မူးယစ်ကုန်သည်များနှင့် ရောင်းဝယ်ဖောက်ကားမှုများအား သတင်းပေး တိုင်ကြားသူများနှင့် လက်ရ ဖမ်းဆီးသူများအား ဆုကြေးများ ချီးမြှင့်ပေးသွားမည်ဟု သမ္မတဦးဝင်းမြင့်က ပြောကြားလိုက်သည်။
“မူးယစ်ကုန်သည်တွေ၊ ရောင်းဝယ် ဖောက်ကားသူတွေရဲ့ တရားမဝင် ပိုင်ဆိုင်မှုတွေကို သတင်းပေး တိုင်ကြားသူ၊ လက်ရ ဖမ်းဆီးသူနဲ့ နိုင်ငံတော်အစိုးရ သင့်တင့်လျောက်ပတ်တဲ့ အချိုးအစားနဲ့ ပြန်လည် ခွဲဝေပေးမှာ ဖြစ်ပါတယ်။ သတင်းပေးတိုင်ကြားသူတွေကို ထိုက်ထိုက် တန်တန်ဆုကြေး ချီးမြှင့်ပေးရာမှာ သူတို့ရဲ့ လုံခြုံရေးကို အထူးဂရုပြုတဲ့အနေနဲ့ သတင်းထုတ်ပြန်ခြင်း ပြုလုပ်မှာ မဟုတ်သလို နိုင်ငံတော်ရဲ့ ချီးမြှင့်ငွေ ဖြစ်တဲ့အတွက် အခွန် ကင်းလွတ်ခွင့် အထူး အခွင့်အရေးကိုလည်း ပေးအပ်သွားမှာ ဖြစ်ပါတယ်” ဟု ဇွန် ၂၆ ရက်နေ့က နေပြည်တော်၌ ကျင်းပသည့် မူးယစ်ဆေးဝါးအလွဲသုံးမှုနှင့် တရားမဝင်ရောင်းဝယ်မှု တိုက်ဖျက်ရေးနေ့ အခမ်းအနား၌ သမ္မတက ပြောကြားသည်။
မူးယစ်ဆေးဝါး ထုတ်လုပ်မှု၊ ရောင်းဝယ်ဖောက်ကားမှုများနှင့် စပ်လျဉ်းပြီး သတင်းပေး တိုင်ကြားနိုင်မည့် “မူးယစ်ဆေးဝါး အထူးသတင်း တိုင်ကြားရေးဌာန” တစ်ခုအား သမ္မတရုံး၌ ဖွဲ့စည်းထားပြီးဖြစ်သည်ဟုလည်း ၎င်းက ပြောသည်။
ထို့ပြင် တိုင်ကြားသူများ၏ လုံခြုံရေး၊ သတင်းအချက်အလက် မပေါက်ကြားရေးအတွက် လုံခြုံမှု အဆင့်အတန်း သတ်မှတ် ဆောင်ရွက်သည့် လုပ်ထုံးလုပ်နည်း တစ်ရပ်ကိုလည်း ချမှတ်ပေးထားပြီး ဖြစ်သည်ဟုဆိုသည်။
“မူးယစ်ဆေးဝါး စိုက်ပျိုးခြင်း၊ ထုတ်လုပ်ခြင်း၊ လက်ဝယ်ထားရှိခြင်း၊ သယ်ဆောင်ခြင်း၊ ဖြန့်ဖြူးခြင်း၊ ရောင်းဝယ် ဖောက်ကားခြင်းတွေကို ထိထိရောက်ရောက် ဖော်ထုတ်ပြီး ပြစ်ဒဏ်ချမှတ်နိုင်ဖို့၊ ဒီလို ဖော်ထုတ်ရာမှာလည်း ကွင်းဆက်အားလုံး မပျောက်ပျက်အောင် အဆုံးအထိ စုံစမ်း ဖော်ထုတ်နိုင်ဖို့၊ မူးယစ်တိုက်ဖျက်ရေးမှာ သတင်းပေါက်ကြားမှုတွေ မဖြစ်ပေါ်စေအောင် ဗဟိုအဖွ့ဲရဲ့ တိုက်ရိုက် ကွပ်ကဲ ကြီးကြပ်မှုအောက်မှာ “မူးယစ်ဆေးဝါး တားဆီးနှိမ်နင်းရေး အထူးအဖွ့ဲ” ကို သီးခြားဖွ့ဲစည်းထားရှိပြီး ဖြစ်ပါတယ်” ဟု သမ္မတက ပြောကြားသည်။
သတင်းပေး တိုင်ကြားလာသူများ ပေးပို့သည့် သတင်းအချက်အလက်များကို အခြေခံပြီး ဗဟို၌ ဖွ့ဲစည်းထားသည့် အထူးအဖွ့ဲကို စေလွှတ်သွားမည်ဖြစ်သည်။ အထူးအဖွ့ဲ၏ လှုပ်ရှား ဆောင်ရွက်မှုဆိုင်ရာ သတင်းအချက်အလက်များ ပေါက်ကြားခြင်း မရှိရန် အချိန်တိုတိုအတွင်း အလျင်အမြန် ဖြန့်ကျက်ပြီး လျှပ်တစ်ပြက် သွားရောက်ဖမ်းဆီးနိုင်ရန်အတွက် အမိန့်ပေး ကွပ်ကဲမှု လမ်းကြောင်းအား အတိုဆုံးဖြစ်အောင် စနစ်တကျ ပြင်ဆင် ဆောင်ရွက်ထားပြီးဖြစ်သည်ဟုလည်း ဆိုသည်။
“မူးယစ်ဆေးဝါး တားဆီးကာကွယ်နှိမ်နင်းရေး လုပ်ငန်းအဆင့်ဆင့်မှာ ပြည်သူတွေရဲ့ ပါဝင်မှုကို မြှင့်တင်နိုင်ဖို့ ဆုငွေ ချီးမြှင့်ရေးအစီအစဉ်တွေ၊ အကာအကွယ်ပေးရေး အစီအမံတွေ၊ သတင်း အချက်အလက် လုံခြုံရေး စနစ်တွေကို အရှိန်အဟုန်မြှင့်တင်ပြီး ဆောင်ရွက်နေပြီ ဖြစ်ပါတယ်” ဟု သမ္မတက ပြောကြားသည်။
36226646_1689755407738855_556310213154570240_n.jpg
/></p></body>