မစ္စယန်ဟီလီနှင့် ပူးပေါင်းဆောင်ရွက်မှုများကို မြန်မာအစိုးရ ရုပ်သိမ်း

မြန်မာနိုင်ငံသို့ လာရောက်ခွင့်နှင့် ပူးပေါင်း ဆောင်ရွက်မှုအားလုံးကို ရုပ်သိမ်းလိုက်သည်ဟု မြန်မာအစိုးရက ၎င်းထံ အသိပေးခဲ့ကြောင်း ကုလသမဂ္ဂ အထူးသံတမန် မစ္စယန်ဟီလီက ပြောကြားသည်။

“မြန်မာအစိုးရရဲ့ ဆုံးဖြတ်ချက်ကြောင့် ကျွန်မပဟေဠိဖြစ်မိသလို စိတ်လည်းပျက်မိပါတယ်” ဟု ကုလသမဂ္ဂ၏ ယနေ့ ထုတ်ပြန်ချက်ထဲတွင် မစ္စယန်ဟီလီက ပြောကြားထားသည်။

ရခိုင်ပြည်နယ်အပါအဝင် မြန်မာနိုင်ငံတစ်ဝှမ်းတွင် ဖြစ်ပေါ်နေသည့် လူ့အခွင့်အရေးအခြေအနေများအား အကဲဖြတ်ရန်အတွက် လာမည့်ဇန်နဝါရီလတွင် မြန်မာနိုင်ငံသို့ မစ္စယန်ဟီလီ လာရောက်ရမည်ဖြစ်သည်။

“မြန်မာနိုင်ငံ၏ လူ့အခွင့်အရေး အခြေအနေဆိုင်ရာ အထူးအစီရင်ခံစာ ရေးသားသူဖြစ်တဲ့ ကျွန်မရဲ့ တာဝန်အား ရည်ညွှန်းပြီးတော့ ကုလသမဂ္ဂနဲ့ ဆက်လက်ပူးပေါင်း လုပ်ဆောင်မယ်ဆိုပြီး မြန်မာအမြဲတမ်း ကိုယ်စားလှယ်ရုံးက လူ့အခွင့်အရေးကောင်စီကို ပြီးခဲ့တဲ့ နှစ်ပတ်ကပဲ အသိပေးခဲ့ပါတယ်” ဟု မစ္စယန်ဟီလီက ပြောကြားသည်။

“အခုတော့ ပြီးခဲ့တဲ့ ဇူလိုင်လက ကျွန်မရဲ့ မြန်မာနိုင်ငံ ခရီးစဉ်အပြီး ပြောကြားခဲ့တာတွေအပေါ် အခြေခံပြီးတော့ ကျွန်မနဲ့ ပူးပေါင်းလုပ်ဆောင်မှု ဆက်မလုပ်တော့ဘူးဆိုတဲ့အကြောင်း ကျွန်မကို ပြောပါတယ်” ဟု ၎င်းကပြောသည်။

ပြီးခဲ့သည့် ဇူလိုင်လခရီးစဉ်အပြီး ထုတ်ပြန်ခဲ့သည့် မစ္စယန်ဟီလီ၏ ကြေညာချက်မှာ ဘက်လိုက်နေပြီး မျှတမှုမရှိဟု မြန်မာအစိုးရက ပြောကြားကြောင်း ကုလသမဂ္ဂ၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

အထူးအစီရင်ခံစာရေးသားသူ၏ တာဝန်အရ မြန်မာနိုင်ငံသို့ တစ်နှစ်လျှင် နှစ်ကြိမ်လာရောက်ရန် လိုအပ်ပြီး လူ့အခွင့်အရေးကောင်စီနှင့် ကုလသမဂ္ဂ အထွေထွေညီလာခံတို့သို့ အစီရင်ခံတင်ပြရမည်ဖြစ်သည်။ ၂၀၁၄ ခုနှစ်၊ ဇွန်လတွင် တာဝန်စတင်ရယူပြီးနောက် မြန်မာနိုင်ငံသို့ ခြောက်ကြိမ် လာရောက်ပြီး ဖြစ်သည်။

မြန်မာအစိုးရအနေဖြင့် ယခုဆုံးဖြတ်ချက်ကို ပြန်လည်စဉ်းစားမည်ဟု ရိုးရိုးသားသားမျှော်လင့်သည်ဟုလည်း ၎င်းကပြောကြားသည်။

“ကျွန်မနဲ့ ပူးပေါင်းဆောင်ရွက်မှာမဟုတ်ဘူးဆိုတဲ့ ကြေညာချက်က ရခိုင်ပြည်နယ်နဲ့ နိုင်ငံရဲ့အခြားနေရာတွေမှာ ဆိုးဆိုးရွားရွားဖြစ်ရပ်တစ်ခုခု ဖြစ်ပေါ်နေလို့ ဖြစ်ရမယ်လို့ပဲ ရှုမြင်ရမှာဖြစ်ပါတယ်” ဟု ၎င်းကပြောကြားသည်။

၎င်း၏ ပြီးခဲ့သည့် ခရီးစဉ်များအတွင်း အစိုးရက အပြုသဘောဆောင် တုန့်ပြန်ခဲ့သော်လည်း လုံခြုံရေးအကြောင်းပြချက်ဖြင့် တိုင်းပြည်၏ အချို့သော်နေရာများသို့ သွားရောက်မှုကိုမူ တားမြစ်ခဲ့သည်။

လက်ရှိအစိုးရလက်ထက်တွင် ယခင်စစ်အစိုးရလက်ထက်က ကျင့်သုံးခဲ့သည့် နည်းလမ်းများအတိုင်း ဆက်လက် ကျင့်သုံးနေသည်ကို စိတ်မကောင်းစွာဖြင့် မြင်တွေ့ခဲ့ရသည်ဟု ပြီးခဲ့သည့် ခရီးစဉ်အပြီး ဇူလိုင် ၂၁ ရက်နေ့က ရန်ကုန်မြို့တွင် ပြုလုပ်သည့် သတင်းစာရှင်းလင်းပွဲတွင် မစ္စယန်ဟီလီက ပြောကြားသည်။

“ယခုခရီးစဉ်ဟာ အစိုးရသစ် လက်ထက်မှာ တတိယအကြိမ် ဖြစ်ပါတယ်။ ယခင်အစိုးရက အသုံးပြုခဲ့တဲ့ နည်းဗျူဟာတွေကို အသုံးပြုနေဆဲပဲဆိုတာ တွေ့မြင်ရတဲ့အတွက် စိတ်ပျက်မိကြောင်း ကျွန်မ ပြောရမှာဘဲ ဖြစ်ပါတယ်” ဟု ၎င်းပြောကြားခဲ့သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar