ပြည်ထောင်စုဝန်ကြီးများနှင့်ဝန်ကြီးချုပ်များကို ၅၉(စ)ဖြင့်တပ်မတော်ချည်နှောင်လို

နန္ဒ
ပြည်ထောင်စုဝန်ကြီးများနှင့်ဝန်ကြီးချုပ်များ၏အရည်အချင်းသတ်မှတ်ချက်တွင် နာမည်ကြီး ၅၉(စ)ပါပြဌာန်းချက်ကို ဖြည့်စွက်လိုကြောင်း တပ်မတော်က လွှတ်တော်သို့တင်ပြခဲ့သည်။
တပ်မတော်ကလွှတ်တော်သို့ပထမဆုံးအကြိမ်တင်သွင်းလာသည့် ဖွဲ့စည်းပုံအခြေခံဥပဒေကိုဒုတိယအကြိမ်ပြင်ဆင်သည့် ဥပဒေကြမ်းတွင် အဆိုပါဖြည့်စွက်ချက်နှစ်ချက်ကို တင်ပြလာခြင်းဖြစ်သည်။
ဖွဲ့စည်းပုံအခြေခံဥပဒေကို ကာကွယ်စောင့်ရှောက်မည်ဟု အစဉ်တစိုက်ကြွေးကြော်နေသည့် တပ်မတော်သားအစုအဖွဲ့ကအခြေခံဥပဒေပြင်ဆင်ရေးဥပဒေကြမ်းတင်သွင်းလာမှုအပေါ်အံ့အားသင့် ခဲ့ကြသော်လည်း ဥပဒေကြမ်းတွင်ပါဝင်သော ဖြည့်စွက်ချက်နှစ်ခုကို သိရှိပြီးသည့်အခါ အံ့သြစရာမရှိတော့ပေ။
ပုဒ်မ ၅၉(စ)မှာ ဒီမိုကရေစီခေါင်းဆောင်ဒေါ်အောင်ဆန်းစုကြည် သမ္မတဖြစ်ရေး ပိတ်ပင်ထားသည်ဟုနာမည်ကြီးသောပုဒ်မဖြစ်သည်။ အခြေခံဥပဒေအရ သမ္မတမဖြစ်နိုင်သော ဒေါ်အောင်ဆန်းစုကြည်အား ပြည်ထောင်စုလွှတ်တော်ကနိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်ဆိုင်ရာဥပဒေကိုပြဌာန်းပြီး နိုင်ငံတော်၏အတိုင်ပင်ခံပုဂ္ဂိုလ်အဖြစ်တာဝန်ယူစေခဲ့သည်။ထို့အပြင် ဒေါ်အောင်ဆန်းစုကြည်မှာ နိုင်ငံခြားရေးဝန်ကြီးနှင့်သမ္မတရုံးဝန်ကြီးတာဝန်ယူထားသည်။
အကယ်၍သာ တပ်မတော်က တင်သွင်းသည့် ဥပဒေကြမ်းအတည်ပြုနိုင်ခဲ့ပါက ဒေါ်အောင်ဆန်းစုကြည်မှာ ပြည်ထောင်စုဝန်ကြီးအရည်အချင်းနှင့်ငြိစွန်းနေမည်ဖြစ်သည်။သို့သော် လက်တွေ့တွင်မူ ပြည်ထောင်စုလွှတ်တော်တွင် အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ်က အမတ်နေရာအများဆုံးရထားရာ တပ်မတော်၏ ကြိုးပမ်းမှုမှာ ဒီချုပ်အမတ်များသဘောမတူလျှင် အောင်မြင်နိုင်ဖွယ်မရှိပေ။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များ၏အကြောင်းပြချက်တွင်မူ ပြည်ထောင်စုဝန်ကြီးများနှင့်ဝန်ကြီးချုပ်များအားနိုင်ငံခြားလွှမ်းမိုးမှုမရှိစေရန်၊၎င်းတို့ကိုယ်တိုင်နှင့်ဇနီး သားသမီးများမှာနိုင်ငံခြားသားတစ်ဦးဦးနှင့်ဆွေမျိုးတော်စပ်မှုကိုအကြောင်းပြု၍နိုင်ငံကို သူလျှိုအလုပ်မခံရစေရန်၊နိုင်ငံသစ္စာဖောက်မှုမခံရစေရန်နှင့်ပြည်တွင်းရေးကို ပြည်ပကမစွက်ဖက်စေရန်ရည်ရွယ်သည်ဟု ပြည်ထောင်စုလွှတ်တော်သို့တင်ပြထားသည်။
ပုဒ်မ ၅၉(စ)တွင်မိမိကိုယ်တိုင်သော် လည်းကောင်း၊ မိမိ၏မိဘတစ်ပါးပါး သော်လည်းကောင်း၊ မိမိ၏ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း၊ မိမိ၏ တရားဝင်သားသမီး တစ်ဦးဦးသော် လည်းကောင်း၊ ထိုတရားဝင် သားသမီး တစ်ဦးဦး၏ ဇနီး သို့မဟုတ် ခင်ပွန်းသော်လည်းကောင်း နိုင်ငံခြားအစိုးရ၏ ကျေးဇူး သစ္စာတော်ကို ခံယူစောင့်ရှောက်ရိုသေသူ သို့မဟုတ် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံဖြစ်သူ သို့မဟုတ် တိုင်းတစ်ပါး၏ နိုင်ငံသားဖြစ်သူများ မဖြစ်စေရ၊ ထိုသူများသည် နိုင်ငံခြားအစိုးရ၏ လက်အောက်ခံ ဖြစ်သူသော်လည်းကောင်း၊ တိုင်းတစ်ပါး၏ နိုင်ငံသားသော်လည်းကောင်း ခံစားရသော အခွင့်အရေး များနှင့် ကျေးဇူးခံစားခွင့်များကို ခံစားနိုင်ခွင့်ရှိသူများ မဖြစ်စေရ ဟု ပြဌာန်းထားသည်။

ပြည်ထောင်စုဝန်ကြီးများနှင့်ဝန်ကြီးချုပ်များ၏အရည်အချင်းသတ်မှတ်ချက်ဖြစ်သည့် ပုဒ်မ ၂၃၂(က)နှင့်၂၆၁(က)တို့အဆိုပါ ပြဌာန်းချက်အတိုင်းပင် တပ်မတော်က ဖြည့်စွက်ထားခြင်းဖြစ်သည်။အဆိုပါ ဥပဒေကြမ်းကိုပြည်ထောင်စုလွှတ်တော်သို့ဗိုလ်မှုးချုပ်မောင်မောင်ဦးဆောင်သောတပ်မတော်သား လွှတ်တော်ကိုယ်စားလှယ် ၁၄၄ဦးက စက်တင်ဘာ ၁၀ ရက်က တင်သွင်းခဲ့သည်။
သို့သော် ပြည်ထောင်စုလွှတ်တော်က စက်တင်ဘာ ၁၇ ရက်မှသာ အသိပေးခဲ့ပြီးအဆိုပါဥပဒေကြမ်းကို လွှတ်တော်တွင်ဆွေးနွေးခြင်းမပြုမီအသေးစိတ်စိစစ်ရန်ပြည်သူ့လွှတ်တော်ဥပဒေကြမ်းကော်မတီနှင့်အမျိုးသားလွှတ်တော်ဥပဒေကြမ်းကော်မတီဝင်အားလုံးပါဝင်သောကော်မတီတစ်ရပ်ကို စက်တင်ဘာ ၁၇ ရက်ကဖွဲ့စည်းပေးလိုက်ကြောင်း လွှတ်တော်နာယကဦးတီခွန်မြတ်က ကြေညာသည်။
လက်ရှိ လွှတ်တော်သက်တမ်းအတွင်း ပြည်ခိုင်ဖြိုးအမတ်များနှင့်တပ်မတော်သား ကိုယ်စားလှယ်များပူးပေါင်းကာ ဖွဲ့စည်းပုံအခြေခံဥပဒေကို ပြင်ဆင် သည့် ဥပဒေကြမ်းနှစ်ခု တင်သွင်း ခဲ့သည်။
သို့သော ်အဆိုပါဥပဒေကြမ်းနှစ်ခုကို ဒီချုပ်ကလိုလားသောဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရေး ၄၅ ဦး ကော်မတီ၌ တစ်ပေါင်းတည်းဆွေးနွေး ရန် လွှတ်တော်က မဲခွဲဆုံးဖြတ်ခဲ့သည်။
အဆိုပါ ဆုံးဖြတ်မှုကို တပ်မတော်သားကိုယ်စားလှယ်များနှင့် ပြည်ခိုင်ဖြိုး အမတ်များက မကျေနပ်ပေ။
တပ်မတော်သားလွှတ်တော်ကိုယ်စားလှယ်များသီးသန့်တင်သွင်းသည့် ယခုဥပဒေကြမ်းကိုလည်း ဒီချုပ်လွှမ်းမိုးသောလွှတ်တော်က ၄၅ဦးကော်မတီသို့တပေါင်းထဲဆွေးနွေးရန် မဲခွဲမခွဲ ဆက်လက်စောင့်ကြည့်ရမည်ဖြစ်သည်။
တပ်မတော်နှင့်ဒီချုပ်သည် ဖွဲ့စည်းပုံအခြေခံဥပဒေပြင်ဆင်ရန်လိုအပ်သည်ဟု ခံယူထားကြသော်လည်း လုပ်ထုံးလုပ်နည်းပိုင်းတွင် အကြီးအကျယ်သဘောထားကွဲလွဲလျက်ရှိသည်။
ဒီချုပ်ကလွှတ်တော်အတွင်းရှိကိုယ်စားလှယ်များ အချိုးကျပါဝင်သောပူးပေါင်းကော်မတီတစ်ရပ်ဖွဲ့စည်း ပြီး အဆိုပါကော်မတီတွင်ဆွေးနွေးပြီးမှသာ ပြည်ထောင်စုလွှတ်တော်သို့ ဥပဒေကြမ်းတင်ရန်ဆန္ဒရှိသည်။
တပ်မတော်ဘက်ကမူ အခန်း(၁၂)ပါအခြေခံဥပဒေပြင်ဆင်ခြင်း လမ်းကြောင်းအတိုင်းသာ သွားလိုသည်။
ဖွဲ့စည်းပုံအခြေခံဥပဒေမှာ ပြည်ထောင်စုလွှတ်တော်အမတ် ၇၅ရာခိုင်နှုန်းအထက်သဘောတူမှပြင်နိုင်မည်ဖြစ်ရာ ဒီချုပ်နှင့်တပ်မတော် တစ်ဘက်ဘက်မှသဘောမတူလျှင်ပြင်ဆင်နိုင်မည်မဟုတ်ပေ။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.