ဘိုးဘိုးကြီး စောင့်ရှောက်တော်မူပါ

စီးပွားရေးလုပ်ငန်းများနှင့် ခရီးလမ်းပန်းသွားလာရာတွင် နတ်ဒေဝါများ၏ ကာကွယ်စောင့်ရှောက်မှုရစေရန် ယာဉ်မောင်းများသည် ရန်ကုန်မြို့စွန်ရှိ နာမည်ကျော်နတ်နန်းသို့ သွားရောက်ကြလေ့ရှိသည်။

စာသား – ဆုမြတ်မွန်။ ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ရန်ကုန်မြောက်ပိုင်းမြို့စွန်၌် ပင်စည်ကိုရွှေချထားသော ညောင်ပင်ရိပ်အောက်ရှိ နာမည်ကျော် နတ်နန်းကို ဦးတင်ရန်နှင့် ကာကွယ်စောင့်ရှောက်မှုခံယူရန် မော်တော်ယာဉ်ကြီးငယ်အသွယ်သွယ်ဖြင့် လာရောက်ဆုတောင်းကြသော ယာဉ်မောင်းများကြောင့် နတ်နန်းမှာ နေ့ညမပြတ် စည်ကားနေသည်။

မင်္ဂလာဒုံမြို့နယ်ရှိ “Golden Banyan Tree” ခေါ် ရွှေညောင်ပင် ဘိုးဘိုးကြီးနတ်နန်းတွင် ဘိုးဘိုးကြီး၊ သို့မဟုတ် အဘိုး “Great Grandfather” ၏ ထူးခြားသောနတ်ရုပ်ကို ထားရှိသည်။ ဘိုးဘိုးကြီးသည် မြန်မာနိုင်ငံသို့ ဗုဒ္ဓဘာသာမရောက်မီကတည်းက ရှိခဲ့သောကိုးကွယ်မှုမှ သာမန်နတ်တစ်ပါးဖြစ်သည်။

ရွှေညောင်ပင်ဘိုးဘိုးကြီးကို ပသခြင်းအားဖြင့် စီးပွားရေးလာဘ်လာဘပြည့်ဝပြီး ခရီးလမ်း ဘေးအန္တရာယ်လည်း ကင်းသည်ဟုယုံကြည်ကြ၍ နတ်နန်းသို့ ဆုံးစမရှိ ရောက်လာကြသောယာဉ်တန်းထဲတွင် ကုန်တင်ကားများနှင့် အငှားယာဉ်များပါဝင်သည့်နည်းတူ ကိုယ်ပိုင်ကားများလည်း ပါဝင်သည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

ယာဉ်မောင်းတို့က အုန်းသီးတစ်လုံး၊ ငှက်ပျောသုံးဖီး၊ သပြေပန်း၊ ဖရောင်းတိုင်၊ အမွှေးတိုင်နှင့် ပန်းမန်တို့ဖြင့် ပွဲပေးလေ့ရှိသည်။ ထို့နောက် နတ်ထိန်းတစ်ယောက်က ကားကိုနတ်ရေစင်ပက်ဖျန်းကာ နားလည်ရခက်သော ဆုတောင်းများကို တက်သုတ်ရိုက် ရွတ်ဆိုပေးသည်။

မော်တော်ကားပိုင်ရှင်က ကားကိုရှေ့တိုးနောက်ငင် သုံးကြိမ် နတ်နန်းကို ဦးတိုက်မောင်းပြီးနောက် ပြုဖွယ်ကိစ္စအဝဝ ပြီးဆုံးလေတော့သည်။ ထို့နောက်မှ ကံကောင်းစေရန် ပိတ်ဖြူပိတ်နီ၊ ပန်းစည်းနှင့် သပြေခက်တို့ကို ကားရှေ့သံပန်းတွင် ချည်နှောင်ပေးလိုက်သည်။

ကန်တော့ပွဲတစ်ပွဲကို ကျပ် ၈,၀၀၀ ခန့်ပေးရလေ့ရှိသည်။ နတ်ထိန်းက ကျပ် ၄,၅၀၀ ယူပြီး ဘိုးဘိုးကြီးနှင့် အခြားနတ်ရုပ်များရှိသော နတ်နန်းတွင်ထားသည်။ ကျန်ငွေကို လှူဒါန်းမှုအစုစုအတွက် သုံးသည်။

အများအသိအမှတ်ပြုနတ်မှာ ၃၇ ပါးရှိသကဲ့သို့ အခြားနတ်ငယ်များလည်းရှိပြီး နတ်တစ်ပါးချင်းတွင် ထူးခြားသော အစွမ်းအစများရှိသည်ဟု ယုံကြည်ထားကြရာ ရွှေညောင်ပင်ဘိုးဘိုးကြီးက မော်တော်ယာဉ်များနှင့်သက်ဆိုင်သည်။ အခြားနတ်များတွင် စီးပွားရေးလုပ်ငန်းကောင်းရန် ကိုးကွယ်သော ဘိုးဘိုးအောင်၊ လူမှုကိစ္စအောင်မြင်ရေးအတွက် ကိုးကွယ်သော ဘိုးမင်းခေါင်တို့ပါဝင်သည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

သြဂုတ်လနှောင်းပိုင်း တစ်ရက် နံနက်ပိုင်းတွင် ရွှေညောင်ပင်ဘိုးဘိုးကြီးအား လာရောက်ပသသူများအနက် ရန်ကုန်မြို့ထဲပိုင်းမှ ကုန်တင်ကားဖြင့်ရောက်လာသူ အသက် ၄၅ နှစ်အရွယ် ဦးမျိုးအေးလည်းပါဝင်သည်။ ဟိန္ဒူဘာသာဝင်တစ်ဦးဖြစ်သော်လည်း ဦးမျိုးအေးသည် ဗုဒ္ဓဘာသာ ဘုရားကျောင်းကန်နှင့် နတ်နန်းများသ့ို သွားလေ့ရှိသည်။

“ကျွန်တော်ဒီကိုလာတာက ဘိုးဘိုးကြီးက ကျွန်တော့်ကိုကူညီတယ်၊ အမြဲတမ်းကောင်းကောင်း ဂရုစိုက်ပေးတယ်လို့ ယုံကြည်လို့ပါ” ဟု ဦးမျိုးအေးက Frontier ကိုပြောသည်။

နတ်နန်းသို့နှစ်စဉ်လာရောက်ပြီး သူပသခဲ့သည်မှာ ကုန်တင်ကားကို လွန်ခဲ့သောကိုးနှစ်က သူဝယ်ပြီး စက္ကူဟောင်းများကို တကျော့ပြန်သုံးသည့် ရွှေပြည်သာမြို့နယ်မှစက်ရုံသို့ ပြန်လည်ရောင်းချသော လုပ်ငန်းကို လုပ်ကိုင်ကတည်းကဖြစ်သည်။

“မော်တော်ယာဉ်လိုင်စင် သက်တမ်းတိုးပြီးတာနဲ့  စီးပွားရေးလုပ်ငန်းကောင်းဖို့နဲ့ ဘေးကင်းရန်ကင်း မော်တော်ကားမောင်းနိုင်ဖို့အတွက် ကျွန်တော်ဒီကိုလာပြီး ပွဲပေးတယ်၊ ဆုတောင်းတယ်” ဟု အခက်အခဲ မရှိအောင် ဘိုးဘိုးကြီးက ကူညီသည်ဟု သံသယကင်းစွာ ယုံကြည်သူဦးမျိုးအေးကပြောသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

“အခက်အခဲကြုံတိုင်း ကျွန်တော်လုပ်ရမယ့်အလုပ်က ဘိုးဘိုးကြီးကို ‘တ’ လိုက်ရုံပဲ။ အခက်အခဲတွေ ပြေလည်သွားလိမ့်မယ်” ဟု သူကပြောသည်။

“ရွှေညောင်ပင်ဘိုးဘိုးကြီးက တန်ခိုးကြီးတော့ တော်တော်ကိုနာမည်ကြီးတယ်။ ဘယ်လောက် တန်ခိုးကြီးတယ်ဆိုတာကို သူ ပြလေ့ရှိတယ်”

ဘိုးဘိုးကြီးသည် နတ် ၃၇ မင်းတွင် မပါဝင်သော်လည်း သူတို့ထက်မြင့်သော ကောင်းကင်ဘုံတွင်ရှိကြောင်း နတ်နန်းထိန်း ဦးမြအေးကပြောသည်။

ထေရဝါဒ ဗုဒ္ဓဘာသာဝင်တို့ စောင့်ထိန်းသည့် ရှစ်ပါးသီလကို ဆောက်တည်သော အသက် ၇၄ နှစ်အရွယ်ရှိ ဦးမြအေးသည် နတ်နန်းထိန်းသိမ်းသည့်အလုပ်ကို သူ၏မွေးစားမိခင်ထံမှ အမွေဆက်ခံခဲ့သည်။ အသက် ၄၇ နှစ်အရွယ် သူ့သားအကြီး ကိုဇာနည်နှင့်အတူ သူက နတ်နန်းမှာနေ၊ နတ်နန်းမှာစားသည်။ ဦးမြအေးး၏ မိသားစုသည် နတ်နန်းမှရငွေကို အမှီပြုပြီး အနီးအနားမှာပင်နေထိုင်သည်။

ဘိုးဘိုးကြီးကို ယုံကြည်ပါက ကောင်းမွန်သောဘဝတစ်ခုကို ရရှိနိုင်ကြောင်း ဦးမြအေးကပြောသည်။

“နတ်တွေကို ဂါရဝထားရင် သူတို့ကလည်း ပြန် ‘မ’ ပါတယ်” ဟု သူကပြောသည်။

အစိုးရက အခွန်ကို တစ်နှစ်နှစ်ကြိမ်သာကောက်ပြီး နတ်နန်းကတော့ မေမှ အောက်တိုဘာအထိ မိုးရာသီကာလ၌ လူအလာနည်းကြောင်း ကိုဇာနည်ကပြောသည်။

“ကျွန်တော်တို့မှာ ဒီနတ်ကွန်းကို စောင့်ရှောက်တဲ့အလုပ်သာရှိပြီး ဒီကနေ စားစရာကိုရတာဆိုတော့ ကျွန်တော်တို့က ဘိုးဘိုးကြီးကို တခြားနတ်တွေထက်ပိုပြီး ယုံကြည်ကိုးကွယ်ပါတယ်” ဟု သူကပြောသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

၁၉၉၅ ခုနှစ်တွင် ယာဉ်မောင်းလိုင်စင်ရပြီးနောက် နတ်နန်းအကြောင်း သူကြားဖူးချိန်မှစ၍ ရွှေညောင်ပင်ဘိုးဘိုးကြီးကို သူပသခဲ့ကြောင်း ရန်ကုန်မြို့နေ အသက် ၅၄ နှစ်အရွယ်ရှိ ဦးသက်နိုင်က ပြောသည်။

ဒက်ရှ်ဘုတ်ပေါ်တွင် ဗုဒ္ဓဆင်းတုတော်နှင့် ရေတိုင်ကီတွင် မင်္ဂလာပိတ်ဖြူ၊ ပိတ်နီစတို့ ချည်ထားသော သူ့တက္ကစီကားကို လိုင်စင်အသစ်လဲပြီးတိုင်း နှစ်စဉ်သူလာပြလေ့ရှိသည်။

နတ်နန်းကို သူလာကန်တော့သည်မှာ ရိုးရာအရသာမက ဘိုးဘိုးကြီးက သူ့ကို ကာကွယ်စောင့်ရှောက်မှု ပေးသည်ဟု နှစ်နှစ်ကာကာ ယုံကြည်သောကြောင့်ဖြစ်ကြောင်း ဦးသက်နိုင်ကပြောသည်။

အယူသီးအစွဲအလမ်းများကို မယုံကြည်ကြတော့သဖြင့် လူငယ်လူရွယ်အများအပြားက နတ်ကိုးကွယ်မှုကို ရှောင်ဖယ်လာကြကြောင်း သူကဆိုသည်။

နတ်နန်းမှဈေးသည်များထဲတွင် အနီးအနားရှိ ထောက်ကြံ့မှ အသက် ၄၄ နှစ်အရွယ် ဒေါ်သန္တာထွန်းလည်း ပါဝင်ပြီး လာရောက်ပသသူများအား ပန်းရောင်းချခြင်းဖြင့် ဝင်ငွေဖြောင့်နေခဲ့သည်မှာ ၂၅ နှစ်ခန့်ရှိပြီဖြစ်သည်။

သူ့နေ့စဉ်အလုပ်ချိန်မှာ နံနက် ၄ နာရီမှစတင်ပြီး သပြေ၊ စံပယ်၊ နှင်းဆီနှင့် အခြားပန်းများ ရောင်းကုန်သွားသည့် နေ့လယ် ၁ နာရီခန့်တွင် အိမ်ပြန်လေ့ရှိသည်။

ဓာတ်ပုံ - စတိဗ် တစ်ခ်နာ

ဓာတ်ပုံ – စတိဗ် တစ်ခ်နာ

လုပ်ငန်းမှဝင်ငွေမှာ သူတို့အိမ်ထောင်စုနေထိုင်စရိတ်ကို ကောင်းကောင်းထိန်းထားနိုင်ပြီး သူ့ကလေးများ၏ ပညာရေးအတွက် ကောင်းကောင်းထောက်ပံ့နိုင်ကြောင်း ဒေါ်သန္တာထွန်းကပြောသည်။

“ကျွန်မသမီးအငယ်မတောင် ဘွဲ့နှစ်ခုနဲ့ ကျောင်းပြီးသွားပြီ” ဟု သူကဂုဏ်ယူပြောကြားသည်။

မိုးလများ၌ အလုပ်ပါးသော်လည်း နတ်နန်းတွင် တနင်္ဂနွေနေ့များ၌ အမြဲလူစည်နေကြောင်း ဒေါ်သန္တာထွန်းက ပြောသည်။

“အသက်မွေးမှုအတွက် ကျွန်မတို့ အလုပ်လုပ်နေတဲ့နတ်နန်းက ကျွန်မတို့ရဲ့ကျေးဇူးရှင်ပါပဲ။ ကျွန်မတို့ ဒီမှာပဲ ပူဇော်ကန်တော့ပါတယ်” ဟု သူကပြောသည်။

ဇမ္ဗူစိုး ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar