ဇန်နဝါရီ ၁၆ ရက်က မြန်မာနဲ့ဘင်္ဂလားဒေ့ရှ်တို့ လက်မှတ်ရေးထိုးခဲ့တဲ့ သဘောတူညီချက်အရ ဒုက္ခသည် ပြန်လည်လက်ခံရေးမှာ စိန်ခေါ်မှုတွေရှိနေတာကတော့ မြန်မာဘက်ကို သူတို့ဆန္ဒနဲ့ ပြန်လာချင်ပါ့မလား၊ ပြန်လာရင်သူတို့ ဘယ်မှာနေရာချထားမလဲဆိုတာပါပဲ။
စည်သူအောင်မြင့် ရေးသားသည်။
ပြီးခဲ့တဲ့ ဇန်နဝါရီ ၁၆ ရက်က မြန်မာနဲ့ ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေ နေပြည်တော်မှာ တွေ့ဆုံပြီး ဘင်္ဂလားဒေ့ရှ်ဘက် ရောက်နေတဲ့ မြန်မာနိုင်ငံက မူဆလင်တွေ ပြန်လာဖို့ အသေးစိတ် ညှိနှိုင်းဆွေးနွေးပြီး သဘောတူညီချက် လက်မှတ်ရေးထိုးခဲ့ကြပါတယ်။
သဘောတူညီချက်ရဲ့ အဓိကအချက်ကတော့ ၂၀၁၆ အောက်တိုဘာ ၉ ရက်နဲ့ ၂၀၁၇ ခုနှစ် သြဂုတ်လ ၂၅ ရက် အကြမ်းဖက် တိုက်ခိုက်မှုဖြစ်စဉ်တွေနောက်ပိုင်း ဘင်္ဂလားဒေ့ရှ်ဘက် ထွက်ပြေးသွားသူအားလုံး ၂ နှစ်အတွင်း မြန်မာနိုင်ငံကို ပြန်ပို့ရေး နှစ်ဘက်လိုလားကြတယ်ဆိုတဲ့အချက်ပါ။ ထူးခြားတာ တစ်ခုကတော့ ဒီအရေးကြီးတဲ့ သဘောတူညီချက်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အစိုးရဘက်က အချိန်မဆိုင်းဘဲ သတင်းထုတ်ပြန်ခဲ့ပေမဲ့ မြန်မာအစိုးရဘက်ကတော့ သူ့ပြည်တွင်းမီဒီယာတွေကိုတောင် အဲဒီအချက် ထည့်မပြောဘဲ ထိန်ချန်ပြောဆိုခဲ့တာပါ။ ဒုက္ခသည်တွေ မြန်မာနိုင်ငံတွင်း ပြန်လာရေး ဘယ်လိုအခက်အခဲ ပြဿနာတွေ ကြုံရနိုင်သလဲဆိုတာ ခုတစ်ပတ် လေ့လာသုံးသပ်ကြည့်ကြမှာပါ။
ဒုက္ခသည် အရေအတွက်နဲ့ပတ်သက်ပြီး ဘင်္ဂလားဒေ့ရှ် အာဏာပိုင်တွေနဲ့ ကုလသမဂ္ဂအပါအဝင် နိုင်ငံတကာ အသိုင်းအဝိုင်းက ပြောဆိုနေတာကတော့ ၆ သိန်းကျော်ရှိတယ်လို့ ဆိုပါတယ်။ အဲဒီအရေအတွက်ဟာ အကြမ်းဖက်မှုဖြစ်စဉ် ၂ ကြိမ် မတိုင်ခင်ကတည်းက ဘင်္ဂလားဒေ့ရှ်ဘက်မှာ ရှိနေတယ်ဆိုတဲ့၊ သိန်းနဲ့ချီရှိတဲ့ သူတွေနဲ့ သက်ဆိုင်ခြင်း မရှိပါဘူး။
ဒါပေမဲ့ ထူးခြားတာကတော့ မြန်မာအစိုးရဘက်ကနေ ဘင်္ဂလားဒေ့ရှ်ဘက်ကို မူဆလင်တွေ ဘယ်လောက် အရေအတွက် ထွက်ပြေးသွားပါတယ်ဆိုပြီး တကြိမ်တခါမှ ထုတ်ဖော်ပြောဆိုတာ မကြားကြရပါဘူး။ အဲဒီ ရခိုင်ပြည်နယ် မြောက်ပိုင်းက မူဆလင်တွေနဲ့ပတ်သက်ရင် အုပ်ချုပ်ရေးဆိုင်ရာနဲ့ လူဝင်မှုကြီးကြပ်ရေးဆိုင်ရာ တာဝန်ရှိသူတွေဘက်က သူတို့မှာ စာရင်းတွေ အတိအကျရှိတယ်။
အချိန်နဲ့တပြေးညီ မြေပြင်မှာ ကောက်ထားတဲ့ စာရင်းတွေဖြစ်တယ်၊ အိမ်ထောင်စုအလိုက်စုပြီး ရိုက်ထားတဲ့ ဓာတ်ပုံတွေလည်းရှိတယ်ဆိုပြီး မြန်မာမီဒီယာတွေကို အချိန်တိုင်း ပြောဆိုနေခဲ့တာပါ။ ဒါပေမဲ့ အဲလိုစာရင်းတိတိကျကျ ရှိနေတယ်ဆိုရင် အခုနောက်ဆုံး ကျန်နေရစ်တဲ့ မူဆလင် အရေအတွက်နဲ့ တိုက်ဆိုင်လိုက်တာနဲ့ အရေအတွက် ဘယ်လောက် ဘင်္ဂလားဒေ့ရှ်ဘက်ကို ထွက်ပြေးသွားသလဲဆိုတာ ထုတ်ဖော်ပြောဆိုနိုင်တဲ့ အခြေအနေရှိပါတယ်။ ဒါပေမဲ့ ဒီနေ့အချိန်ထိ ထုတ်ဖော်ပြောဆိုခြင်း မရှိတာဟာ ထူးဆန်းနေပါတယ်။
လက်ရှိ မြန်မာဘက်က ပြောဆိုနေပြီး ပြင်ဆင်နေတာကတော့ ဘင်္ဂလားဒေ့ရှ်ဘက်ကနေ မြန်မာဘက် ပြန်လာချင်သူတွေဟာ ပထမဦးဆုံး သူတို့ဆန္ဒနဲ့ ပြန်လာချင်သူတွေ ဖြစ်ရမှာဖြစ်ပြီး မြန်မာဘက်က ပေးပို့ထားတဲ့ ပုံစံစာရွက်တွေမှာ အချက်အလက်တွေ အရင်ဆုံး ပြန်ပို့ထားပေးရမယ်လို့ ဆိုပါတယ်။ မြန်မာဘက်က ပုံစံစာရွက်တွေ အရင်စစ်ဆေးပြီးမှ လူတွေကို လာခွင့်ပေးမယ်ဆိုတဲ့ သဘောပါ။
အခြေအနေ တစ်ခုလုံးကို ခြုံပြီးသုံးသပ်ရရင် လက်ရှိ မြန်မာအစိုးရက စီစဉ်နေတဲ့ မူဆလင်တွေ ပြန်လာရေး၊ ပြန်လည်နေရာချထားရေး အစီအစဉ်ကို တကယ့်ကာယကံရှင်တွေဖြစ်တဲ့ မူဆလင်တွေကိုယ်တိုင် သဘောတူ လက်ခံပါ့မလားဆိုတာ ပထမ ပြဿနာပါ။
ဘင်္ဂလားဒေ့ရှ် ဒုက္ခသည်စခန်းက မူဆလင်တွေ ကုန်းလမ်းကနေ ပြန်လာမယ်ဆိုရင် တောင်ပြိုလက်ဝဲစခန်း၊ ရေလမ်းကနေ ပြန်လာမယ်ဆိုရင် ငါးခူရစခန်း အဲဒီစခန်းနှစ်ခုမှာ စစ်ဆေးမယ်လို့ ဆိုပါတယ်။ စစ်ဆေးပြီး လက်ခံမယ့်သူတွေကိုတော့ လှဖိုးခေါင်လို့ နာမည်ပေးထားတဲ့ ယာယီစခန်းကြီးမှာ ယာယီ နေရာချထားပေးမယ်လို့ ဆိုပါတယ်။ မူဆလင်တွေအနေနဲ့ သူတို့ တကယ်နေထိုင်ခွင့်ရမယ့်နေရာမှာ ပြန်မနေရသေးခင် ဒီစခန်းကြီးမှာ ယာယီနေကြရမယ်လို့ဆိုပေမဲ့ အချိန်ဘယ်လောက်ကြာကြာ အဲဒီစခန်းထဲမှာ နေရမလဲ မြန်မာအာဏာပိုင်တွေဘက်က ထုတ်ပြောတာ မရှိသေးပါဘူး။
လက်ရှိအချိန်မှာ မြန်မာအာဏာပိုင်တွေဟာ စိစစ်မယ့်စခန်းနှစ်ခုနဲ့ ယာယီထားမယ့်စခန်းကြီး တစ်ခုကို ဇန်နဝါရီ ၂၃ ရက်မှာ အတော်အသင့် ပြီးစီးအောင် အမြန်အဆန် ဆောက်လုပ်နေပါတယ်။ လှဖိုးခေါင်စခန်းကိုဆိုရင် ဇန်နဝါရီ ၂၃ ရက်မှာ လူ ၁,၂၀၀ လောက် ထားနိုင်အောင် ပြီးစီးမှာဖြစ်ပြီး လ ကုန်ရင်တော့ လူ ၄,၀၀၀-၅,၀၀၀ လက်ခံနိုင်တဲ့ အနေအထား ဖြစ်လာမယ်လို့ ဆိုပါတယ်။ အဲဒီစခန်းကို စုစုပေါင်း လူ ၃၀,၀၀၀ လောက်အထိ နေနိုင်အောင် ဆောက်မယ်လို့ ဆိုပါတယ်။
ပြောရရင် တစ်ဘက်နိုင်ငံ ထွက်ပြေးသွားတဲ့ မူဆလင်တွေ မြန်မာနိုင်ငံပြန်လာရင် သူတို့ကျေးရွာ၊ သူတို့နေအိမ်မှာ ပြန်ပြီး နေရာချထားပေးမယ်လို့ မြန်မာအာဏာပိုင်တွေက အာမ မခံထားပါဘူး။ မောင်တောခရိုင် မြောက်ပိုင်းက နေရာ ၁၁ နေရာမှာ အသစ်ပြန်ပြီး နေရာချထားပေးမယ်လို့ ဆိုပါတယ်။ အဲဒီမှာ နေအိမ်တွေ မရှိသေးတဲ့အတွက် မူဆလင်တွေဟာ သူတို့အိမ် သူတို့ဆောက်ရဖို့ ရှိနေပါတယ်။
အဲဒီအတွက် အစိုးရက စီစဉ်တဲ့ Cash for work အစီအစဉ်နဲ့ အလုပ်လုပ်ကြရပါမယ်။ လုပ်ခက ရတဲ့ငွေနဲ့ နေအိမ်ပိုင်ဆိုင်နိုင်အောင် လုပ်ပေးမယ့် အစီအစဉ်မျိုး ဖြစ်နိုင်ပါတယ်။ မောင်တောခရိုင် တောင်ပိုင်းက မူဆလင်တွေကတော့ သူတို့ဒေသမှာ သူတို့ ပြန်ပြီး နေခွင့်ရပါ့မလားဆိုတာ မသေချာတော့ပါဘူး။ ရခိုင်နိုင်ငံရေးသမားတွေကတော့ သာယာလှပတဲ့ ပင်လယ်ကမ်းခြေတွေရှိရာ အဲဒီတောင်ပိုင်းမှာ မူဆလင်တွေကို နေရာချမပေးဖို့ တောင်းဆိုနေသလို၊ အစိုးရ တာဝန်ရှိသူတွေကလည်း နေရာချပေးမယ်၊ ချမပေးဘူး ယတိပြတ် မပြောရဲကြသေးပါဘူး။ တောင်ပိုင်းက မူဆလင်ကျေးရွာ အားလုံးနီးနီးကလည်း မီးလောင် ပြာကျခဲ့ပြီးပါပြီ။
အခြေအနေ တစ်ခုလုံးကို ခြုံပြီးသုံးသပ်ရရင် လက်ရှိ မြန်မာအစိုးရက စီစဉ်နေတဲ့ မူဆလင်တွေ ပြန်လာရေး၊ ပြန်လည်နေရာချထားရေး အစီအစဉ်ကို တကယ့်ကာယကံရှင်တွေဖြစ်တဲ့ မူဆလင်တွေကိုယ်တိုင် သဘောတူ လက်ခံပါ့မလားဆိုတာ ပထမ ပြဿနာပါ။ သူတို့တွေဟာ စစ်တွေဘက်က အကျယ်ချုပ်ပုံစံနဲ့တူတဲ့ စခန်းလိုမျိုးမှာ မနေလိုကြသလို၊ သူတို့ကို ယာယီထားမယ့် စခန်းတွေကိုလည်း စိတ်ချလက်ချရှိရဲ့လား မသိနိုင်သေးပါဘူး။
ဒီထက်ပိုပြီး အရေးကြီးတာက သူတို့အနေနဲ့ နေအိမ်တွေ၊ ကျွဲ၊ နွား၊ ဆိတ်စတဲ့ တိရစ္ဆာန်တွေ၊ ဆိုင်ကယ်၊ စက်ဘီးအပါအဝင် အိမ်အသုံးအဆောင်ပစ္စည်းတွေ ဆုံးရှုံးခဲ့ပြီးဖြစ်ပေမဲ့ သူတို့ပိုင်လယ်မြေတွေ၊ ခြံတွေနဲ့ပတ်သက်ပြီး အစိုးရက ဘယ်လိုစီစဉ်ပေးမလဲဆိုတဲ့ ပြဿနာ အရေးကြီးပါတယ်။ အကြမ်းဖက်မှုဖြစ်စဉ်နောက်ပိုင်း မောင်တောခရိုင်မှာ စပါး မရိတ်သိမ်းရသေးတဲ့ လယ်မြေဧက ၄၅,၀၀၀ ကျော် ကျန်နေရစ်ပြီး အဲဒါတွေဟာ မူဆလင်တွေ လုပ်ကိုင်တဲ့လယ်မြေတွေ ဖြစ်နိုင်ပါတယ်။
အခုလို မြန်မာအစိုးရဘက်က တတိုင်းပြည်လုံးက အင်အားတွေ ထုတ်နှုတ်အသုံးပြုပြီး ရခိုင်ပြည်နယ်ဖွံ့ဖြိုးရေး၊ ဒုက္ခသည်တွေကို ပြန်လက်ခံ၊ ပြန်နေရာချထားပေးရေး ကြိုးစား အကောင်အထည်ဖော်နေပေမယ့် အာဆာ ARSA အဖွဲ့ရဲ့ တိုက်ခိုက်မှုတွေ ထပ်ပြီးပေါ်ပေါက်လာရင်၊ အဲဒါကို ပြန်ပြီး နှိမ်နင်းရတဲ့ စစ်ဆင်ရေးတွေ ပေါ်ပေါက်လာရင် အခက်အခဲ ထပ်တွေ့လာနိုင်ပြီး ၂ နှစ်အတွင်း မပြီးနိုင်တဲ့ ရေရှည်ဖြေရှင်းရမယ့် ပြဿနာ တစ်ခုအဖြစ် ရောက်သွားနိုင်ပါကြောင်း တင်ပြလိုက်ရပါတယ်။