေးကောက်ပွဲသတင်းတွေကို လူမှုကွန်ရက်စာမျက်နှာတွေ၊ သတင်းမီဒီယာတွေမှာ မျှဝေထားတာတွေကို ဟဟ ပေးရုံ သို့မဟုတ် မှတ်ချက်ပေးရုံမျှနဲ့ ဖမ်းဆီးခံခဲ့ရပါတယ်။

 “(ဒီ)ကိုယ်စားလှယ်လောင်းကိုတော့ ကြိုက်တယ်၊​ ဒီသူကိုတော့ မကြိုက်ဘူး။ ဒီရွေးကောက်ပွဲစနစ်က ဒါမှန်တယ်ထင်တယ်၊ ဒါမှားတယ်ထင်တယ်ဆိုတာကလည်း သူတို့ရဲ့ နိုင်ငံရေးအခွင့်အရေး” လို့ ကိုထင်က ဆိုပါတယ်။

“First Voter ဖြစ်ဖို့ကိုတော့ ငယ်ငယ်တည်းက အိမ်ကလူကြီးတွေ မဲသွားပေးတာကြည့်ပြီး စိတ်လှုပ်ရှားခဲ့တာ။ ငါတို့အတွက် ရှိနေပေးတဲ့ အစိုးရတစ်ရပ်ကို ကိုယ်တိုင် တင်မြှောက်ရတော့မယ်၊ လူရာလေးဝင်လာပြီလို့လည်း ခံစားခဲ့ရတယ်” လို့ ရန်ကုန်တိုင်းဒေသကြီး၊ တောင်ဒဂုံမြို့နယ်မှာ နေထိုင်တဲ့ အသက် ၁၉ နှစ်အရွယ် မမြတ်ချယ် (အမည်လွှဲ)က ပြောပါတယ်။

လက်ရှိအခြေအနေအရ သူ ပထမဆုံးမဲပေးရမယ့် ရွေးကောက်ပွဲဟာ သူကိုယ်တိုင် ဆန့်ကျင်ဆန္ဒပြခဲ့ဖူး တဲ့ စစ်တပ်အတွက်ကိုပဲ မဲပေးရမှာမို့ ရင်နာစရာ အခြေအနေလို့ သူက ဆိုပါတယ်။ “ကိုယ်တိုင် တော်လှန်နေတဲ့ အုပ်စုကို အခုလိုနည်းနဲ့ အသက်ဆက်စေဖို့ လုပ်ပေးရမယ်ဆိုရင် တော်တော်လေး မသတီစရာကောင်းတယ်” လို့ မမြတ်ချယ်က ဆိုပါတယ်။

မမြတ်ချယ်က လူထုသပိတ်တွေမှာပါဝင်ခဲ့သလို (CDM) လှုပ်ရှားမှုမှာလည်း ပါဝင်ပြီး ကျောင်းနားခဲ့ပါတယ်။ မဲမပေးလို့  ရွေးကောက်ပွဲကာကွယ်ရေးဥပဒေနဲ့ ဖမ်းဆီးခံရမှာကို မမြတ်ချယ်တစ်ယောက် စိုးရိမ်ပူပန်ခဲ့ပေမဲ့ မဲမပေးဖို့ကိုပဲ သူ ရွေးချယ်ခဲ့ပါတယ်။ 

“မပေးလို့ရရင် ရတဲ့နည်းနဲ့ ရှောင်မှာပါ။ သူတို့ကို ထောက်ခံတဲ့ ဆန္ဒမဲဆိုတာမျိုး လုံးဝအဖြစ်မခံချင်ဘူး” ဟု မမြတ်ချယ်က ဆိုပါတယ်။

ယခင်ကျင်းပခဲ့တဲ့ ရွေးကောက်ပွဲတွေတုန်းကလည်း  “No Vote” လှုပ်ရှားမှုတွေဟာ လူငယ်တွေအကြားမှာ ခေတ်စားခဲ့ပါတယ်။ ၂၀၀၈ ဖွဲ့စည်းပုံ အခြေခံ ဥပဒေအောက်က ရွေးကောက်ပွဲတွေကို အယုံအကြည် မရှိတာကြောင့် မဲမပေးခြင်းနဲ့ ဆန့်ကျင်ခဲ့ကြတယ်လို့ ၂၀၂၀ ‘no vote campaign’ မဲမပေးရေးလှုပ်ရှားမှုမှာ ပါဝင်ခဲ့တဲ့ အသက် ၂၅ နှစ်အရွယ် ပြည်သူ့လွတ်မြောက်ရေး တပ်မတော် (PLA) ရဲ့ မဟာမိတ်ဆက်ဆံရေး တာဝန်ခံ ကိုဝေယံဖြိုးမိုးက ပြောပါတယ်။

ကိုဝေယံဖြိုးမိုးဟာ ၂၀၂၀ ရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးခွင့်ရသူ ဖြစ်ခဲ့ပြီး အဲဒီအချိန်ကမဲမပေးရေးလှုပ်ရှားမှုကို ဦးဆောင်ခဲ့တဲ့ ဗမာနိုင်ငံလုံးဆိုင်ရာ ကျောင်းသားသမဂ္ဂများအဖွဲ့ချုပ် ဒုတိယဥက္ကဋ္ဌပါ။

“၂၀၀၈ ဖွဲ့စည်းပုံ အခြေခံအောက်က လုပ်တဲ့ ရွေးကောက်ပွဲကို လက်မခံဘူး။ တဦးချင်းအနေနဲ့လည်း မဲပေးတာ ကျနော် မလုပ်ခဲ့ဘူး။ ၂၀၀၈ ဖွဲ့စည်းပုံအခြေခံဥပဒေကို လက်မခံကြောင်း ဆန့်ကျင် ဆန္ဒပြတာတွေ၊ ကမ်ပိန်းတွေလုပ်တာတွေ ရှိခဲ့တယ်” လို့ သူက ဆိုပါတယ်။

၂၀၂၀ ရွေးကောက်ပွဲမှာ ပထမဆုံး မဲပေးခွင့်ရသူဦးရေ ၅ သန်းဝန်းကျင် ရှိခဲ့ပြီး Spring Sprouts အဖွဲ့ကတော့ သန်းခေါင်စာရင်းအရ ပထမဆုံးမဲပေးခွင့်ရသူ အရေအတွက် ပိုတိုးလာနိုင်ပေမယ့် လူငယ်တွေက နေရပ်တွေမှာ မရှိကြတော့ဘူးလို့ ဆိုပါတယ်။

 စစ်အာဏာသိမ်းပြီးနောက်ပိုင်း မြန်မာလူငယ် သိန်းချီဟာ နိုင်ငံရေးနဲ့ စီးပွားရေး အခြေအနေတွေအရ ပြည်ပနိုင်ငံတွေကို ထွက်ခွာခဲ့ကြတယ်လို့လည်း ကုလသမဂ္ဂဖွံ့ဖြိုးမှုအစီအစဉ် (UNDP) ရဲ့ အစီရင်ခံစာတွေမှာ ဖော်ပြထားပါတယ်။

ရွေးကောက်ပွဲကော်မရှင်ကတော့ သံရုံးအသီးသီးမှာ ကြိုတင်မဲပေးဖို့ ပုံစံ ၁၅ တောင်းဆိုထားတဲ့ ပြည်ပရောက် မြန်မာနိုင်ငံသား ၅၄၀၃ ဦး ရှိပါတယ်။ ဒီပမာဏကို ကြည့်ရင် ရွေးကောက်ပွဲကို ပြည်ပရောက် မြန်မာနိုင်ငံသားအများစု မဲမထည့်ကြဘူးဆိုတာ ထင်ရှားစေပါတယ်။ 

ထိုင်းတစ်နိုင်ငံတည်းမှာတင် မြန်မာနိုင်ငံသားဦးရေ ၆ သန်းဝန်းကျင်ရှိနိုင်တယ်လို့ Media Intelligence Group (MIG) ရဲ့ ၂၀၂၃ – ၂၀၂၄ သုတေသန အချက်အလက်တွေမှာ ဖော်ပြထားပါတယ်။ဒါပေမယ့် ကြိုတင်မဲပေးခဲ့တဲ့ဦးရေက ရာဂဏန်းလောက်ပဲရှိတယ်လို့ ဘန်ကောက်သံရုံးနဲ့ နီးစပ်သူတွေ ပြောတဲ့အကြောင်း ဒီဇင်ဘာ ၂၄ ရက်နေ့ ဘီဘီစီသတင်းက ဖော်ပြပါတယ်။

ထိုင်းနိုင်ငံ၊ ဘန်ကောက်မှာ ကျောင်းတက်နေတဲ့ ကိုစောကတော့ အယုံအကြည်မရှိလို့ မဲမပေးတဲ့ အကြောင်းကို “ကျနော်မဲသွားပေးရင်လည်း ကိုယ်မဲထည့်ချင်တဲ့ နိုင်ငံရေးပါတီတွေထက် ကိုယ်မကြိုက်တဲ့ပါတီတွေထဲက တခုကိုရွေးရမလိုဖြစ်နေတော့ မပေးဖြစ်တာ”လို့ ပြောပါတယ်။

၂၀၂၅ ခုနှစ်၊ စက်တင်ဘာလ ၁၁ ရက်နေ့က နေပြည်တော်တွင် ပြုလုပ်သော စစ်ကောင်စီ၏ ပြည်ထောင်စုရွေးကောက်ပွဲကော်မရှင် သတင်းစာရှင်းလင်းပွဲအတွင်း အမျိုးသားတစ်ဦးက မဲပေးစက်ကို စမ်းသပ်နေစဉ်။ (AFP)

အီလက်ထရောနစ် မဲပေးစက်နဲ့ နည်းပညာမြင့်စောင့်ကြည့်ရေးစနစ်များ

ဒီရွေးကောက်ပွဲမှာ အီလက်ထရောနစ် မဲပေးစက် (Myanmar Electronic Voting Machine – MEVM) ကို နိုင်ငံတဝန်း အသုံးပြုမှာဖြစ်လို့ ဒီစနစ်ဟာ မဲရေတွက်မှုကို ပိုမို မြန်ဆန်စေပြီး ရွေးကောက်ပွဲဆိုင်ရာလိမ်လည်မှုတွေကို လျော့ချနိုင်တယ်လို့ ရွေးကောက်ပွဲကော်မရှင်ဘက်က ဆိုပါတယ်။ မဲစာရွက်စက္ကူ အသုံးပြုစရာ မလိုအပ်တော့တာကြောင့် သဘာဝပတ်ဝန်းကျင်ကို ထိန်းသိမ်းရာရောက်ပြီး ရေရှည်ကုန်ကျစရိတ်ကိုလည်း လျော့ချနိုင်မယ်လို့ ကော်မရှင်က ပြောပါတယ်။

ယခင် ရွေးကောက်ပွဲတွေမှာတော့ စာရွက်ပေါ်မှာ တံဆိပ်တုံးနှိပ် အမှန်ခြစ်ရတဲ့စနစ်ဖြစ်လို့ ပယ်မဲ ဖြစ်အောင် လုပ်လို့ ရခဲ့ကြပါတယ်။ ယခု မဲပေးစနစ်ကြောင့် အသက် ၂၃ နှစ်အရွယ် ကိုကျော်ခေါင်တယောက် သူ ပထမဆုံး ပေးရမဲ့ မဲအတွက် အခက်တွေ့နေရပါတယ်။ သူနေထိုင်ရာ ရန်ကုန်တိုင်းဒေသကြီးဟာ စစ်တပ်ရဲ့ထိန်းချုပ်မှုအောက်မှာ ရှိနေတာကြောင့် မဖြစ်မနေဖိအားပေးခံရရင် မဲရုံကိုသွားပြီး ပယ်မဲဖြစ်အောင်လုပ်မယ်လို့ တွေးထားခဲ့ပေမယ့် (MEVM) ကို အသုံးပြုတော့မှာမို့ ပယ်မဲဖြစ်အောင် လုပ်လို့မရတော့ပါဘူး။

ဒါအပြင် ရွေးကောက်ပွဲမှာ နည်းပညာမြင့် AI စောင့်ကြည့်ရေးစနစ်တွေကို အသုံးပြုပြီး စစ်တပ်က သူတို့ကို ဆန့်ကျင်သူတွေကို ဖော်ထုတ်အရေးယူမှုတွေ ရှိလာမှာ စိုးရိမ်တယ်လို့ ကုလသမဂ္ဂ လူ့အခွင့်အရေးရုံးက ဆိုထားပါတယ်။

လက်ရှိ စစ်တပ်အနေနဲ့ မဲရွေးကောက်ပွဲကာလကိုသာ ဖြတ်သန်းနိုင်ဖို့ကိုပဲ စိတ်ဝင်စားပြီး၊ လူထုကို နိုင်ငံရေးအကြောင်း ပညာပေးခြင်း၊ ရှင်းလင်းပြောကြားခြင်း၊ သတင်းအချက်အလက်ပေးခြင်းတို့ကို လုပ်ဆောင်နေတာတွေ မတွေ့ရဘူးလို့ ကိုကျော်ခေါင်က ပြောပါတယ်။

မဲမပေးဘဲနေရင် စစ်အာဏာရှင်အဖွဲ့ရဲ့ အာရုံစိုက်မှုကို ခံရနိုင်တာမို့ သူကြောက်ခဲ့ပေမယ့်၊ မဲပေးလိုက်ရင်တော့ တော်လှန်ရေးထိန်းချုပ်နယ်မြေတွေထဲက စစ်အာဏာရှင်ကို ဆန့်ကျင်တိုက်ခိုက်နေကြတဲ့ သူ့မိတ်ဆွေတွေကို သစ္စာဖောက်ရာရောက်မယ်လို့လည်း ခံစားခဲ့ရပါတယ်။ အဆုံးမှာတော့ သူ မဲမပေးဖို့ ဆုံးဖြတ်ခဲ့ပါတယ်။

“တစ်ဖက်မှာ မြို့ကြီးတွေထဲမှာ မဲဆွယ်စည်းရုံးနေကြပြီး၊ တစ်ဖက်မှာတော့ လွတ်မြောက်နယ်မြေတွေကို လေကြောင်းနဲ့ ဗုံးကြဲတိုက်ခိုက်နေတယ်၊ ကျောင်းတွေ၊ ဘာသာရေးအဆောက်အအုံတွေ၊ ကလေးတွေကိုပါ ပစ်မှတ်ထားနေကြပါတယ်။ ဒီလို ဖိနှိပ်မှုတွေ ဆက်လက်လုပ်နေချိန်မှာ သူတို့ရဲ့ အာဏာတရားဝင်မှု ရယူဖို့ ကြိုးပမ်းမှုကို ကျွန်တော် မထောက်ခံနိုင်ပါဘူး။ ဒါကြောင့် မဲပေးဖို့ ငြင်းဆန်ခဲ့တာပါ” လို့ ကိုကျော်ခေါင်က ဆိုပါတယ်။

Spring Sprouts အဖွဲ့ခေါင်းဆောင် ကိုထင်ကလည်း မြန်မာနိုင်ငံအတွင်းရှိ လူငယ်အများအပြားရဲ့ အသံကို ကိုယ်စားပြုပြီး၊ စစ်အာဏာရှင်က ဒီရွေးကောက်ပွဲကို လူငယ်တွေအတွက် အနာဂတ်ကောင်းတစ်ခု ဖန်တီးပေးဖို့ထက် ကိုယ်ကျိုးအတွက်သာ စီစဉ်ကျင်းပတာဖြစ်တယ်လို့ ဆိုပါတယ်။

“စစ်တပ်က မဲလိုချင်သလားဆိုရင် ဟုတ်ပါတယ်၊ မဲတော့ လိုချင်ပါတယ်။ ဒါပေမယ့် လူငယ်တွေကို နိုင်ငံရေးမှာ ပါဝင်စေချင်သလားဆိုရင်တော့ မလိုချင်ပါဘူး” လို့ ကိုထင်က ဆိုပါတယ်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.