ရိုဟင်ဂျာ မူဆလင်တွေအပေါ် အမုန်းစကား ပြောဆိုမှုတွေ ပြုလုပ်နေတဲ့ ဗုဒ္ဓဘာသာ ဘုန်းတော်ကြီးတွေပါဝင်တဲ့ အုပ်စုကို အမည်ပျက်စာရင်း သွင်းလိုက်တယ်လို့ Facebook က ဇွန် ၇ ရက်နေ့မှာ အေအက်ဖ်ပီကို ပြောပါတယ်။
ဗုဒ္ဓဘာသာ အမျိုးသားရေးအုပ်စုဖြစ်တဲ့ မဘသ အပါအဝင် အမုန်းတရားတွေ ပြောဆိုရေးသားနေတယ်လို့ ထင်ရှားတဲ့ ဘုန်းတော်ကြီးတွေကို Facebook လူမှု ပလက်ဖောင်းပေါ်က ဖယ်ထုတ် တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။
“Facebook ပေါ်မှာ သူတို့ရှိနေခွင့် မပြုနိုင်ဘူး။ ပြီးတော့ သူတို့တွေ၊ ဒါမှမဟုတ် အဖွဲ့အစည်းတွေကို ထောက်ခံ၊ ချီးကျူး၊ ဒါမှမဟုတ် ကိုယ်စားပြုတဲ့ ဘယ်အကောင့်တွေ၊ အကြောင်းအရာတွေကိုမဆို ကျွန်တော်တို့ ဖယ်ရှားသွားမှာ ဖြစ်ပါတယ်” လို့ Facebook ရဲ့ အကြောင်းအရာပိုင်းဆိုင်ရာ မူဝါဒ မန်နေဂျာ David Caragliano က ပြောပါတယ်။
ပြီးခဲ့တဲ့ ဇန်နဝါရီလတုန်းက တားမြစ် ဖယ်ရှားခံခဲ့ရတဲ့ ဦးဝီရသူလိုပဲ အမျိုးသားရေးလှုပ်ရှားသူ ဘုန်းတော်ကြီးတွေဖြစ်တဲ့ ဦးပါမောက္ခနဲ့ ဦးသုစိတ္တတို့လည်း တားမြစ်လိုက်တယ်လို့ ဆိုပါတယ်။
မြန်မာနိုင်ငံရဲ့ လူဦးရေ သန်း ၅၀ ထဲက ၁၈ သန်းလောက်ဟာ Facebook သုံးဆွဲနေကြတဲ့အတွက် Facebook ဟာ မြန်မာနိုင်ငံအတွက် အရေးပါတဲ့အခန်းကဏ္ဍမှာ ရှိနေပါတယ်။
မြန်မာနိုင်ငံမှာ မူဆလင်တွေအပေါ် အမုန်းတရား ပြောဆိုမှုတွေ Facebook ပေါ်မှာ တွင်တွင်ကျယ်ကျယ် ပြန့်နှံ့နေမှုနဲ့ ပတ်သက်ပြီး လုံလောက်တဲ့ အရေးယူ ဆောင်ရွက်မှုတွေကို ပြုလုပ်ဖို့ Facebook က နှောင့်နှေးနေတယ်လို့ ဝေဖန်မှုတွေ ရှိနေပါတယ်။
ဒီလို စွပ်စွဲမှုကြောင့် Facebook ရဲ့ အဆင့်မြင့်ကိုယ်စားလှယ်အဖွဲ့ဟာ မြန်မာနိုင်ငံကို ယခု ရက်သတ္တပတ်အတွင်း ရောက်ရှိလာခဲ့ပါတယ်။ ဒီလိုရောက်ရှိလာပြီးနောက် ဒီလိုအဖွဲ့အစည်းတွေနဲ့ ပုဂ္ဂိုလ်တွေကို လူမှုကွန်ရက်ပေါ်ကနေ ဖယ်ထုတ်တာတွေ ဆောင်ရွက်လာတာ ဖြစ်ပါတယ်။
“ကျွန်တော်တို့ ဒီထက်ပို ဆောင်ရွက်နိုင်ပါတယ်။ ပြီးတော့ ကျွန်တော်တို့ ပြန်လည်တုံ့ပြန်မှုတွေ နှေးကွေးခဲ့ပါတယ်” လို့ Facebook ရဲ့ ပြည်သူ့ရေးရာမူဝါဒဆိုင်ရာ ဒုဥက္ကဋ္ဌဖြစ်သူ Simon Miher က ပြောပါတယ်။
စင်ကာပူနဲ့ ထိုင်းနိုင်ငံကနေ မြန်မာနိုင်ငံအတွက် အလုပ်လုပ်ကိုင်နေသူ အရေအတွက်ကို Facebook က တိုးမြှင့်ထားတယ်လို့ သူကပြောပါတယ်။ အဲဒီထဲမှာ မြန်မာဘာသာစကား ပြောဆိုတတ်သူတွေ ပါဝင်တယ်လို့ ပြောပေမယ့် အရေအတွက် ဘယ်လောက်ရှိတယ်ဆိုတာကိုတော့ သူက ပြောကြားခြင်းမရှိပါဘူး။
လူမှုကွန်ယက်ပေါ်က အကောင့်တုတွေ ဖယ်ရှားဖို့နဲ့ ထပ်ခါတလဲလဲ ကျူးလွန်သူတွေကို တားမြစ်ဖို့ ပိုမိုဆောင်ရွက်နေတယ်လို့လည်း Facebook က ပြောကြားထားပါတယ်။ တစ်ချိန်ထဲမှာပဲ အန္တရာယ်ရှိတဲ့အကြောင်းအရာတွေကို အသုံးပြုသူတွေက သတင်းပို့နိုင်မယ့် စနစ်ကို ပိုမိုအဆင့်မြှင့်တင်မယ်လို့ဆိုပါတယ်။
မြန်မာနိုင်ငံက တက်ကြွလှုပ်ရှားသူတွေက ဒီလိုဆောင်ရွက်မှုတွေကို ကြိုဆိုကြပေမယ့် Facebook အနေနဲ့ ပွင့်လင်းမြင်သာမှု ပိုမိုရှိဖို့လိုတယ်လို့ တိုက်တွန်းကြပါတယ်။
“အန္တရာယ်ရှိမယ့် အကြောင်းအရာတွေကို ဖယ်ရှားဖို့ အချိန်ဘယ်လောက် ယူမှာလဲ။ မြန်မာစကားပြောတတ်တဲ့လူ ဘယ်နှစ်ယောက် ရှိတာလဲ” လို့ ဖန်တီးရာရဲ့ အမှုဆောင် အရာရှိချုပ် Jes Kaliebe Petersen က ပြောပါတယ်။
“အသုံးပြုသူတွေအနေနဲ့ သိခွင့်ရှိပါတယ်” လို့ သူက ဆက်ပြောပါတယ်။