အမျိုးဘာသာ သာသနာ စောင့်ရှောက်ရေးအဖွဲ့ (မဘသ) ဟာ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်းများနဲ့အညီ ဖွဲ့စည်းထားခြင်း မဟုတ်ဘူးလို့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့က ဇူလိုင် ၁၂ ရက်နေ့က ငြင်းဆိုလိုက်သလို မဘသကလည်း သူတို့အဖွဲ့ဟာ သံဃအဖွဲ့အစည်းမဟုတ်ပဲ သာသနာပြု အဖွဲ့အစည်းသာဖြစ်တယ်လို့ ကြေညာချက် ပြန်လည် ထုတ်ပြန်ခဲ့တာ တွေ့ရပါတယ်။
အစောပိုင်းက ထုတ်ပြန်ခဲ့တဲ့ ကြေညာချက်မှာတော့ မဘသအဖွဲ့က သူတို့ဟာ သံဃအဖွဲ့အစည်းဖြစ်တယ်လို့ ပြောကြားထားတာပါ။
မဘသအဖွဲ့က သူတို့ဟာ ၂၀၁၃ ခုနှစ်က ရန်ကုန်မြို့၊ ကမ္ဘာအေးကုန်းမြေရှိ မဟာပါသာဏလှိုဏ်ဂူတော်ကြီး၌ ကျင်းပခဲ့တဲ့ ဂိုဏ်းပေါင်းစုံ သံဃာ့ညီလာခံကြီးက ပေါက်ပွားခဲ့တာဖြစ်ပြီးတော့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)ရဲ့ သံဃနာယက လက်စွဲပါ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်လည်း ညီညွတ်သည့် အဖွဲ့အစည်းဖြစ်တယ်လို့ ဇူလိုင် ၇ ရက်နေ့က ကြေညာချက်ထဲမှာ ဆိုထားပါတယ်။
ဒါ့အပြင် နိုင်ငံတော် ဖွဲ့စည်းပုံအခြေခံဥပဒေ၊ နိုင်ငံတော်နှင့် နိုင်ငံသားများ၏ မူလအခွင့်အရေးနှင့် တာဝန်များကဏ္ဍပါ အသင်းအဖွဲ့ သို့မဟုတ်၊ အစည်းအရုံးများ ဖွဲ့စည်းဆောင်ရွက်ခွင့် ဥပဒေနဲ့လည်း ညီညွတ်သလို အသင်းအဖွဲ့များ မှတ်ပုံတင်ခြင်းဆိုင်ရာ ဥပဒေနဲ့လည်း ညီညွတ်တဲ့ အဖွဲ့အစည်းကြီးဖြစ်တယ်လို့ ဆိုပါတယ်။
မဘသအဖွဲ့ဟာ ရဟန်းပုဂ္ဂိုလ်နှင့် လူပုဂ္ဂိုလ်တွေ စုပေါင်းဖွဲ့စည်းထားတဲ့ သာသနာပြု အဖွဲ့အစည်းကြီးဖြစ်ပြီးတော့ သာသနာအတွက် နောက်မဆုတ်တမ်း ကာကွယ် စောင့်ရှောက်သွားမယ်လို့ ဇူလိုင် ၇ ရက်နေ့က ကြေညာချက်မှာ ဖော်ပြထားပါတယ်။
ဒါပေမယ့် ဇူလိုင် ၁၂ ရက်နေ့မှာ ထုတ်ပြန်ခဲ့တဲ့ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ (မဟန) ရဲ့ ကြေညာချက်ထဲမှာ ဒီအချက်တွေကို ငြင်းဆိုလိုက်ပါတယ်။
ဂိုဏ်းပေါင်းစုံ သံဃာ့ ညီလာခံကြီးကနေ ပေါက်ပွားခဲ့တာဖြစ်ပြီးတော့ နိုင်ငံတော် သံဃမဟာနာယကအဖွဲ့ (မဟန)၏ သံဃနာယက လက်စွဲပါ သံဃအဖွဲ့အစည်း အခြေခံစည်းမျဉ်း လုပ်ထုံးလုပ်နည်းနှင့်လည်း ညီညွတ်သည့် အဖွဲ့အစည်းဖြစ်တယ်လို့ မဘသရဲ့ ပြောကြားချက်တွေကို မဟန ဆရာတော်ကြီး ခြောက်ပါး လက်မှတ် ရေးထိုးထားတဲ့ အဆိုပါ ကြေညာချက်ထဲမှာ ငြင်းဆိုထားတာပါ။
မည်သည့်ဂိုဏ်ပေါင်းစုံအစည်းအဝေးကြီးကမှ မဘသအဖွဲ့ကို အသိအမှတ်ပြုခြင်း၊ သန္ဓေတည်ပေါက်ဖွားစေခြင်းမရှိတဲ့အပြင် မဘသဟူသော အသုံးအနှုန်းကိုပင် ခေါ်ဝေါ်သုံးစွဲခဲ့ခြင်း အလျဉ်းမရှိခဲ့ဘူးလို့ ရေးသားထားပါတယ်။
မဘသအဖွဲ့ဟာ သံဃာ့အဖွဲ့အစည်း အခြေခံစည်းမျဉ်း၊ လုပ်ထုံးလုပ်နည်း၊ သံဃနာယကလက်စွဲ၊ ညွှန်ကြားလွှာများမှာ ဖော်ပြပါရှိခြင်း မရှိတဲ့အပြင် အဆိုပါ ညွှန်ကြားလွှာတွေ၊ လုပ်ထုံးလုပ်နည်းတွေနဲ့အညီ ဖွဲ့စည်းထားတဲ့ အဖွဲ့အစည်း မဟုတ်ကြောင်း အများပြည်သူ ယုံမှားသံသယမရှိစေရန် ထုတ်ပြန် ကြေညာလိုက်တယ်လို့လည်း ရေးသားထားပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ ညမှာ တရားဝင် ထုတ်ပြန်ကြေညာခြင်းမပြုမီ ဇူလိုင် ၁၁ ရက်နေ့ ညကတည်းက မဟနရဲ့ အဆိုပါ ကြေညာချက်တွေဟာ လူမှုကွန်ယက်ပေါ်မှာ ပြန့်နှံ့နေခဲ့ပါတယ်။
ဇူလိုင် ၁၂ ရက်နေ့ မွန်းလွဲပိုင်းမှာတော့ မဘသက သူတို့ဟာ သာသနာပြု အဖွဲ့အစည်းသာ ဖြစ်တယ်လို့ ကြေညာချက် ပြန်လည်ထုတ်ပြန်ခဲ့တာ ဖြစ်ပါတယ်။
“မဘသအဖွဲ့ကြီးသည် သံဃာတော်အရှင်သူမြတ်များသာ သီးသန့်ဖွဲ့စည်းထားသည့် သံဃအဖွဲ့အစည်းမဟုတ်ပါ။ အမျိုးသားရေး၊ ဘာသာရေး၊ သာသနာရေးဆိုင်ရာ လိုအပ်ချက်များကို ဆောင်ရွက်နိုင်ရန် ရဟန်းပုဂ္ဂိုလ်၊ လူပုဂ္ဂိုလ်များ စိတ်တူကိုယ်တူ ဖွဲ့စည်းထားသည့် သာသနာပြု အဖွဲ့အစည်းဖြစ်သည်” လို့ ကြေညာချက်ထဲမှာ ဖော်ပြထားတာ ဖြစ်ပါတယ်။
ဒါ့အပြင် ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးဖြိုးမင်းသိန်းက မဘသ မလိုအပ်တော့ဘူးလို့ ပြောကြားခဲ့တဲ့အတွက် ဆန္ဒပြမယ်လို့ ခြိမ်းခြောက်ထားမှုကိုလည်း မဘသအဖွဲ့က ပြန်လည် ရုပ်သိမ်းသွားပါတယ်။
ဦးဖြိုးမင်းသိန်းရဲ့ပြောကြားချက်နဲ့ ပတ်သက်ပြီး အစိုးရက ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထား မဖြေရှင်းပေးရင် တစ်နိုင်ငံလုံးမှာ ကန့်ကွက်ဆန္ဒပြပွဲတွေ ကျင်းပမယ်လို့ မဘသက ဇူလိုင် ၇ ရက်နေ့က ကြေညာခဲ့တာပါ။
ဦးဖြိုးမင်းသိန်းက မဘသအဖွဲ့ မလိုအပ်တော့ဘူးလို့ နှစ်ကြိမ်တိုင် ပြောဆိုခဲ့တဲ့အတွက် မဘသအဖွဲ့က ဇူလိုင် ၇ ရက်နေ့က ရန်ကုန်မြို့မှာ အရေးပေါ်အစည်းအဝေး ကျင်းပခဲ့ကြပါတယ်။ အဲဒီနောက် ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး ဇူလိုင် ၁၄ ရက်နေ့ နောက်ဆုံးထားပြီး အစိုးရက တာဝန်ယူဖြေရှင်းပေးဖို့ မဘသ ဦးဆောင် ဆရာတော်တွေက တောင်းဆိုခဲ့ကြတာပါ။ သတ်မှတ်ရက်အတွင်း အစိုးရက တာဝန်ယူ ဖြေရှင်းပေးမှု မရှိပါက တစ်နိုင်ငံလုံးမှာ ကန့်ကွက်ဆန္ဒပြပွဲများကို မဘသက ဦးဆောင် ပြုလုပ်သွားမယ်လို့လည်း မဘသ ဦးဆောင်ဆရာတော်တစ်ပါးဖြစ်သူ ဦးဝီရသူက အစည်းအဝေးအပြီး ပြုလုပ်တဲ့ သတင်းစာရှင်းလင်းပွဲမှာ မိန့်ကြားခဲ့ပါသေးတယ်။
ဒါပေမယ့် သာသနာရေးနဲ့ ယဉ်ကျေးမှုဝန်ကြီး သူရဦးအောင်ကိုကတော့ ဦးဖြိုးမင်းသိန်းရဲ့ ပြောဆိုချက်နဲ့ ပတ်သက်ပြီး အစိုးရဖြေရှင်းပေးဖို့ မရှိဘူးလို့ ဇူလိုင် ၉ ရက်နေ့က မီဒီယာတွေကို ပြောကြားခဲ့ပါတယ်။
“တကယ်တော့ ဒီမိုကရေစီမှာ လွတ်လပ်စွာ သဘောထားကွဲလွဲပိုင်ခွင့် ရှိပါတယ်။ သူ့ရဲ့အယူအဆတစ်ခုကို ထုတ်ဖော်ပြောဆိုတာဖြစ်လို့ ဒါနဲ့ ပတ်သက်ပြီးတော့ သီးခြားသဘောထားမှတ်ချက် ပေးစရာမရှိပါဘူး” လို့ သူကပြောကြားခဲ့တယ်လို့ သိရပါတယ်။
အဲဒါကြောင့် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်ဟာ သူ့ရဲ့ ကိုယ်ပိုင် သဘောထား မှတ်ချက်သာဖြစ်ပြီး နိုင်ငံတော်အစိုးရရဲ့ သဘောထား မူဝါဒ မဟုတ်တာကြောင့် ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်နှင့် ပတ်သက်ပြီး အလေးဂရုပြုစရာ မလိုအပ်တော့ပဲ ဒီမိုကရေစီသဘောတရားအရ သူရဲ့ လွတ်လပ်စွာ ပြောဆိုမှုသာ ဖြစ်တယ်လို့ မှတ်ယူတော့မှာ ဖြစ်တယ်လို့ မဘသရဲ့ ဇူလိုင် ၁၂ ရက်နေ့က ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
နိုင်ငံတစ်ဝှမ်းရှိ မဘသအဖွဲ့များအနေနဲ့လည်း ဆန္ဒဖော်ထုတ်ခြင်းနဲ့ ဆန္ဒဖော်ထုတ်ဖို့ စည်းရုံးတိုက်တွန်းမှုတွေ မပြုလုပ်ကြဖို့ ညွှန်ကြားထားတယ်လို့ ကြေညာချက်ထဲမှာ ဖော်ပြထားပါတယ်။
ဦးဖြိုးမင်းသိန်းရဲ့ ပြောကြားချက်နဲ့ ပတ်သက်ပြီးလည်း သက်ဆိုင်ရာ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် (NLD) ပါတီအနေနဲ့ တုံ့ပြန်ဖို့ အကြောင်းမရှိဘူးလို့ NLD ဗဟိုအလုပ် အမှုဆောင် ဦးဝင်းထိန်က ပြောကြားထားပြီး ဖြစ်ပါတယ်။
“အခြေခံဥပဒေမှာလည်း ဘာသာရေးနဲ့ နိုင်ငံရေးကို ခွဲခြားထားတယ်။ NLD ပါတီကလည်း ဒီလိုမူဝါဒရှိတယ်။ ဒါကြောင့်မို့လို့ မဘသရဲ့တောင်းဆိုချက်နဲ့ ပတ်သက်ပြီး ဘာမှပြောစရာမရှိဘူး” လို့ သူက Frontier ကို ဇူလိုင် ၈ ရက်နေ့က ပြောကြားခဲ့ပါတယ်။
သတင်း-Frontier