ဘင်္ဂါလီ ၂၁,၀၀၀ ခန့် ဘင်္ဂလားဒေရှ့်သို့ ထွက်ပြေးလာ

ကော့ဘဇာ၊ ဒီဇင်ဘာ ၆

မြန်မာနိုင်ငံတွင် ဖြစ်ပွားနေသည့် အကြမ်းဖက်မှုများကြောင့် ရိုဟင်ဂျာ (ဘင်္ဂါလီ) ၂၁,၀၀၀ ခန့် ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းသို့ ထွက်ပြေးလာကြသည်ဟု International Organization for Migration မှ တာဝန်ရှိသူတစ်ဦးက ယနေ့ပြောကြားသည်။

ရခိုင်ပြည်နယ်တွင် အောက်တိုဘာလဆန်းပိုင်းက စတင်ကာ စစ်တပ်က ဆောင်ရွက်နေသည့် စစ်ဆင်ရေးများကြောင့် ထွက်ပြေးလာကြသည့် ဒုက္ခသည်များ အလုံးအရင်းဖြင့် ဝင်ရောက်လာခြင်းမှ တားဆီးရန်အတွက် ဘင်္ဂလားဒေရှ့်က နယ်စပ်တွင် ကင်းလှည့်မှုများကို တိုးမြှင့်ဆောင်ရွက်နေသည်။

ရခိုင်ပြည်နယ်နှင့် နယ်နိမိတ်ဆက်စပ်နေသည့် ဘင်္ဂလားရှေ့် အရှေ့တောင်ဘက်ဒေသ ကော့ဘဇာရှိ IOM ရုံး၏အကြီးအကဲဖြစ်သူ Sanjukta Sahany က ပြီးခဲ့သည့်နှစ်လအတွင်း လူပေါင်း ၂၁,၀၀၀ ခန့် နယ်စပ်ဖြတ်ကျော် ဝင်ရောက်လာကြသည်ဟု ပြောကြားသည်။

အများစုမှာ ယာယီအခြေချရာနေရာများ၊ တရားဝင်ဒုက္ခသည်စခန်းများနှင့် ကျေးရွာများတွင် ခိုလှုံနေကြသည်ဟု ၎င်းကပြောကြားသည်။

“အောက်တိုဘာ ၉ ရက်နေ့ကနေ ဒီဇင်ဘာ ၂ ရက်နေ့အတွင်း ခန့်မှန်းခြေ ရိုဟင်ဂျာ ၂၁,၀၀၀ လောက် ကော့ဘဇာကို ရောက်လာကြပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောကြားသည်။

“ဒါက ကုလသမဂ္ဂနဲ့ နိုင်ငံတကာ အစိုးရမဟုတ်တဲ့အဖွဲ့အစည်းတွေ ကောက်ခံရရှိတဲ့ စာရင်းတွေအရ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

မြန်မာလုံခြုံရေးတပ်ဖွဲ့ဝင်များက အုပ်စုဖွဲ့အဓမ္မ ပြုကျင့်မှုများ၊ နှိပ်စက်မှုများနှင့် သတ်ဖြတ်မှုများကို ကျူးလွန်ခဲ့သည်ဟူသော ထိတ်လန့် ကြောက်ရွံ့ဖွယ်ရာဇာတ်လမ်းများကို အေအက်ဖ်ပီက ဘင်္ဂလားဒေရှ့်နိုင်ငံတွင်းတွင် တွေ့ဆုံမေးမြန်းခဲ့သူများက ပြောကြားခဲ့ကြသည်။

ကျေးရွာများမှ အိမ်ရာပေါင်းများစွာ မီးရှို့ခံထားရသည်ဟုလည်း လူ့အခွင့်အရေး စောင့်ကြည့်ရေးအဖွဲ့ (Human Rights Watch) က ဂြိုလ်တုဓာတ်ပုံများကို လေ့လာကာ ပြောကြားခဲ့သည်။

အဆိုပါ စွပ်စွဲချက်များကို မြန်မာအစိုးရက ငြင်းဆိုထားသည်။ သို့သော် အဆိုပါဒေသသို့ နိုင်ငံတကာသတင်းထောက်များနှင့် လွတ်လပ်သော လေ့လာစုံစမ်းသူများ သွားရောက်ခွင့်ကိုလည်း တားမြစ်ထားသည်။

သတင်း-အေအက်ဖ်ပီ

More stories

Latest Issue

Support our independent journalism and get exclusive behind-the-scenes content and analysis

Stay on top of Myanmar current affairs with our Daily Briefing and Media Monitor newsletters.

Sign up for our Frontier Fridays newsletter. It’s a free weekly round-up featuring the most important events shaping Myanmar