နော်ဘတ်တီဟန် ရေးသားသည်။
မော်လမြိုင်မြို့၊ လမုတန်းရပ်ကွက်ဟာ အိမ်ခြေ ၅ဝဝခန့်ရှိပြီး ကုန်းပေါ်နဲ့ ကမ်းနားဘက်အခြမ်းဆိုပြီး နှစ်ပိုင်း ခွဲခြားထားပါတယ်။ ကမ်းနားဘက်အခြမ်းမှာ အိမ်ခြေ ၃ဝဝကျော်ဟာ သောက်သုံးရေ ကောင်းကောင်းမွန်မွန်မရှိ၊ ယင်လုံအိမ်သာလုံလုံလောက်လောက်မရှိဘဲ နေထိုင်လာတာ ဆယ်စုနှစ် နှစ်ခုကျော် ကြာခဲ့ပါပြီ။
မြစ်ရေအတက်အကျရှိတာကြောင့် ကမ်းနားဘက်အခြမ်းက အိမ်တွေအားလုံးဟာ ရေကြီးတဲ့အန္တရာယ်က ကင်းလွတ်ဖို့ ခြေတံရှည်အိမ်တွေအဖြစ် ဆောက်လုပ်ထားကြရပါတယ်။

ကမ်းနားဘက်အခြမ်းက အိမ်တွေဟာ မြစ်ရေကိုပဲ အဓိကသုံးရေအဖြစ် အသုံးပြုကြတယ်လို့ အဲဒီရပ်ကွက်မှာနေထိုင်တဲ့ အသက် ၆၀နှစ်ရှိပြီဖြစ်တဲ့ ဦးစိန်သန်းက ပြောပါတယ်။

သောက်ရေကိုတော့ မြေပြင်မှာ တူးဖော်၊ မိုးရေအဖြစ်စုဆောင်းထားတဲ့ အများသုံးစုပေါင်းကန်က ခပ်ယူသုံးစွဲကြလေ့ရှိပြီး မိုးတွင်းကာလမှာ မြစ်ရေအတက်များပြီး ကန်တွင်းကို ရေဝင်လေ့ရှိတာကြောင့် ကျန်းမာရေးအခက်အခဲတွေ နှစ်စဉ်တွေ့ကြုံရတယ်လို့ ဦးစိန်သန်းက ဆိုပါတယ်။

ကုန်းပေါ်ပိုင်းရပ်ကွက်တွေက အစိုးရကထောက်ပံ့တဲ့ သောက်သုံးရေနဲ့ လျှပ်စစ်မီး ရရှိပေမဲ့ ကမ်းနားဘက်အခြမ်းက အိမ်တွေကတော့ ဒီနေ့အထိ လျှပ်စစ်မီးမရကြသေးပါဘူး။

ကမ်းနားဘက်အခြမ်းက အိမ်တော်တော်များများဟာ ယခင်က ကျူးကျော်အဖြစ် နေထိုင်လာရင်းက လမုတန်းရပ်ကွက်အဖြစ် တည်ရှိ၊ စာရင်းဝင်ခဲ့တာကြောင့် အိမ်တော်တော်များများမှာ မြေယာပိုင်ဆိုင်မှု စာရွက်စာတမ်းအတိအကျမရှိကြပါဘူး။

ဒါ့ကြောင့် အစိုးရကပေးတဲ့ ရေမီတာတွေ၊ လျှပ်စစ်မီးမီတာတွေလည်း မလျှောက်ထားနိုင်ကြဘဲ အခုလို သောက်ရေသုံးရေ အထောက်အပံ့မရှိ၊ နှစ်ပေါင်းများစွာ နေထိုင်လာကြတာဖြစ်ပါတယ်။