ဘယ်ဘာသာစကား သင်ယူကြမလဲ

အင်္ဂလိပ်ဘာသာသည် မြန်မာနိုင်ငံတွင် သင်ယူသူအများဆုံး နိုင်ငံခြားဘာသာစကား ဖြစ်သည်။ သို့သော် လစာကောင်းသော အလုပ်များကို ရှာဖွေနေသော မြန်မာလူငယ်များအကြားတွင် ဂျပန်၊ တရုတ်၊ ကိုရီးယားနှင့် ထိုင်းဘာသာတို့ကို လေ့လာရန် စိတ်ဝင်စားသူများလည်း ရှိနေသည်။ 

နာတလီ ဝေါင်း ရေးသားသည်။

ရန်ကုန်မြို့မှ ပုဂ္ဂလိက ဘာသာစကား သင်တန်းကျောင်းများသည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ရန်နှင့် ပညာသင်ကြားရန် စိတ်ဝင်စားသော မြန်မာလူငယ်များကို ဆွဲဆောင်လျှက်ရှိသည်။

ထိုသင်တန်းကျောင်းများတွင် စာရင်းပေးသွင်းသူများ များပြားလာရခြင်းမှာ နိုင်ငံခြားဘာသာစကားတစ်ခုကို ပြောဆိုတတ်သော လူငယ်များသည် အလုပ်ရှာဖွေရာတွင် အားသာချက်များ ရှိခြင်းကြောင့် ဖြစ်သည်။ အများစုမှာ မြန်မာနှင့် အင်္ဂလိပ်အပြင် တတိယဘာသာစကားကို ပြောဆိုနိုင်ရန် ဖြစ်သည်။

“လူကြိုက်အများဆုံး သင်ယူတဲ့ ဘာသာရပ်က အင်္ဂလိပ်ဘာသာ ဖြစ်ပါတယ်။ ပြီးတော့ ဂျပန်ဘာသာ၊ ပြီးတော့ တရုတ်နဲ့ ကိုရီးယားပါ” ဟု Better Life Education and Career Supporting Centre မှ ဈေးကွက်ရှာဖွေရေးမန်နေဂျာ ဒေါ်စုမွန်ဝင်းက ပြောကြားသည်။ ယင်းသင်တန်းကျောင်းကို ရန်ကုန်မြို့၊ ဒဂုံမြို့နယ်တွင် ဖွင့်လှစ်ထားသည်။

“ဂျပန်ဘာသာစကားက အနာဂတ်မှာ ဒုတိယမြောက် ဘာသာစကား ဖြစ်လာမယ်လို့ ထင်ပါတယ်” ဟု ၎င်းက ပြောကြားသည်။

Ann Wang / Frontier

Better Life သည် ယောမင်းကြီးလမ်းပေါ်ရှိ ဂျပန်ဘာသာစကား သင်တန်းကျောင်း အများအပြားထဲမှ တစ်ခုဖြစ်သည်။ သင်တန်းသားများ အများစုသည် ဂျပန်နိုင်ငံတွင် အလုပ်လုပ်ရန်နှင့် ပညာသင်ယူရန် ဂျပန်ဘာသာကို သင်ယူနေကြခြင်း ဖြစ်သည်။

တစ်ချို့ကမူ မြန်မာနိုင်ငံရှိ ဂျပန်ကုမ္ပဏီများတွင် အလုပ်လုပ်ရန် သင်ယူကြခြင်းဖြစ်သည်။ “ဒါကတော့ အိုင်တီပတ်သက်တဲ့ အလုပ်တွေအတွက် ပိုမိုလွယ်ကူပါတယ်” ဟု ဒေါ်စုမွန်ဝင်းက ပြောသည်။

ဂျပန်ကုမ္ပဏီများ မြန်မာနိုင်ငံတွင် ဖွင့်လှစ်လုပ်ကိုင်လာသည်မှာ ကြာမြင့်နေပြီဖြစ်သည်။ သို့သော် ၂၀၁၁ ခုနှစ်တွင် စီးပွားရေးနှင့် နိုင်ငံရေး ပြုပြင်ပြောင်းလဲမှုများ စတင်လုပ်ဆောင်လာပြီးကတည်း ဂျပန်နိုင်ငံမှ ရင်းနှီးမြုပ်နှံမှုများ တိုးတက်လာခဲ့သည်။ ဂျပန်နိုင်ငံသည် ဂျပန်အပြည်ပြည်ဆိုင်ရာ ပူးပေါင်းဆောင်ရွက်ရေး အေဂျင်စီ (Japan International Cooperation Agency) ကတဆင့် မြန်မာနိုင်ငံကို ဖွံ့ဖြိုးရေး အကူအညီများ ပေးအပ်လာခဲ့သည်။ JICA ၏ ရုံးခွဲကို ရန်ကုန်မြို့လယ်ရှိ အထပ် ၂၀ မြင့်သော ဆာကူရာတာဝါတွင် ဖွင့်လှစ်ထားသည်။ ဆာကူရာတာဝါကို ၁၉၉၉ ခုနှစ်တွင် ဂျပန်ကုမ္ပဏီတစ်ခုက တည်ဆောက်ခဲ့ခြင်းဖြစ်ကာ အခြားဂျပန်ကုမ္ပဏီ အများအပြား၏ ရုံးများကိုလည်း ဖွင့်လှစ်ထားသည်။ ထိုအထဲတွင် All Nippon Airways နှင့် Mitsubishi Corp တို့လည်း ပါဝင်သည်။

ဂျပန်နိုင်ငံတွင် အလုပ်လုပ်ကိုင်လိုသော မြန်မာများသည် ဂျပန်ဘာသာစကားကို ထိရောက်စွာ ပြောဆိုနိုင်ရမည်ဖြစ်ပြီး အပြောနှင့် နားထောင်စွမ်းရည်များကို တိုးတက်အောင် လုပ်ဆောင်ရမည် ဖြစ်သည်။ ဂျပန်နိုင်ငံတွင် ပညာတော်သင် သွားရောက်လိုသော မြန်မာကျောင်းသားများသည် ဝင်ခွင့်စာမေးပွဲ အောင်မြင်ပြီးသည်နှင့် ဂျပန်ဘာသာကို စတင်လေ့လာကြရသည်။

ဒေါ်စုမွန်ဝင်း၏ အဆိုအရ ဂျပန်နိုင်ငံတောင်ပိုင်း၊ ကျူရှုးကျွန်းပေါ်ရှိ ဘက်ပူမြို့တွင်ရှိသော Ritsumeikan Asia Pacific University တွင် ဝင်ခွင့်ရရှိလိုသော မြန်မာကျောင်းသားများသည် အင်္ဂလိပ်ဘာသာကိုပါ သင်ယူထားသင့်သည်ဟု ဆိုသည်။ ထိုနိုင်ငံတကာတက္ကသိုလ်က ဘာသာစကားနှစ်မျိုးဖြင့် သင်ကြားပေးခြင်းကြောင့် ဖြစ်သည်ဟု ၎င်းကဆိုသည်။ 

Ann Wang / Frontier

Better Life ကို ၂၀၀၄ ခုနှစ်တွင် တည်ထောင်ခဲ့ပြီး နှစ်စဉ် ကျောင်းသား ၈၀ မှ ၁၀၀ နီးပါးကို မွေးထုတ်ပေးလျှက်ရှိသည်။ ၁၅၀ နာရီကြာ သင်ရိုးကို ပြီးဆုံးပါက ကျောင်းသားများသည် အခြေခံ N5 အဆင့် Japanese Language Proficiency Test (JLPT) ကို ဖြေဆိုရမည် ဖြစ်သည်။

မြန်မာနိုင်ငံတွင် ဂျပန်ဘာသာကို လေ့လာသူ ပုံမှန် တိုးပွားလာလျှက်ရှိသည်ဟု ဒေါ်စုမွန်ဝင်းက ပြောပြသည်။ ၎င်းတို့ထဲတွင် ကာတွန်းများ၊ cosplay များကို စိတ်ဝင်စားသော ဆယ်ကျော်သက်အရွယ် လူငယ်များပင် ပါဝင်နေသည်။

“ဂျပန်ဘာသာစကားက မြန်မာဘာသာနဲ့ သဒ္ဒါချင်း ဆင်တူတယ်။ ဒါကြောင့် လေ့လာသူတွေက ဂျပန်ဘာသာကို လွယ်တယ်လို့ ထင်ကြတယ်။ Kanji က လွဲရင်ပေါ့။ Kanji က ဂျပန်ဘာသာမှာသုံးတဲ့ တရုတ် characters တွေလို အရာမျိုးတွေပါ။ သူတို့က အဲဒါကို အရင်က မသင်ဖူးကြလို့ပါ”ဟု ဒေါ်စုမွန်ဝင်းက ပြောသည်။

ဂျပန်ဘာသာနှင့် အသွင်သဏ္ဍာန် အနည်းငယ်တူသော ကိုရီးယားဘာသာစကားကလည်း မြန်မာလူငယ်များ သင်ယူကြသော လူကြိုက်များသည့် ဘာသာစကားတစ်ခု ဖြစ်လာသည်။ ၎င်းတို့က တောင်ကိုရီးယားတွင် အလုပ်သွားလုပ်နိုင်ရန်၊ သို့မဟုတ် မြန်မာနိုင်ငံတွင်ရှိသော တောင်ကိုရီးယားကုမ္ပဏီ များတွင် အလုပ်လုပ်ကိုင်နိုင်ရန် သင်ယူကြခြင်း ဖြစ်သည်။

ဂျပန်နိုင်ငံကဲ့သို့ပင် တောင်ကိုရီးယားကလည်း မြန်မာနိုင်ငံတွင် ဖွံ့ဖြိုးတိုးတက်မှုများ လုပ်ဆောင်နိုင်ရန် အကူအညီပေးရေးအတွက် ကြိုးပမ်းလျှက်ရှိသည်။

သို့သော် ယခုအခါ ကိုရီးယားဘာသာစကားကို လေ့လာလိုသူ အရေအတွက် လျော့ကျလျှက် ရှိသည်။ အဘယ့်ကြောင့်ဆိုသော် တောင်ကိုရီးယား အစိုးရက ကိုရီးယားဘာသာစကား ကျွမ်းကျင်မှု စာမေးပွဲဖြစ်သည့် Test of Proficiency in Korean (TOPIK) ကို အောင်မြင်ရ ခက်ခဲစေရန် ပြောင်းလဲ သတ်မှတ်လိုက်သောကြောင့် ဖြစ်သည်။ TOPIK စာမေးပွဲသည် မိခင်ဘာသာစကား ကိုရီးယားမဟုတ်သော နိုင်ငံခြားသားများကို စစ်ဆေးသော စာမေးပွဲ ဖြစ်သည်။

အလွယ်ကူဆုံးဖြစ်သော ပထမအတန်းနှစ်ခုအတွက် စာမေးပွဲမှာ ကွန်ပျူတာဖြင့် အဖြေမှန်တစ်ခုကို ရွေးရသော multiple choice မေးခွန်းများ ဖြစ်သည်။ “ဒီအတန်းနှစ်ခုကတော့ အရမ်းလွယ်ပါတယ်” ဟု ပုဇွန်တောင်မြို့နယ်ရှိ Han Guk Korean Language Centre မှ နည်းပြဆရာဦးကိုကိုက ပြောကြားသည်။

Han Guk မှ သင်တန်းသားများသည် အသက် ၁၈ နှစ်မှ ၃၉ နှစ်ကြားအထိ ရှိကြသည်။ အများစုက တောင်ကိုရီးယားတွင် အလုပ်လုပ်နိုင်ရန် မျှော်လင့်ကြခြင်း ဖြစ်သည်။ ၎င်းတို့ထဲတွင် ကိုရီးယားဘာသာကို သင်ယူလာသည်မှာ ငါးနှစ်ကျော်ပြီဖြစ်သော ကိုအောင်နိုင်စိုးလည်း ပါဝင်သည်။ ၎င်းက စာဖတ်စွမ်းရည်ကို တိုးတက်လာရန် သင်တန်းဆက်လက် တက်ရောက်နေခြင်း ဖြစ်သည်။

ကိုရီးယားဘာသာကို ၁၀ နှစ်ကျော် လေ့လာခဲ့သော ဦးကိုကိုသည် တောင်ကိုရီယားမှ လွန်ခဲ့သော တစ်နှစ်ခန့်က ပြန်လာပြီးကတည်း ကိုရီးယားဘာသာစကား သင်ပြသော အလုပ်ကို လုပ်လာခဲ့ခြင်း ဖြစ်သည်။ TOPIK စာမေးပွဲ၏ ပထမနှစ်တန်းကို ၎င်း၏ သင်တန်းသားများ အောင်မြင်နိုင်စေရန် နားထောင်စွမ်းရည်နှင့် အဖတ်စွမ်းရည်တို့ကို အဓိကထား သင်ကြားပေးနေသည်။

Ann Wang / Frontier

တောင်ကိုရီးယားတွင် အလုပ်လုပ်ကိုင်လိုသော မြန်မာများသည် တောင်ကိုရီးယား၏ Employment Permit System ကို ဖြတ်ကျော်ရမည်ဖြစ်ရာ EPS TOPIK စာမေးပွဲ၏ နားထောင်စွမ်းရည်နှင့် အဖတ်စွမ်းရည် စစ်ဆေးသော စာမေးပွဲကို အောင်မြင်ရမည်ဖြစ်သည်။ ထိုစာမေးပွဲကို အောင်မြင်သူများသည် ပညာရပ်ဆိုင်ရာ မဟုတ်သော အလုပ်များကို လုပ်ကိုင်နိုင်စေမည့် ပြည်ဝင်ခွင့်ဗီဇာရရှိရန် လျှောက်ထားနိုင်မည် ဖြစ်သည်။ ၎င်းတို့အနေဖြင့် ထုတ်လုပ်ရေး လုပ်ငန်းများ၊ ဆောက်လုပ်ရေး လုပ်ငန်းများ၊ မွေးမြူရေးနှင့် လယ်ယာလုပ်ငန်းများ၊ ငါးဖမ်းလုပ်ငန်းများတွင် လုပ်ကိုင်နိုင်မည် ဖြစ်သည်။

ကိုရီးယားဘာသာ သင်ကြားကြသည့် ကျောင်းသားများသည် နိုင်ငံရပ်ခြားတွင် အလုပ်လုပ်ကိုင်ရန် စိတ်ဝင်စားကြသော်လည်း တရုတ်စကား ပြောတတ်သူများကမူ ပြည်တွင်းမှာပင် အလုပ်အကိုင် အခွင့်အလမ်းကောင်းများ ရရှိလျှက်ရှိသည်။

တရုတ်စကား ပြောဆိုတတ်သူများသည် မြန်မာဘာသာ တစ်ခုတည်းကိုသာ တတ်သူများထက် ပိုမိုလစာကောင်းကြသည်ဟု ကမာရွတ်မြို့နယ်တွင်ရှိသော Gao Shang Chinese Learning Hub မှ နည်းပြဆရာမ မမေဦးဇင်က ဆိုသည်။

ထိုသင်တန်းကျောင်းတွင် တရုတ်ဘာသာစကားကို သင်ကြားပေးလာခဲ့သည်မှာ ၁၄ နှစ် ကျော်ပြီ ဖြစ်သည်။ ထိုကာလအတွင်း တရုတ်နိုင်ငံ၏ စီးပွားရေးလုပ်ငန်းများသည် မြန်မာ့စီးပွားရေးအပေါ် များစွာ အကျိုးသက်ရောက်ခဲ့သည်။ ၂၀၁၁ ခုနှစ် အသွင်ကူးပြောင်းမှုကာလအပြီးတွင် မြန်မာနိုင်ငံသည် တရုတ်နိုင်ငံ၏ ရင်းနှီးမြုပ်နှံမှုများကို မှီခိုမှု နည်းပါးလာသောကြောင့် တရုတ်အစိုးရက သူ၏ ကုမ္ပဏီများကို အိမ်နီးချင်းနိုင်ငံများတွင် ရင်းနှီးမြုပ်နှံရန် တွန်းအားပေးလာခဲ့သည်။

သို့သော် တရုတ်နိုင်ငံ၏ လွှမ်းမိုးမှုမှာ ကြီးမားသောကြောင့် တရုတ်ဘာသာစကား ကျွမ်းကျင်မှုသည် ဒေသတစ်ခုလုံးတွင် အသုံးဝင်လျှက်ရှိသည်။ ထို့ကြောင့် တရုတ်ဘာသာစကားကို လေ့လာရန် စိတ်ဝင်စားကြခြင်း ဖြစ်သည်ဟု မမေဦးဇင်က ဆိုသည်။

“တရုတ်ဘာသာစကားကို လေ့လာတဲ့ လူတွေက တိုးပွားလာနေပါတယ်။ ဘာလို့လဲဆိုတော့ လူတွေက စင်ကာပူနဲ့ ထိုင်ဝမ်မှာ အလုပ်လုပ်ချင်ကြလို့ပါ” ဟု ၎င်းက ပြောသည်။

Gao Shang သင်တန်းမှ ကျောင်းသားများသည် တရုတ်ဘာသာစကားကို အခြေခံ တတ်ကျွမ်းအောင်ပင် ခြောက်လကြာ သင်ယူကြရသည်။ ထိုသင်တန်းကို တတ်ရောက်အပြီးတွင် တရားဝင် တရုတ်ဘာသာစကား အရည်အချင်းစစ် စာမေးပွဲဖြစ်သော Hanyu Shuiping Kaoshi ကို ဖြေဆိုကြရသည်။

Ann Wang / Frontier

ထိုင်းနိုင်ငံသည် နိုင်ငံခြားသို့ သွားရောက်အလုပ်လုပ်ကိုင်လိုသော မြန်မာများ အနှစ်သက်ဆုံး နေရာဖြစ်ရာ ထိုင်းဘာသာစကားကို လေ့လာသူ များပြားသည်မှာလည်း မဆန်းလှပေ။ ထိုင်းနိုင်ငံသို့ တရားဝင် သွားရောက် အလုပ်လုပ်ကိုင်နိုင်ရန်အတွက် လိုအပ်သော လုပ်ထုံးအဆင့်ဆင့်သည် စိန်ခေါ်မှု များပြားလှသည်။ မြန်မာနိုင်ငံတွင် လာရောက်ဖွင့်လှစ်သော ထိုင်းကုမ္ပဏီ အများအပြားတွင်လည်း အလုပ်အကိုင် အခွင့်အလမ်း များစွာ ရှိနေသည်။

ထိုင်းဘာသာစကားကို သင်ကြားပေးသော ပုဂ္ဂလိက သင်တန်းကျောင်းများတွင် ရန်ကုန်မြို့ သင်္ကန်းကျွန်းမြို့နယ်ရှိ  Advanced Vocational Training Centre လည်း ပါဝင်သည်။

“မြန်မာလူမျိုးတွေအတွက် ထိုင်းဘာသာ လေ့လာရတာက အရမ်းခက်ခဲနိုင်ပါတယ်” ဟု AVTC ၏ စီးပွားရေး အကြံပေးဖြစ်သည့် ဦးထက်ပိုင်ဦးက ပြောသည်။

“ထိုင်းဘာသာကို လေ့လာဖို့လာတဲ့လူ အများစုက သုညက စကြရတာပါ” ဟု ၎င်းက ပြောကြားသည်။

AVTC မှ သင်တန်းသားများသည် အသက် ၂၀ မှ ၃၀ ကြား ရှိကြပြီး အများစုသည် ထိုင်းနိုင်ငံတွင် အလုပ်လုပ်ကိုင်ရန်ဖြစ်ကာ တစ်ချို့မှာမူ မြန်မာနိုင်ငံရှိ ထိုင်းကုမ္ပဏီများတွင် အလုပ်ရှာလိုကြခြင်း ဖြစ်သည်။

ထိုသင်တန်းကျောင်းသည် အလုပ်လုပ်နေသူများ အဆင်ပြေစေရန်အတွက် စနေနှင့် တနင်္ဂနွေနေ့များတွင်လည်း ဖွင့်လှစ်ထားသည်။

 AVTC တွင် စီးပွားရေး လုပ်ငန်းသုံး အင်္ဂလိပ်စကားပြော သင်တန်းကိုလည်း ဖွင့်လှစ်ထားပြီး အခြားဘာသာစကားများကိုလည်း တိုးချဲ့သင်ကြားနိုင်ရန် စီစဉ်လျှက်ရှိသည်။

“အခြားဘာသာစကားတစ်ခုကို တတ်မြောက်ထားခြင်းသည် အောင်မြင်သော အသက်မွေးအလုပ်ကို တည်ဆောက်နိုင်ရန် ပထမခြေလှမ်းတစ်ခု ဖြစ်သည်” ဟု ဦးထက်ပိုင်ဦးက ဆိုသည်။

နိုင်ငံခြား ဘာသာစကားတစ်ခုကို လေ့လာခြင်းသည် အသိဉာဏ်ကြွယ်စေပြီး တခြားသော ယဉ်ကျေးမှုများကို နားလည်စေသည်ဟု ဆိုသည်။ Frontier က တွေ့ဆုံမေးမြန်းခဲ့သော ဘာသာစကားသင် ဆရာများ၏ ပြောကြားချက်အရ သင်တန်းတက်ရောက်သူ အားလုံးနီးပါးသည် စီးပွားရေး လုပ်ကိုင်ရန်သာ လာရောက် သင်ယူကြခြင်းဖြစ်သည်ဟု ဆိုသည်။

“ဒီကို လာရောက်သင်တန်းတက်တဲ့ လူအများစုက အလုပ်အကိုင် အခွင့်အလမ်းတွေရရှိဖို့ လာတက်ကြတာပါ” ဟု AVTC မှ ဦးထက်ပိုင်ဦးက ပြောသည်။

Han Guk သင်တန်းကျောင်းမှ ဦးကိုကိုကလည်း ကိုရီးယား ဘာသာစကားကို လာသင်သူများမှာ တောင်ကိုရီးယားတွင် အလုပ်လုပ်ကိုင်ချင်သူ များသည်ဟု ဆိုသည်။

ဖြိုးဝင်းကိုကို ဘာသာပြန်သည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.