အောက်တိုဘာ ၁၂
မောင်တောမြို့မြောက်ဘက် မိုင် ၂၀ ကျော်ခန့်အကွာရှိ ကျေးရွာများတွင် ကျောင်းဆရာ၊ ဆရာမ ၂၈ ဦး ပိတ်မိနေပြီး မောင်တောမြို့သို့ လာရောက်ရန် အခက်အခဲ ရှိနေသည့်အတွက် လာရောက် ခေါ်ဆောင်မည့်သူများကို စောင့်မျှော်လျှက်ရှိသည်။
ပိတ်မိနေသည့် ကျေးရွာများမှ မောင်တောမြို့သို့ လာရောက်မည်ဆိုပါက ဘင်္ဂလီကျေးရွာအများစုကို ဖြတ်ကျော်လာရမည်ဖြစ်ပြီး မောင်တောမြို့နှင့် မိုင် ၂၀ ကျော်အကွာတွင် ရှိနေကာ နယ်ခြားစောင့် ရဲတပ်ဖွဲ့ အမှတ် (၁) ဌာနချုပ်ကို ဖြတ်ကျော်လာရမည် ဖြစ်သည်။
ဖြတ်လာရမည့်ကျေးရွာများတွင် ဘင်္ဂလီအများစုနေထိုင်ပြီး ယနေ့ လတ်တလော ထိတွေ့မှုဖြစ်ထားသည့် စံပယ်ကုန်းကျေးရွာကိုလည်း ဖြတ်ကျော်လာရမည်ဖြစ်သည်။ လက်ရှိအချိန်တွင် ဆရာ၊ ဆရာများမှာ ခမောင်းဆိပ် နယ်ခြားစောင့်စခန်းတွင် လူစု၍ နေထိုင်လျက်ရှိပြီး အကူအညီကို စောင့်မျှော်လျက်ရှိသည်။
ခမောင်းဆိပ်ကျေးရွာတွင် ပိတ်မိနေသည့် ဆရာမ မြတ်စိုးမွန်က “မိုးတွေ အရမ်းရွာပြီး ရေတွေကြီးနေလို့ ကားသွားလာဖို့ အဆင်မပြေဘူး။ ကျမတို့အားလုံး အခုလူစုပြီး နေနေကြတယ်” ဟု Frontier ကို တယ်လီဖုန်းဖြင့် ပြောကြားသည်။
ပိတ်မိနေသည့် ဆရာ၊ ဆရာမများမှာ ကေဒီရွာမှလေးဦး၊ ခမောင်းဆိပ်မှ ငါးဦး၊ အောင်သပြေရွာမှ ခုနစ်ဦး၊ အောင်ဇူရွာမှသုံးဦး၊ ဝေလာရွာမှ သုံးဦး၊ သုပန္နကရွာမှ သုံးဦးနှင့် မင်းခမောင်းရွာမှ သုံးဦး၊ စုစုပေါင်း ၂၈ ဦးဖြစ်သည်။
မောင်တောမြို့နယ်ရဲမှူး ဦးကျော်မြဝင်းက “ဌာနချုပ်မှာ ပြည်ထဲရေးအကြီးအကဲတွေ ရောက်နေတယ်။ လတ်တလော ကယ်ဆယ်ရေးတွေက များနေတော့ သတင်းတွေ လိုက်ကောက်နေရတုန်းပဲ။ သွားထုတ်ဖို့ ကျွန်နော်တို့ ပြင်ဆင်မှာပါ” ဟု Frontier ကို ပြောသည်။
ယခုလက်ရှိအချိန်တွင် ပြည်ထဲရေးဝန်ကြီးဌာန ဒုဝန်ကြီးနှင့် မြန်မာနိုင်ငံရဲတပ်ဖွဲ့ ဒုတိယရဲမှူးချုပ်တို့ ရောက်ရှိနေကာ လုံခြုံရေးတိုးမြှင့်ဆောင်ရွက်လျှက်ရှိပြီး တပ်မတော်ကလည်း နယ်မြေရှင်းလင်းရေးကို အဆက်မပြတ် ဆောင်ရွက်လျှက်ရှိသည်။
သတင်း-မြတ်ကျော်သူ