မောင်တော၊ အလယ်သံကျော်တွင် ထိတွေ့မှု ပြင်းထန်နေ၍ ဒေသခံများ မြို့ပေါ်သို့ ထွက်ပြေး

မောင်တော၊ အောက်တိုဘာ ၁၂

မောင်တောမြို့နှင့် ၁၄ မိုင်ခန့်အကွာ၊ အလယ်သံကျော်ရွာအနီး တပ်မတော်နှင့် အကြမ်းဖက်အဖွဲ့တို့ တိုက်ပွဲပြင်းထန်နေ၍ အနီးအနားရှိ ရခိုင်ကျေးရွာမှ တိုင်းရင်းသားများ မောင်တောမြို့ပေါ်သို့ ထွက်ပြေးလာနေကြသည်။

မောင်တောမြို့တောင်ဘက် အလယ်သံကျော်ရွာအနီးရှိ သားရေကုန်းဘောင်ရွာ၊ မောရဝတီနှင့် ကိုင်းကြီးစသည့် နတလရွာများတွင် နေထိုင်သည့် ရခိုင်တိုင်းရင်းသား ၃၀ ဦးခန့် ထွက်ပြေးလာနေသည်ကို Frontier က ယနေ့ တွေ့ရှိခဲ့သည်။

“တဒိုင်းဒိုင်းနဲ့ ကြားနေရတာ နေ့လည် ၁၁ နာရီ ခွဲကတည်းက။ ရွာမှာ အမျိုးသားတွေတော့ ကျန်ခဲ့ကြတယ်။ ကျွန်မတို့နဲ့ ကလေးတွေပဲ ထွက်ပြေးလာတာ” ဟု အသက် ၃၉ နှစ်အရွယ် သားရေကုန်းဘောင်ရွာမှ မစံသိန်းဖြူက Frontier ကို ပြောသည်။

ထွက်ပြေးလာသူအများစုမှာ အမျိုးသမီးများဖြစ်ပြီး မောင်တောမြို့အဝင် ဂိတ်ဝ ၃ မိုင်စခန်းတွင် Frontier က တွေ့မြင်ခဲ့ခြင်းသည်။

လတ်တလော အချိန်တွင် မောင်တောမြို့ မြောက်ဖက် တောင်ပြိုလက်ဝဲသို့ အသွားလမ်းပေါ်ရှိ စံပယ်ကုန်းရွာအနီးတွင်လည်း တိုက်ပွဲဖြစ်ပွားလျက်ရှိသည်ဟု လုံခြုံရေးတပ်ဖွဲ့များထံ ဖုန်းဖြင့် ဆက်သွယ်မေးမြန်းရာတွင် ၎င်းတို့က ဖြေကြားသည်။

နတလကျေးရွာများသည် ယခင် စစ်အစိုးရလက်ထက်က တိုင်းရင်းသားများနေထိုင်ရန် အတွက် နယ်စပ်ဒေသနှင့် တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်ရေး ဦးစီးဌာနက တည်ထောင်ပေးခဲ့သည့် ရွာများဖြစ်ကြသည်။

ကျီးကန်းပြင် နယ်ခြားစောင့်အမှတ် (၁) ဌာနချုပ်တွင် တိုက်ပွဲဖြစ်နေသည်ဆိုသည့် ကောလာဟလများ ထွက်ပေါ်နေသော်လည်း အတည်မပြုနိုင်သေးပေ။

ရခိုင်ပြည်နယ် မောင်တောမြို့နယ်ရှိ နယ်ခြားစောင့်တပ်ဌာနချုပ်ဖြစ်သည့် ကျီးကန်းပြင်၊ ငခူရစခန်းနှင့် ရသေ့တောင်မြို့နယ်ရှိ ကိုးတန်ကောက် နယ်ခြားစောင့် စခန်းများအား အောက်တိုဘာ ၉ ရက်နေ့တွင် အမည်မသိ လက်နက်ကိုင် ၉၀ ကျော်က ဝင်ရောက် တိုက်ခိုက်မှုဖြစ်ပွားခဲ့ပြီးနောက် တပ်မတော်က နယ်မြေလုံခြုံရေးနှင့် ရှင်းလင်းရေးလုပ်ငန်းများကို ဒေသတွင်း ဆောင်ရွက်နေခြင်း ဖြစ်သည်။

အောက်တိုဘာ ၉ ရက်နေ့က စတင်ခဲ့သည့် တိုက်ခိုက်မှုများတွင် အစိုးရဘက်မှ နယ်ခြားစောင့် ရဲတပ်ဖွဲ့ဝင် ကိုးဦးနှင့် တပ်မတော်သား လေးဦး၊ စုစုပေါင်း ၁၃ ဦးသေဆုံးခဲ့ကာ အကြမ်းဖက် တိုက်ခိုက်သူ ၁၆ ဦး၏ အလောင်းများကို ရရှိထားကာ လေးဦးကို ဖမ်းဆီးထားသည်။ ဖမ်းဆီးရမိသူများအား သက်ဆိုင်ရာက စစ်ဆေးမေးမြန်းလျက်ရှိသည်။

သတင်း-မြတ်ကျော်သူ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar