မောင်တောတွင် တိုင်းရင်းသားကျေးရွာ ၃၀ ရာခိုင်နှုန်းနီးပါး ထူထောင်ထား

နေပြည်တော်၊ ဇွန် ၅

ဘင်္ဂလားဒေ့ရ်ှနိုင်ငံနှင့် နယ်နမိတ်ခြင်းထိစပ်နေသည့် ရခိုင်ပြည်နယ်မောင်တောခရိုင်အတွင်း တိုင်းရင်းသား ကျေးရွာအရေအတွက်မှာ ကျေးရွာ စုစုပေါင်း၏ ၃၀ ရာခိုင်နှုန်းနီးပါးသာရှိကြောင်း ပြည်ထဲရေးဝန်ကြီးဌာနနှင့် နယ်စပ် ရေးရာဝန်ကြီးဌာနတို့၏ ထုတ်ဖော်ပြောဆိုချက်များအရသိရသည်။

အဆိုပါဒေသတွင် ၁၉၉၀ ပြည့်နှစ်မှစ၍ နယ်စပ်ဒေသနှင့်တိုင်းရင်းသားလူမျိုးများ ဖွံ့ဖြိုးတိုးတက်မှု အကောင်အထည်ဖော်ရေး ဗဟိုကော်မတီ၊ လုပ်ငန်းကော်မတီ၊ ဒေသဆိုင်ရာကော်မတီတို့က တာဝန်ယူ၍ တိုင်းရင်းသား စံပြကျေးရွာများ တည်ထောင်ထားခြင်းဖြစ်သည်ဟု နယ်စပ်ရေးရာဝန်ကြီးဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်သန်းထွဋ်က ပြောသည်။

ယနေ့ ဇွန် ၅ ရက်နေ့တွင် ပြုလုပ်သော အမျိုးသားလွှတ်တော်အစည်းအဝေးတွင် ရခိုင်ပြည်နယ် မဲဆန္ဒနယ်အမှတ် ၂ အမျိုးသားလွှတ်တော်အမတ်၊ ဦးတက်ထွန်းအောင်က ပြည်နယ်အတွင်း ပျံ့နှံ့နေထိုင်ကြာသော ရခိုင်တိုင်းရင်းသားများကို စုစည်း၍ မောင်တောနှင့် ဘူးသီးတောင် မြို့နယ်များတွင် တိုင်းရင်းသားကျေးရွာများ တည်ဆောက်ပေးရန် အစီအစဉ်ရှိမရှိ မေးမြန်းမှုကို ဗိုလ်ချုပ်သန်းထွဋ်က ပြန်လည်ဖြေကြားခဲ့ခြင်းဖြစ်သည်။

ထိုဒေသတွင် တိုင်းရင်းသား စုစည်းကျေးရွာ ၁၅ ရွာ၊ ရန်ကုန်မှ ပြောင်းရွှေ့လိုသူများနှင့် တည်ထောင်ထားသော ရွာ ခြောက်ရွာ၊ ဒေသခံနှင့် ပြောင်းရွှေ့တိုင်းရင်းသားစုစည်းကျေးရွာ ခြောက်ရွာ၊ စုစုပေါင်း ၂၇ ရွာ တည်ထောင်ထား ပြီးပြီဟု ၎င်းကပြောကြားခဲ့သည်။

ထို့ကြောင့် နေပြည်တော် ပြန်ကြားရေးဝန်ကြီးဌာနရုံးတွင် အောက်တိုဘာ ၁၇ ရက်နေ့က ပြုလုပ်သော သတင်းစာ ရှင်းလင်းပွဲ၌ ပြည်ထဲရေးဝန်ကြီးှဌာန ဒုတိယဝန်ကြီး ဗိုလ်ချုပ်အောင်စိုး၏ ပြောဆိုချက်အရ ကျေးရွာ စုစုပေါင်း ၉၀၅ ရွာ ရှိကြောင်း သိထားရသည့် မောင်တောတွင် တိုင်းရင်းသားကျေးရွာပမာဏမှာ ကျေးရွာများ၏ ၃၀ ရာခိုင်နှုန်းနီးပါးသာ ရှိသည်ကို တွေ့ရခြင်းဖြစ်သည်။

အမျိုးသားလွှတ်တော်တွင် အဆိုပါကိစ္စကို မေးမြန်းသည့် ဦးတက်ထွန်းအောင်က “ ရခိုင်တိုင်းရင်းသားများ၏ အသက်အိုးအိမ်စည်းစိမ်နဲ့ ဒေသတည်ငြိမ်ရေး၊ ခိုးဝင်နိုင်ငံခြားသားတားဆီးရေးမှာ ထိရောက်စွာ မကာကွယ်နိုင်သေးတာ တွေ့ရမှာဖြစ်ပါတယ်။ ဒါဟာပြည်ထောင်စုအရေးလည်းဖြစ်ပါတယ်” ဟု ပြောကြားခဲ့သည်။ ထို့ကြောင့် ရေတိုရေရှည်စီမံကိန်းများချမှတ်၍ ရခိုင်တိုင်းရင်းသားကျေးရွာများကို စဉ်ဆက်မပြတ် တည်ထောင်ပေးရန် ပြည်ထောင်စုအစိုးရတွင် အစီအစဉ်ရှိမရှိ ဦးတက်ထွန်းအောင်က မေးမြန်းခဲ့ခြင်းဖြစ်သည်။

ပြည်ထဲရေးဝန်ကြီးဌာန၏ စာရင်းအရ စုစုပေါင်း လူဦးရေ ရှစ်သိန်းကျော်နေထိုင်ပြီး ရခိုင်တိုင်းရင်းသား တစ်သိန်းခန့်သာရှိသည့် မောင်တောဒေသနှင့် ဘူးသီးတောင်တို့တွင် တိုင်းရင်းသားကျေးရွာများထူထောင်ပေးပြီး ရေရှည်နေထိုင် ဘဝရပ်တည်နိုင်ရန်လည်း ထောက်ပံ့မှုများ ပြုလုပ်ပေးခဲ့သည်ဟုသာ ဗိုလ်ချုပ်သန်းထွဋ်က ပြန်လည် ဖြေကြားခဲ့သည်။

ဘူးသီးတောင်နှင့် မောင်တောဒေသနှစ်ခုပေါင်းတွင် တိုင်းရင်းသားကျေးရွာပေါင်း ၃၆ ရွာထူထောင်ထားပြီး ဖြစ်ကြောင်း၊ တစ်နှစ်စာရိက္ခာ၊ လှည်း၊ နေအိမ်၊ လှည်း၊ လယ်မြေ၊ ဥယျာဉ်ခြံမြေ၊ လက်တွန်းထွန်စက်၊ ဆိုက္ကား၊ အပ်ချုပ်စက် စသည်ဖြင့် ထောက်ပံ့ပေးမှုများ ပြုလုပ်ထားကြောင်း ဒုတိယဝန်ကြီးက ရှင်းပြခဲ့သည်။

မေးခွန်းရှင် ဦးတက်ထွန်းအောင်ကမူ “မောင်တော၊ ဘူးသီးတောင်မြို့နယ်များအတွင်းမှာ ရခိုင်တိုင်းရင်းသားများ မရောက်နိုင်ပါက သူတို့(ဘင်္ဂလားဒေ့ရှ်နိုင်ငံဖက်မှ ခိုးဝင်လာသူ) ရဲ့ ရည်မှန်းချက်အတိုင်း နယ်မြေကိုအပိုင်သိမ်းဖို့ ဖြစ်ပါတယ်။ ဒါကြောင့် အဲဒီမြို့နယ်တွေမှာ မူလဌာနေ ရခိုင်တိုင်းရင်းသား ကျေးရွာများကို ထူထောင်ပေးဖို့လိုပါတယ်” ဟု ထည့်သွင်းမေးမြန်းခဲ့သည်။

ဦးတက်ထွန်းအောင်၏ ပြောဆိုချက်အရ ၎င်း၏ မေးခွန်းပါအကြောင်းအရာမှာ ၁၁ ကြိမ်မြောက် ရခိုင်ပြည်နယ် လွှတ်တော် အစည်းအဝေးတွင် အတည်ပြုပြီးဖြစ်သည့် အဆိုတစ်ခုနှင့် အတူတူပင်ဖြစ်ကြောင်းသိရသည်။

သတင်း-ဉာဏ်လှိုင်လင်း

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar