ရန်ကုန်၊ မေ ၂၄
ဖားကန့်တွင် မြေပြိုမှုကြောင့် အနည်းဆုံး လူ ၁၂ ဦးသေဆုံးပြီး အများအပြား ပျောက်ဆုံးနေဆဲဖြစ်သည်ဟု အာဏာပိုင်များက မေ ၂၄ ရက်နေ့က ပြောကြားခဲ့သည်။ အဆိုပါ ဖြစ်ရပ်သည် ကချင်ပြည်နယ်ရှိ ကျောက်စိမ်းထွက်ရှိသည့် ထိုဒေသတွင် နောက်ဆုံးဖြစ်ပေါ်ခဲ့သည့် မြေပြိုကာ လူသေမှုဆုံးမှု ဖြစ်သည်။
မေ ၂၃ ရက်နေ့ညက မိုးသည်းထန်စွာ ရွာသွန်းခဲ့ပြီးနောက် မြေစာပုံ ပြိုကျမှုဖြစ်ပေါ်ခဲ့ပြီးနောက် သေဆုံးသူများ၏ ရုပ်အလောင်းများကို ရှာဖွေတွေ့ရှိခဲ့ကြသည်။
“ပြီးခဲ့တဲ့ညက ရုပ်အလောင်းခုနစ်ခုကို ကျွန်တော်တို့ ဆွဲထုတ်နိုင်ခဲ့ပြီး ဒီမနက်မှာ ငါးလောင်းတွေ့ရှိပါတယ်” ဟု နေပြည်တော်မှ ရဲအရာရှိတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။
သို့သော်လည်း မိုးများ ထပ်မံရွာသွန်းနေသည့်အတွက် မြေပြိုမှုများ ထပ်မံဖြစ်ပေါ်လာမည်ကို စိုးရိမ်ရသည့်အတွက် ရုပ်အလောင်းများ ထပ်မံရှာဖွေမည့် လုပ်ငန်းများကို ရပ်နားထားရသည်။
အနည်းဆုံး လူ ၁၅ ဦးမှာလည်း ထိခိုက်ဒဏ်ရာ ရရှိခဲ့သလို ၃၀ ဦးခန့် ပျောက်ဆုံးနေဆဲဖြစ်သည်ဟု ခန့်မှန်းထားကြောင်း အဆိုပါ ရဲအရာရှိက ပြောကြားသည်။
ကျောက်စိမ်းတွင်းအတွင်းရှိ မြေစာပုံ ပြိုကျချိန်တွင် လူ ၅၀ ဦးခန့်မှာ ကျောက်ရှာဖွေနေကြသည်ဟု ဒေသခံတာဝန်ရှိသူတစ်ဦးဖြစ်သူ ဒေါ်နီလာမြင့်က ပြောကြားသည်။
“အခင်းဖြစ်တဲ့နားက အိမ်တွေမှာ ဆွေမျိုးတွေ မိသားစုဝင်တွေ ပျောက်ဆုံးမှုရှိသလားဆိုတာ မေးမြန်းစစ်ဆေးနေပါတယ်” ဟု ၎င်းက အေအက်ဖ်ပီကို ပြောသည်။
ဖားကန့်ဒေသတွင် ပြီးခဲ့သည့်နှစ်က မြေပြိုမှုများ ဆက်တိုက်ဖြစ်ပွားခဲ့ပြီး ပြီးခဲ့သည့်နှစ် နိုဝင်ဘာက ဖြစ်ပေါ်ခဲ့သည့် မြေပြိုမှုတွင် လူ ၁၀၀ ကျော် သေဆုံးခဲ့ရသည်။ အသေးစား မြေပြိုမှုကြောင့်လည်း သေဆုံးဒဏ်ရာရရှိမှုများလည်း ဖြစ်ပေါ်ခဲ့သည်။ ယခုလအစောပိုင်းကလည်း မြေပြိုမှုကြောင့် ၁၃ ဦး သေဆုံးခဲ့ရသေးသည်။
သေဆုံးသူများမှာ ကျောက်စိမ်းတူးဖော်ရေးလုပ်ငန်းကြီးများက တူးဖော်ရှာဖွေပြီး စွန့်ပစ်လိုက်သည့် မြေစာများထဲတွင် ကျန်ရှိတတ်သည့် ကျောက်စိမ်းများကို ရှာဖွေရန် လာရောက်ကြသည့် ဆင်းရဲသူများ ဖြစ်ကြသည်။
ကျောက်စိမ်းတူးဖော်ရေး လုပ်ငန်းကြီးများ လုပ်ငန်းရပ်နားထားသည့် မိုးရာသီတွင် ပိုက်စိတ်တိုက် ရှာဖွေရန် ရေမဆေးကျောက် ရှာဖွေသူများ ရာနှင့်ချီ ရောက်လာလေ့ရှိသည့်ဟု ဒေသခံတစ်ဦးက အေအက်ဖ်ပီကို ပြောကြားသည်။
“ဒေသခံတွေ ပြောတာကတော့ ဒီဖြစ်တဲ့ဧရိယာက အရည်အသွေးကောင်းတဲ့ ကျောက်တွေ ထွက်လို့ ကုမ္ဗဏီကြီးတွေနဲ့ ကျောက်ရှာတဲ့သူတွေ သဘောကျကြတယ်လို့ ဆိုကြတယ်။ ဒါကြောင့် ဒီနေရာမှာ လူတွေအများကြီး လာစုပြီး ရှာဖွေနေကြတာပါ” ဟု အမည်မဖော်လိုသူ အဆိုပါ ဒေသခံက ပြောသည်။ မိုးရွာသွန်းမှုနှင့် လမ်းမကောင်းမှုများကြောင့် ကယ်ဆယ်ရေးလုပ်ငန်းများ နှောင့်နှေးနေရသည်ဟုလည်း ၎င်းကပြောသည်။
သတင်း-အေအက်ဖ်ပီ