ဘာတွေဖြစ်လာမည်ကို ပြောရန်စောလွန်းသေး

ကချင်လူမျိုး တက်ကြွလှုပ်ရှားသူတစ်ဦးဖြစ်သည့် ဒေါ်မေစပယ်ဖြူသည် တိုင်းရင်းသားမျိုးနွယ်စုများ တန်းတူညီမျှမှု ရရှိရေး၊ လိင် တန်းတူညီမျှမှု ရရှိရေးတို့အပြင် မသန်စွမ်းသူများ၏ အခွင့်အရေးစသည်တို့ကို တက်ကြွလှုပ်ရှားနေသူ ဖြစ်သည်။ သို့သော် သူ၏ နောက်ဆုံး ကြိုးစားရုန်းကန်မှုမှာ ပုဂ္ဂိုလ်ရေးကိစ္စရပ် တစ်ခုသာ ဖြစ်သည်။

အိုလီဗာ ဆလိုး ရေးသားသည်။

ကချင်လူမျိုး တက်ကြွလှုပ်ရှားသူ ဒေါ်မေစပယ်ဖြူအတွက် ပြီးခဲ့သောသီတင်းပတ်များသည် ခက်ခဲသော နေ့ရက်များ ဖြစ်ခဲ့သည်။ သို့သော် ရွေးကောက်ပွဲအပြီး သုံးလေးရက်အကြာ သူ၏ ရုံးခန်းသို့ ကျွန်ုပ် သွားတွေ့သောအခါ သူ၏ မျက်နှာပေါ်တွင် အပြုံးတစ်ခုကို တွေ့ရှိခဲ့ရသည်။

ဒေါ်မေစပယ်ဖြူသည် မြန်မာနိုင်ငံတွင် ပြုပြင်ပြောင်းလဲမှုများ စတင်မလုပ်ဆောင်ခင်ကပင် လူ့အခွင့်အရေး တက်ကြွလှုပ်ရှားသူတစ်ယောက်အဖြစ် လုပ်ဆောင်နေခဲ့ခြင်း ဖြစ်သည်။ သူသည် လွတ်လပ်စွာ ထုတ်ဖော် ပြောဆိုခွင့်၊ ငြိမ်းချမ်းရေး၊ ကချင်လူမျိုးများ၏ အခွင့်အရေးနှင့် လိင် တန်းတူညီမျှမှု ရရှိရေး တက်ကြွလှုပ်ရှားမှု များတွင် ပါဝင်ခဲ့သည်။ သူ၏ နောက်ဆုံးသော လှုပ်ရှားမှုမှာမူ ပုဂ္ဂိုလ်ရေးကိစ္စရပ်တစ်ခု ဖြစ်ခဲ့သည်။

ပြီးခဲ့သောလတွင် သူ၏ ခင်ပွန်းဖြစ်သူ၊ ကချင် လူသားချင်းစာနာမှုများ လုပ်ဆောင်သူ ဦးပက်ထရစ် ခွန်ဂျာလီသည် အသရေဖျက်မှုနှင့် အဖမ်းခံခဲ့ရသည်။ ၎င်းသည် ဖေ့စ်ဘွတ်ပေါ်တွင် ကချင်လုံချည် ဝတ်ထားသော အမျိုးသားတစ်ဦးက တပ်မတော် ကာကွယ်ရေးဦးစီးချုပ် ဗိုလ်ချုပ်မှူးကြီးမင်းအောင်လှိုင်၏ ဓာတ်ပုံပေါ်ကို ခြေထောက်ဖြင့် နင်းထားသည့်ပုံကို ဖေ့စ်ဘွတ်ပေါ်တွင် မျှဝေသည်ဟု စွပ်စွဲခံရခြင်း ဖြစ်သည်။

ဒေါ်မေစပယ်ဖြူက “ကျွန်မခင်ပွန်းက ဒါကို မျှဝေခဲ့တာ မဟုတ်ပါဘူး။ သူငယ်ချင်းဖြစ်သူတစ်ယောက်က မျှဝေတာကို သူက သတိပေးတဲ့အနေနဲ့ မှတ်ချက် ဝင်ရေးခဲ့တာပါပဲ။ နောက် တစ်ရက်နှစ်ရက် အကြာမှာ သူ့ ဖေ့စ်ဘွတ် အကောင့်ဟာ တိုက်ခိုက်ခံရ hack ခံရပြီး အဲဒီဓာတ်ပုံရော သူရဲ့မှတ်ချက်ရော hack ခံခဲ့ရပါတယ်” ဟု ပြောပြသည်။

ဦးပက်ထရစ်ခွန်ဂျာလီသည် ၂၀၁၃ ခုနှစ်တွင် ပြဋ္ဌာန်းခဲ့သော ဆက်သွယ်ရေးဥပဒေပုဒ်မ ၆၆(ဃ) ဖြင့် တရားစွဲဆိုခြင်း ခံခဲ့ရသည်။ ယင်းပုဒ်မသည် အမြင့်ဆုံးထောင်ဒဏ် ၃ နှစ်အထိ ကျခံနိုင်ရဖွယ်ရှိသည်။ နိုဝင်ဘာလ ၁၃ ရက် သူ၏ နောက်ဆုံး ကြားနာမှုတစ်ခုတွင် ဦးပက်ထရစ်ခွန်ဂျာလီသည် အာမခံငြင်းပယ် ခံခဲ့ရသည်။ ဒေါ်မေစပယ်ဖြူက သူသည် ခင်ပွန်းသည်၏ ကျန်းမာရေးအတွက် စိုးရိမ်ပူပန်နေကြောင်း ပြောသည်။

“သူက အခုသွေးတိုးနေလို့ ထောင်ဆေးရုံထဲမှာပဲ နေနေရတယ်။ သူရဲ့ ခြေထောက်ကလည်း ရောင်နေတယ်။ သူက အခုစိတ်ကျရောဂါလည်း ရနေတယ်။ သူရဲ့ကျန်းမာရေးအတွက် ဆုတောင်းနေရတယ်” ဟု ဒေါ်မေစပယ်ဖြူက ပြောပြသည်။

နိုင်ငံတကာလွတ်ငြိမ်းချမ်းသာခွင့်အဖွဲ့ Amnesty International စသော စောင့်ကြည့်လေ့လာရေး အဖွဲ့အစည်းများက ဦးပက်ထရစ်ခွန်ဂျာလီကို နိုင်ငံရေးအကျဉ်းသားအဖြစ် မှတ်ယူထားသည်။ ၎င်းကို အမြန်ဆုံးလွှတ်ပေးရန်လည်း တောင်းဆိုထားသည်။

ရွေးကောက်ပွဲရလဒ်များအရ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်သည် အပြတ်အသတ် အနိုင်ရနိုင်ကြောင်း သိရှိလာရသောအခါ အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်ပါတီသည် နိုင်ငံရေးအကျဉ်းသားများ လွတ်မြောက်ရေးကို ဦးစားပေးအဖြစ် လုပ်ဆောင်သွားမည်ဟု ပြောကြားခဲ့သည်။

“လူတွေ အတော်များများက နိုင်ငံရေးအကျဉ်းသားများလွတ်မြောက်ရေးအကြောင်း ပြောနေကြတယ်။ ဒါပေမဲ့ ကျွန်မအမြင်တော့ ဒါက တစ်လအတွင်း ဖြစ်လာနိုင်စရာ မရှိပါဘူး။ ကျွန်မက အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသားတွေအတွက်လည်း စိုးရိမ်ပါတယ်” ဟု ဒေါ်မေစပယ်ဖြူက ပြောပြသည်။ သူသည် မတ်လအတွင်းက လက်ပံတန်းတွင် အစိုးရ၏ ချေမှုန်းနှိမ်နင်းမှုကိုခံရပြီး ဖမ်းဆီးခံခဲ့ရသော ကျောင်းသားများကို ရည်ညွှန်းပြောဆိုခြင်း ဖြစ်သည်။ ထိုကျောင်းသားများသည် သာယာဝတီထောင်တွင် အစာငတ်ခံ ဆန္ဒပြလျက်ရှိကြသည်။ သူက ထိုကျောင်းသားများကို ခြွင်းချက်မရှိ ချက်ချင်းပြန်လွှတ်ပေးရန် တောင်းဆိုမှုများကို ထောက်ခံသောအားဖြင့် ပြောကြားခဲ့ခြင်း ဖြစ်သည်။

“ကျွန်မတို့အားလုံးက ရွေးကောက်ပွဲရလဒ်အတွက် ပျော်ရွှင်ပြီးစိတ်လှုပ်ရှားနေချိန်မှာ အစာငတ်ခံ ဆန္ဒပြနေတဲ့ ကျောင်းသားများ တစ်ခုခုဖြစ်သွားခဲ့ရင် ဒါက နိုင်ငံအတွက် အရှက်ရဖွယ်ရာ ကိစ္စရပ်တစ်ခု ဖြစ်ပါတယ်” ဟု ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

သူသည် အင်န်အယ်လ်ဒီ၏ ရွေးကောက်ပွဲအနိုင်ရခြင်းက မြန်မာနိုင်ငံ၏ အနာဂတ်အပေါ် အကျိုးသက်ရောက်မှုများနှင့် ပတ်သက်ပြီး အကောင်းမြင်ကြောင်း၊ သိုရာတွင် အာဏာလွှဲပေးရေးနှင့် ပတ်သက်ပြီး မည်သို့ဖြစ်လာနိုင်မည်ကို မသိနိုင်သေးကြောင်း ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

“ကျွန်မတို့ အတိတ်က အတွေ့အကြုံတွေကို ကြည့်ခြင်းအားဖြင့် ဘာဖြစ်လာနိုင်မယ်ဆိုတာ ပြောရန် စောသေးပါတယ်” ဟု သူက ၁၉၉၀ ရွေးကောက်ပွဲတွင် စစ်အစိုးရက အင်န်အယ်လ်ဒီ၏ တောင်ပြိုကမ်းပြို အနိုင်ရမှုကို အသိအမှတ် မပြုခဲ့ခြင်းကို ရည်ညွှန်းပြီး ပြောသည်။

“နောက်လာမယ့် နှစ်လသုံးလအတွင်းမှာ ဘာတွေ ဖြစ်မယ်ဆိုတာ စောင့်ကြည့်ရမှာပဲ။ အကောင်းဆုံး ဖြစ်နိုင်ခြေကတော့ အင်န်အယ်လ်ဒီက စစ်တပ်နဲ့ အပြုသဘောဆောင်တဲ့ စေ့စပ်ဆွေးနွေးမှုတစ်ခုကို လုပ်ဆောင်နိုင်ပြီး အာဏာကို ညီမျှအောင် လုပ်ဆောင်ဖို့ပါပဲ” ဟု ဒေါ်မေစပယ်ဖြူက ပြောသည်။

သူက “အစိုးရသစ်အတွက် ဖြစ်လာနိုင်မယ့် အကြီးမားဆုံး စိန်ခေါ်မှုတွေကတော့ ၂၀၀၈ ဖွဲ့စည်းပုံကို ပြင်ဆင်ရေး၊ အစွန်းရောက် အမျိုးသားရေးဝါဒကို ဖြေရှင်းရေးနဲ့ အမျိုးသားရင်ကြားစေ့ရေးတို့ပဲ ဖြစ်ပါတယ်” ဟု ဆိုသည်။

အင်န်အယ်လ်ဒီသည် တိုင်းရင်းသားပါတီများနှင့် တိုင်းရင်းသားလက်နက်ကိုင် အဖွဲ့အစည်းများနှင့် အပြုသဘောဆောင်သော စေ့စပ်ဆွေးနွေးမှုများ မလုပ်ဆောင်နိုင်ပါက အမျိုးသား ပြန်လည်ရင်ကြားစေ့ရေးမှာ ခက်ခဲနိုင်မည်ဟု ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

ရွေးကောက်ပွဲမှာ အံ့အားသင့်စရာအချက်တစ်ခုက အင်န်အယ်လ်ဒီ သည် တိုင်းရင်းသားလူနည်းစုများ နေထိုင်ရာဒေသများတွင် အများအပြားအနိုင်ရခဲ့ခြင်းပင် ဖြစ်သည်။ ဒေါ်မေစပယ်ဖြူက အင်န်အယ်လ်ဒီသည် တိုင်းရင်းသားအုပ်စုများနှင့် ခိုင်မာသော ဆက်ဆံရေးရှိအောင် လုပ်ဆောင်ရမည်ဟု ဆိုသည်။

“အခုလက်ရှိအချိန်မှာတော့ ကျွန်မတို့မှာ ရွေးချယ်စရာ သိပ်မရှိဘူး။ ကျွန်မတို့မှာ ရွေးစရာ (က) နဲ့ (ခ) ပဲ ရှိတယ်။ ကျွန်မတို့အများစုက (က) ကို မကြိုက်ကြဘူး။ (က) က စစ်အစိုးရပါ။ ဒီတော့ ကျွန်မတို့က (ခ) ကို ရွေးရတာပေါ့။ (ဂ) မှ မရှိတာ။ ဒီတော့ ကျွန်မတို့က အင်န်အယ်လ်ဒီကို ကြိုက်ကြိုက်၊ မကြိုက်ကြိုက် အင်န်အယ်လ်ဒီကိုပဲ မဲပေးရပါတယ်။ ဘာလို့လဲဆိုတော့ ကျွန်မတို့က အပြောင်းအလဲတစ်ခုကို လိုချင်နေလို့ပါ။ အင်န်အယ်လ်ဒီ က ဘယ်လိုအပြောင်းအလဲတွေကို လုပ်ဆောင်ပေးနိုင်မလဲဆိုတာ စောင့်ကြည့်ရပါမယ်။ အင်န်အယ်လ်ဒီက တိုင်းရင်းသားပါတီတွေနဲ့ ဘယ်လိုမဟာမိတ်ဖွဲ့နိုင်မလဲဆိုတာကို တွေးသင့်ပါတယ်။ ဒီလိုမဟုတ်ရင် ဒီအောင်မြင်မှုက တာရှည်ခံမှာ မဟုတ်ဘူး” ဟု ဒေါ်မေစပယ်ဖြူက ပြောကြားသည်။

ဒေါ်မေစပယ်ဖြူသည် တက်ကြွလှုပ်ရှားမှုများကို လုပ်ဆောင်ရုံသာမက သူသည် အမျိုးသမီးအခွင့်အရေး ကိုလည်း ဦးဆောင်လှုပ်ရှားသူ ဖြစ်သည်။ သူသည် Gender Equality Network အဖွဲ့အစည်း၏ ဒါရိုက်တာလည်း ဖြစ်သည်။ တိုးတက်မှုအချို့ ရှိခဲ့သော်လည်း လိင်ညီမျှရေး အရေးကိစ္စများသည် မြန်မာ နိုင်ငံတွင် အဓိကပြသနာတစ်ခု ဖြစ်နေဆဲဖြစ်သည်ဟု သူက ဆိုသည်။

“လူတွေက မြန်မာနိုင်ငံမှာ လိင်ညီမျှမှု ရှိတယ်လို့ ဆိုကြတယ်။ ဒါပေမဲ့ သူတို့က မြန်မာနိုင်ငံကို တခြားနိုင်ငံတချို့နဲ့ နှိုင်းယှဉ်ပြောနေတာ ဖြစ်တယ်။ ဒါက တခြားနိုင်ငံတွေနဲ့ နှိုင်းယှဉ်ရမယ့် ကိစ္စမဟုတ်ဘူး။ ကျွန်မတို့က ကျွန်မတို့ရဲ့ အခြေအနေတွေ၊ ဘေးပတ်ဝန်းကျင်တွေကို ကြည့်ရမယ်။ မြန်မာနိုင်ငံမှာ အမျိုးသမီးအရေအတွက်က ၅၀ ရာခိုင်နှုန်း ကျော်ပါတယ်။ ဒါပေမဲ့ လွှတ်တော်တွေ၊ အုပ်ချုပ်ရေးဌာနတွေကို ကြည့်ပါ။ အမျိုးသမီးအနည်းငယ်ခန့်ကသာ ရာထူးတွေကို ရရှိနေပါတယ်” ဟု ဒေါ်မေစပယ်ဖြူက ပြောပြသည်။

ရွေးကောက်ပွဲရလဒ်က အစောပိုင်း အချက်ပြပြောဆိုများတွင် အမျိုးသမီးများသည် နောက်လာမည့် လွှတ်တော်တွင် ပိုမိုကြီးမားသော အခန်းကဏ္ဍမှ ပါဝင်လာနိုင်မည်ဟု ဆိုသည်။ သို့သော် ဒေါ်မေစပယ်ဖြူက တိုးတက်အောင် လုပ်ဆောင်ရမည့်အရာများ အများအပြား ကျန်ရှိနေသေးကြောင်း ဆိုသည်။

“လွန်ခဲ့တဲ့ အနှစ် ၄၀ လောက်ကနဲ့ နှိုင်းယှဉ်ရင် ကျွန်မတို့ တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ ကျွန်မတို့ တိုးတက်လာတယ် ပြောတဲ့အခါ ဘယ်လောက်အထိ တိုးတက်ခဲ့သလဲဆိုတာ အရေးကြီးပါတယ်။ သုညကနေ တစ်အထိလား၊ သုညကနေ တစ်ဆယ်အထိလား၊ သုညကနေ ငါးဆယ်အထိလား ဒါကအရေးကြီးပါတယ်။ ကျွန်မတို့ တိုးတက်ခဲ့ပါတယ်။ ဒါပေမဲ့ နိုင်ငံထဲကအမျိုးသမီးဦးရေနဲ့ နှိုင်းယှဉ်ကြည့်ပါ။ အမျိုးသမီးတွေက နောက်မှာ ကျန်နေခဲ့ပါတယ်။ ဒါက ပြောင်းလဲရမယ့် အရာပါ။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar