နန္ဒ
ဖွဲ့စည်းပုံအခြေခံဥပဒေကိုပြင်ဆင်သည့် ဥပဒေကြမ်းများအားဆွေးနွေးရန် လွှတ်တော်ကိုယ်စားလှယ် ၂၈၂ ဦးစာရင်းပေးထားသော်လည်း ၁၄၉ ဦးကိုသာဆွေးနွေးခွင့်ပြုကြောင်း ပြည်ထောင်စုလွှတ်တော်နာယက ဦးတီခွန်မြတ်က ယနေ့ကျင်းပသောလွှတ်တော်၌ ကြေညာခဲ့ရာ အမတ် ၁၃၃ ဦးဆွေးနွေးခွင့်ရတော့မည်မဟုတ်ပေ။
အခြေခံဥပဒေပြင်ဆင်ရေးဆွေးနွေးရန် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် ၁၆၄ ဦးနှင့် ရွေးကောက်ခံလွှတ်တော်ကိုယ်စားလှယ် ၁၁၈ ယောက်စာရင်းပေးထားခြင်းဖြစ်သည်။
ဆွေးနွေးရမည့် လူဦးရေလျှော့ချလိုက်သော်လည်း လွှတ်တော်တွင်းအများစုနေရာရထားသည့် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်အမတ်များနှင့် တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ် များက အရေအတွက်အများဆုံးဆွေးနွေးခွင့်ရရှိမည်ဖြစ်သည်။
ပြည်ထောင်စုလွှတ်တော်ဆိုင်ရာနည်းဥပဒေအရ ၁၃၇ အရ နာယကသည် ဆွေးနွေးရန်အမည်စာရင်းပေးထားသူများအနက် ၎င်းကသင့်တော်သည်ဟုယူဆသည့် ကိုယ်စားလှယ်အရေအတွက်၊ဆွေးနွေးရမည့် နေ့ရက်နှင့်အချိန်တို့ကို သတ်မှတ်ခွင့်ရှိသည်။
နာယက သည် အမတ်တစ်ဦးလျှင်ဆွေးနွေးရန် အချိန် ၈ မိနစ်ပေးခဲ့ပြီး ယင်းမှာယခင်ဆွေးနွေးမှုများထက်မိနစ်အနည်းငယ်တိုးပေးခဲ့ခြင်းလည်းဖြစ်သည်။
ဥပဒေကြမ်းပါပုဒ်မများရှိကိစ္စရပ်မှလွဲ၍ အခြားမည်သည့်ကိစ္စမှ ထည့်သွင်းမဆွေးနွေးရန် နာယကကသတိပေးသည်။
“ဆွေးနွေးတဲ့အခါမှာနိုင်ငံရေးပါတီ၊အဖွဲ့အစည်း၊လူပုဂ္ဂိုလ်တစ်ဦးတစ်ယောက်နဲ့တိုင်းရင်းသားလူမျိုးစု တစ်ခုခုတို့ ထိခိုက်စေမယ့်အသုံးအနှုန်း၊ပြောဆိုချက်များမပါရှိအောင် ဂရုပြုဆင်ခြင်ကြဖို့ လိုအပ်ပါတယ်”ဟု ဦးတီခွန်မြတ်ကသတိပေးသည်။
ဆွေးနွေးမှုအစီအစဉ်ကို ဖေဖော်ဝါရီ ၂၅ ရက်တွင် စတင်ရန်လျာထားသည်။
၄၅ ဦးပူးပေါင်းကော်မတီက တင်သွင်းသည့် ဥပဒေကြမ်း နှစ်ခု၊ ပြည်ထောင်စုကြံ့ခိုင်ရေးနှင့် ဖွံ့ဖြိုးရေးပါတီကတင်သွင်းသည့် ဥပဒေကြမ်းသုံးခုနှင့်တပ်မတော်က တင်သွင်းသည့်ဥပဒေကြမ်း နှစ်ခု တို့ကိုတပေါင်းထဲဆွေးနွေးရမည်ဖြစ်သည်။