ဘယ်မောင်းစနစ် ဆုံးရှုံးမှုကြီး

တစ်နှစ် ဒေါ်လာ တစ်ဘီလျံခွဲနီးပါး တန်ဖိုးပမာဏရှိတဲ့ ကားတင်သွင်းမှုဈေးကွက် ဘာအပြောင်းအလဲတွေ ဖြစ်လာနိုင်မလဲ

စည်သူအောင်မြင့် ရေးသားသည်။

အရင် စစ်အာဏာရှင်ခေတ်တုန်းကတော့ သာမန်ပြည်သူတွေကို ပြည်ပကနေ ကားတင်သွင်းခွင့် လုံးဝ ပိတ်ပင်ခဲ့ပါတယ်။ အဲဒီလို ကာလကြာရှည် ကားတင်သွင်းခွင့် ပိတ်ပင်ထားတဲ့အတွက် ပြည်တွင်းမှာ ကားအလွန်ရှားပါးပြီး အိုမင်း ဟောင်းနွမ်းနေတဲ့ ကားတွေပင်လျှင် ဒေါ်လာ ၅ သောင်းကနေ တစ်သိန်းအထိ ဈေးပေါက်ခဲ့ပြီး အမြင့်ကားလို့ခေါ်တဲ့ မစ်ဆူဘီရှီ ပါဂျဲရိုးလို၊ တိုယိုတာ ဆာ့ဖ် လို တစ်ပတ်ရစ်ကားမျိုးကတော့ ဒေါ်လာ သုံးသိန်းအထိ ဈေးပေါက်ခဲ့ဖူးပါတယ်။

ဒီအခြေအနေအောက်မှာ ပြည်ပကနေ ကားတင်သွင်းခွင့် ခွင့်ပြုပေးနိုင်တဲ့ ထိပ်တန်း စစ်ဗိုလ်ချုပ်ကြီးတွေနဲ့ သူ့အသိုင်းအဝိုင်းတွေကတော့ ပြည်တွင်း ကားဈေးနှုန်း အလွန်အမင်း ကြီးမြင့်မှုကနေ အကျိုးအမြတ် အများကြီးရအောင် ဖန်တီးနိုင်ခဲ့ပါတယ်။

၂၀၁၁ သမ္မတ ဦးသိန်းစိန် အစိုးရအဖွဲ့သစ် တက်လာတဲ့အခါ ကားတင်သွင်းခွင့် ပေါ်လစီ ပြောင်းလဲပစ်လိုက်ပါတယ်။ ၂၀၁၁ စက်တင်ဘာက စလို့ ယာဉ်အိုယာဉ်ဟောင်း ပိုင်ဆိုင်သူတွေကို သံရည်ကျိုစက်ရုံပို့ဖို့ အစိုးရဆီမှာ ကားလာအပ်ရင် ပြည်ပကနေ တစ်ပတ်ရစ်ကား တစ်စီး တင်သွင်းခွင့်ရမယ့် စလစ် တစ်စောင်စီ ထုတ်ပေးခဲ့ပါတယ်။ နောက်ပိုင်း တစ်ဦးချင်း ကားတင်သွင်းခွင့်တွေကို ခွင့်ပြုပေးခဲ့ပါတယ်။

အစိုးရရဲ့ နောက်ဆုံး ထုတ်ပြန်တဲ့ စာရင်းဇယားတွေအရ ကားတင်သွင်းခွင့် ပေါ်လစီ ပြောင်းတဲ့ ၂၀၁၁ စက်တင်ဘာ ကနေ အခု ၂၀၁၅ နိုဝင်ဘာအထိ ယာဉ်အိုယာဉ်ဟောင်း အပ်နှံရာကနေ တင်သွင်းခွင့်ပြုတဲ့ ကားအရေအတွက်ဟာ နှစ်သိန်း နီးပါးရှိခဲ့ပြီး သီးသန့်ခွင့်ပြုချက်နဲ့ တင်သွင်းတာက ကားအစီးရေ ၃ သိန်း ၃ သောင်းကျော် စုစုပေါင်း ပြည်ပကနေ ကား အစီးရေ ၅ သိန်း ၃ သောင်းလောက် တင်သွင်းခဲ့ပြီးပါပြီ။ ဒါဟာ တစ်နှစ် တစ်နှစ် ပြည်ပ ကနေ ကားအစီးရေ တစ်သိန်း လေးသောင်းကျော် တင်သွင်းခဲ့တဲ့ သဘောဖြစ်ပြီး ပျမ်းမျှ ကားတစ်စီး ဒေါ်လာ တစ်သောင်းကျော်နဲ့ တွက်ရင်တောင် တစ်နှစ် အမေရိကန်ဒေါ်လာ တစ်ဘီလျံခွဲဖိုးလောက် အရောင်းအဝယ် ပမာဏ ရှိတဲ့ ဈေးကွက်ကြီး ဖြစ်နေပါပြီ။ တင်သွင်းခဲ့တဲ့ ကားတွေကို ကြည့်ရင် အများအားဖြင့် ဂျပန်လေလံဈေးကွက်ကနေ တင်သွင်းတဲ့ တစ်ပတ်ရစ် ကားတွေပါ။

အခုဆို ဥပဒေပြု လွှတ်တော်ကနေ မော်တော်ယာဉ် ဥပဒေ ဆိုတာကို အတည်ပြုထားပြီးပါပြီ။ အဲဒီ ဥပဒေနဲ့အညီ မကြာခင် နည်းဥပဒေ ထုတ်ပြန်မှာဖြစ်ပြီး လာမယ့် ၂၀၁၆ ခုနှစ်ကစ ကားတင်သွင်းခွင့် ဆိုင်ရာ စည်းကမ်းချက်မှာ အပြောင်းအလဲတွေ လုပ်တော့မယ် ဆိုပြီးတော့လည်း ကြေညာထားပါတယ်။ လက်ရှိ ကားတွေကို ဘယ်နည်း ဘယ်ပုံ တင်သွင်းနေပါသလဲ၊ အစိုးရက ဘာကို အပြောင်းအလဲ လုပ်မှာပါလဲ။ အဲလို အပြောင်းအလဲလုပ်ရင် ကားဈေးကွက် ဘာတွေ ဆက်ဖြစ်လာနိုင်မလဲ ဆိုတာ ဆက်ပြီး ဆွေးနွေးကြည့်ရအောင်။

အားလုံးသိကြပြီးဖြစ်တဲ့အတိုင်း မြန်မာနိုင်ငံဟာ လက်ျာကပ်မောင်းစနစ် ကျင့်သုံးတဲ့ နိုင်ငံဖြစ်ပါတယ်။ အမေရိကန်၊ ကိုရီးယား၊ တရုတ်၊ ဥရောပ နိုင်ငံတချို့နဲ့ စနစ်ချင်း တူပါတယ်။ ဒါပေမယ့် ထူးဆန်းတာက မြန်မာနိုင်ငံမှာ လက်ျာကပ်မောင်းစနစ်နဲ့ ကိုက်ညီတဲ့ ဘယ်ဂိုင်းကားတွေကိုပဲ တင်သွင်း၊ ထုတ်လုပ်၊ အသုံးပြုရမယ် ဆိုတဲ့ မူဝါဒ ချမှတ်ထားခြင်း မရှိတာပါ။

တကယ်တော့ လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ကားမျိုး အသုံးပြုခွင့်ပေးတဲ့ နိုင်ငံရယ်လို့လည်း ကမ္ဘာမှာ များများစားစား ရှိမယ့်ပုံ မပေါ်ပါဘူး။ အိမ်နီးချင်း ကမ္ဘောဒီးယားနိုင်ငံဆိုရင် မြန်မာလို လက်ျာကပ်မောင်းစနစ် ကျင့်သုံးပြီး ဆင်းလည်း ဆင်းရဲပါတယ်။ ဒါပေမယ့် လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်းကားတွေကိုတော့ လုံးဝ သုံးခွင့်ပေးမထားပါဘူး။ မြန်မာနိုင်ငံမှာကတော့ အဲလို စည်းကမ်း ချမထားတဲ့အတွက် ဘယ်ဂိုင်းကားတွေရော၊ ညာဂိုင်းကားတွေရော တင်သွင်း အသုံးပြုနေကြတာပါ။

အထူးသဖြင့် မြန်မာနိုင်ငံက ကားတင်သွင်းတဲ့ ကုန်သည်တွေဟာ ဂျပန်ဈေးကွက်နဲ့ ရင်းနှီးကျွမ်းဝင်ကြသူတွေ ဖြစ်လေတော့ ဂျပန် တစ်ပတ်ရစ် လေလံက ကားတွေကိုပဲ အများဆုံး ဝယ်ယူတင်သွင်းကြတာ တွေ့ရပါတယ်။ လွန်ခဲ့တဲ့ လေးနှစ်အတွင်း ကားအစီးရေ ငါးသိန်းကျော် တင်သွင်းခဲ့ရာမှာ ၉၀ ရာခိုင်နှုန်းကျော်သော ကားတွေဟာ ဂျပန်လေလံဈေးကွက်က ဝယ်ယူတင်သွင်းတဲ့ တစ်ပတ်ရစ်ကားတွေ ဖြစ်ပြီး မြန်မာနိုင်ငံ လမ်းစနစ်နဲ့ မကိုက်ညီတဲ့ ညာဂိုင်းကားတွေ ဖြစ်နေတာကို အစိုးရစာရင်းဇယား ဖော်ပြချက်မှာ တွေ့ကြရပါတယ်။

အထက်က တင်ပြခဲ့သလိုပဲ မြန်မာနိုင်ငံတွင်း ကားတင်သွင်းခွင့်ကို နှစ်မျိုးခွဲထားပါတယ်။ အသုံးပြုထားတာ အနှစ် ၂၀ ကျော်သွားပြီဖြစ်တဲ့ ယာဉ်အိုယာဉ်ဟောင်းတွေ အစိုးရကို သွားအပ်ရင် နောက်ထပ် ကားတစ်စီးတင်သွင်းဖို့ စလစ်တစ်စောင် ထုတ်ပေးပါတယ်။ ဒါက တစ်စားပါ။ နောက်တစ်မျိုးကတော့ ဘာ ကားဟောင်းမှ အပ်စရာမလိုဘဲ တင်သွင်းခွင့် ရှိတာမျိုးပါ။

အရင်က အဲဒီ သွင်းခွင့် နှစ်မျိုးစလုံး ဘယ်ဂိုင်း၊ ညာဂိုင်း ကြိုက်ရာ သွင်းလို့ရပေမယ့် အခု ၂၀၁၆ ခုနှစ်ကစ သီးသန့် ကားတင်သွင်းမယ့်သူတွေကတော့ မြန်မာပြည် လမ်းစနစ်နဲ့ ကိုက်တဲ့ ၂၀၁၄ ကနေ ၂၀၁၆ အကြား ထုတ်တဲ့ ဘယ်ဂိုင်းတွေကိုပဲ သွင်းခွင့်ရတော့မှာ ဖြစ်ပါတယ်။ ဒါဟာ ကြီးမားတဲ့ အပြောင်းအလဲကြီးပါ။ လတ်တလော ၄ နှစ်တာကာလအတွင်း အဲလို ဖရီးပါမစ်နဲ့ တင်သွင်းခဲ့တဲ့ ကားအစီးရေ ၃ သိန်းကျော် ရှိခဲ့တာမို့ အလွန်ကြီးမားတဲ့ ဈေးကွက်ကြီးပါ။

အခု အဲဒီကားတွေကို ဂျပန်လေလံ ဈေးကွက်တွေကနေ ဝယ်ယူတင်သွင်းတာကနေ တခြား ကိုရီးယား၊ တရုတ်၊ ဥရောပ စသဖြင့် ဘယ်ဂိုင်းကား ထုတ်လုပ် အသုံးပြုတဲ့ နိုင်ငံတွေ ဘက်ကနေ ဝယ်ယူတင်သွင်းကြရတော့မယ် ဖြစ်ပါတယ်။

ကားတင်သွင်းတဲ့ လုပ်ငန်းရှင်တွေဘက်ကတော့ အစိုးရက သတ်မှတ်လိုက်တဲ့ စည်းမျဉ်းစည်းကမ်းတွေနဲ့ အညီ ဈေးကွက်အသစ်ကို ရှာဖွေ တင်သွင်းရပါလိမ့်မယ်။ ဒါပေမဲ့ ကားအသုံးပြုတဲ့ ပြည်သူတွေ အတွက်ကတော့ ကားဈေးနှုန်း ကြီးမြင့်သွားနိုင်တယ် ဆိုပြီး လုပ်ငန်းရှင်တွေက တွက်ချက်ပြနေကြပါတယ်။

လက်ရှိ အဲလို ဖရီးပါမစ်နဲ့ ဂျပန်ကနေ တင်သွင်းတဲ့ ကားတွေဟာ ရန်ကုန် ဆိပ်ကမ်းအရောက် ဒေါ်လာ လေး၊ငါးထောင် ရှိပြီး အခွန်အခ၊ ယာဉ်မှတ်ပုံတင်ကြေး အားလုံးပေါင်းရင် ဒေါ်လာ ၇ထောင် ၈ ထောင် ပတ်ဝန်းကျင် ကျသင့်ပြီး ပြည်တွင်းပေါက်ဈေး တစ်စီးကို ကျပ် သိန်း ၁၀၀ ဝန်းကျင်နဲ့ ပြည်သူတွေ ဝယ်ယူ အသုံးပြုနေကြတာပါ။

အခု စည်းကမ်းချက် အသစ်အရ အဲဒီညာဂိုင်းကားတွေ ဂျပန်ကနေ သွင်းလို့ မဖြစ်နိုင်တော့ဘူး ဆိုတဲ့အတွက်၊ တကယ်လို့သာ အစိုးရက ကောက်ခံတဲ့ အခွန်အခ ကလည်း အပြောင်းအလဲ မရှိဘူး ဆိုရင် ပြည်သူတွေ ကားဈေးကြီးမြင့်တဲ့ဒဏ် ခံရမှာ သေချာနေပါတယ်။ လက်ရှိ အခြေအနေမှာ မြန်မာနိုင်ငံသားတွေဟာ အိမ်နီးချင်းနိုင်ငံက လူတွေနဲ့ နှိုင်းယှဉ်ရင် ဝင်ငွေက နိမ့်ပြီး ကားတွေကို ဈေးကြီးကြီးပေး စီးရတဲ့ အနေအထား ရောက်နေတာ တွေ့နိုင်ပါတယ်။ ဒါကြောင့် အစိုးရအနေနဲ့ ကားတင်သွင်းခွင့် ပေါ်လစီ တစ်ခုလုံးကို တိုင်းပြည်နဲ့ ပြည်သူတွေ ရောက်ရှိနေတဲ့ အခြေအနေနဲ့ ကိုက်ညီအောင် အသေအချာ ပြန်လည် စိစစ်သုံးသပ် သင့်ပါကြောင်း တင်ပြလိုက်ရပါတယ်။

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar