ပြန်လည်နိုးထ ရှေ့လှမ်းကြွမည့် စထရင်းဟိုတယ်

စထရင်းဟိုတယ်သည် ခေတ်ကောင်းကိုလည်း ကြုံခဲ့၊ ခေတ်ဆိုးနှင့်လည်း ဆုံခဲ့ပြီ။ ကြောက်မက်ဖွယ် ယှဉ်ပြိုင်မှု ပြင်းထန်သော ဟိုတယ်လောကတွင် သမိုင်းကြောင်းကြွယ်ဝမှုနှင့် နူးညံ့သိမ်မွေ့မှု ပုံရိပ်တို့ကို အလေးပေး၍ စထရင်းဟိုတယ်က ဝန်ဆောင်မှုကို ဈေးကွက်တင်နိုင်ခဲ့သည်။

ဂျာရတ် ဒေါင်းနင်း ရေးသားသည်။

သမိုင်းကြောင်းအရ ရန်ကုန်မြို့၏ အဖိုးထိုက်တန်ဆုံး ရတနာဖြစ်သော စထရင်းဟိုတယ်သည် နိမ့်ကျသည့် ဘဝမျိုးသို့ ကျရောက်ခဲ့ချိန်လည်း ရှိခဲ့ဖူးပါသည်။

၁၉၈၀ ပြည့်လွန်နှစ်များတွင် ဗိုလ်ချုပ်ကြီးနေဝင်း၏ ဆိုရှယ်လစ် အာဏာရှင်အုပ်စိုးမှုက အမျိုးသား စီးပွားရေးကို ဖြည်းဖြည်းချင်း ဖျက်ဆီးခဲ့ရာ ဗြိတိသျှ-မြန်မာနိုင်ငံ၏ ပထမဆုံး ကမ္ဘာ့အဆင့်မီဟိုတယ်လည်း မရှောင်သာခဲ့ပေ။

သံတမန်များ၊ စီးပွားရေး လုပ်ငန်းရှင်ကြီးများနှင့် လာရောက်တည်းခိုသော ဂုဏ်သရေရှိ လူကြီးလူကောင်းများ၏ အားပေးမှုကြောင့် စထရင်းဟိုတယ်သည် တိုင်လုံးဖြူကြီးများ၏ ထည်ဝါမှုနှင့် ကိုလိုနီခေတ်၏ ခမ်းနားမှု အငွေ့အသက်တို့ကို ထိန်းသိမ်းထားနိုင်ခဲ့သည်။ သို့သော် အစားအစာက ညံ့ဖျင်းသည်။ နံရံကပ်စက္ကူများက စုတ်ပြတ်နေသည်။ သို့သော် အခန်းခက အမေရိကန်ဒေါ်လာ ၂၀ ဖြစ်နေသည်။

“စားပွဲထိုးတွေက လက်အိတ်တွေ ဝတ်လို့ပါပဲ။ ဒါပေမဲ့ လုပ်ငန်းက ချုံးချုံးကျနေတယ်” ဟု စထရင်းဟိုတယ်၏ မိခင်ကုမ္ပဏီ မြန်မာ ဟိုတယ်အင်တာနေရှင်နယ်မှ အုပ်ချုပ်မှု ဒါရိုက်တာ မစ္စတာ ဆုဒိဆင်းက ပြောသည်။

ကိုလိုနီခေတ်လက်ရာ စထရင်းဟိုတယ်၏ သမိုင်းအစဉ်အလာရှိမှုနှင့် ဇိမ်ကျမှုကို ချိန်သားကိုက်ညီအောင် ထိန်းသိမ်းရသည်မှာ မလွယ်ကူလှချေ။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ကိုလိုနီခေတ်လက်ရာ စထရင်းဟိုတယ်၏ သမိုင်းအစဉ်အလာရှိမှုနှင့် ဇိမ်ကျမှုကို ချိန်သားကိုက်ညီအောင် ထိန်းသိမ်းရသည်မှာ မလွယ်ကူလှချေ။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

ယခင်ရှိခဲ့သော ဟိုတယ်၏ ဂုဏ်သတင်းကို ပြန်လည်ထိန်းသိမ်းရန် အင်ဒိုနီးရှား ဂျာနယ်လစ်ဘဝမှ  ဟိုတယ်လုပ်ငန်းရှင် ဖြစ်လာသူ မစ္စတာ အေဒရိယန် ဇက်ချာက ရင်းနှီးမြှုပ်နှံသူတစ်စုကို စုစည်း၍ လုပ်ငန်းဆောင်ရွက်ချိန် ၁၉၉၁ ခုနှစ်တွင် အိန္ဒိယဇာတိဖြစ်သော မစ္စတာ ဆင်းက အထွေထွေ မန်နေဂျာ ဖြစ်လာသည်။ မစ္စတာ ဇက်ချာသည် သူ သတင်းထောက်ဘဝက စထရင်းဟိုတယ်၌ တည်းခိုခဲ့ဖူးကာ စထရင်းတွင် ဧရာမ အလားအလာကောင်းကြီး ရှိနေသည်ကို တွေ့ရှိခဲ့သည်။

“ကျွန်တော်တို့ တကယ်ကို စွန့်စားရတာပါ။ ကျွန်တော်တို့ လူတိုင်းကို လေ့ကျင့်ပေးခဲ့ရပါတယ်။ ဧည့်သည်တွေ အဆင်ပြေ သာယာစေဖို့ လိုအပ်ချက်တွေ၊ အပြင်အဆင်တွေကစပြီး အစစအရာရာကို ကျွန်တော်တို့ ဆောင်ရွက်ခဲ့ရပါတယ်။ ကျွန်တော်တို့ လိုချင်တဲ့ပစ္စည်းက တခြားလူတွေအတွက် လိုအပ်တာ မဟုတ်တဲ့အတွက် ဈေးကွက်ထဲမှာ မရနိုင်ပါဘူး” ဟု မြန်မာနိုင်ငံအတွင်းသို့ တစ်နှစ်ကို ခရီးသည် ၄၀,၀၀၀ လာရောက်ခဲ့သည့်ကာလကို ရည်ညွှန်း၍ သူက ပြောသည်။

ပြန်လည်ရှင်သန်အောင် ကြိုးပမ်းဆောင်ရွက်ရသည်မှာ ယင်းအကြိမ်သည် ပထမဆုံးအကြိမ် မဟုတ်သကဲ့သို့ နောက်ဆုံးအကြိမ်လည်း မဟုတ်ချေ။ (ဂျပန်များ မြန်မာနိုင်ငံကို ဝင်ရောက်ခဲ့ချိန်က စထရင်းဟိုတယ်ကို ‘ယာမာတို’ ဟူသောအမည်ဖြင့် ခေတ္တဖွင့်လှစ်ခဲ့တုန်းကလည်း ပျက်စီးမှုများ ရှိခဲ့သည်။)

ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

ယမန်နှစ်က ဟိုတယ်ကို ခေတ္တပိတ်ပြီး ပြန်လည်ပြင်ဆင်ခဲ့သည်။ ဧည့်ခန်းပါ ဟိုတယ်ခန်းများ (Suites) ကို ပြန်လည်သစ်လွင်အောင် လိုင်နင်စများနှင့် ပရိဘောဂများ လဲလှယ်သည်။ နံရံများနှင့် ကိုလိုနီခေတ် ကြိမ်ထိုးကလားထိုင်များကို ပြန်လည်ဆေးသုတ်သည်။ ကွန်ပျူတာများ တပ်ဆင်သည်။ ထို့နောက် “စူးအက်တူးမြောင်း အရှေ့ပိုင်းတွင် အကောင်းဆုံးဟိုတယ်” ဟူသော ဂုဏ်ပုဒ်ကို ပြန်လည်ရရှိစေမည့် အခြားပြုပြင်မှုများကို ဆောင်ရွက်ခဲ့သည်။

ယင်းစကားအသုံးအနှုန်းမှာ လန်ဒန်မှထုတ်ဝေသူ ဂျွန်မူရေး ၁၉၁၁ ခုနှစ်တွင် ထုတ်ဝေခဲ့သော ခရီးသွား လမ်းညွှန်စာအုပ် The Handbook for Travellers in India, Burma and Ceylon ထဲတွင် စထရင်းဟိုတယ်အကြောင်း ဖော်ပြထားသော စကားအသုံးအနှုန်း ဖြစ်သည်။ ဟိုတယ်ကို ဗြိတိသျှ စွန့်ဦးစီးပွားရေးလုပ်ငန်းရှင် မစ္စတာ ဂျွန်ဒါဝတ်က ဆောက်လုပ်ခဲ့ပြီး ၁၉၀၁ ခုနှစ်တွင် စတင်ဖွင့်လှစ်ခဲ့သည်။ နောက်ပိုင်းတွင် စင်ကာပူူရှိ ရပ်ဖဲလ်ဟိုတယ်နှင့် မလေးရှားနိုင်ငံ ပီနန်ရှိ အိစတင်းအင်န် အိုရီယင်တယ် ဟိုတယ်တို့ကို ပိုင်ဆိုင်သူ နာမည်ကျော် အမေရိကန် ဟိုတယ်လုပ်ငန်းရှင် ဆာကိုင်း ဘရားသား Sarkies brothers ကုမ္ပဏီက ဟိုတယ်ကို ဝယ်ယူခဲ့သည်။

ရာစုနှစ်တစ်စု လွန်မြောက်သောအခါ ယင်းရည်ညွှန်းကိုးကားချက်မှာ စထရင်းဟိုတယ်၏ တရားဝင်မဟုတ်သော လုပ်ငန်းကြေညာချက် တစ်ခုသဖွယ် ဖြစ်ခဲ့သည်။ ယင်းသို့ဆိုခြင်းအားဖြင့် ၁၉၁၁ ခုနှစ်နောက်ပိုင်းမှစ၍ ဟိုတယ်လုပ်ငန်းကို ကောင်းစွာ ပြန်လည်သုံးသပ်ခြင်းမရှိဟု မဆိုလိုပေ။ ယခုကိုးကားချက်မှာ လက်ဖက်ရည်ခန်းထဲတွင် ဂျော့ချ် အော်ဝဲလ် ဟု နာမည်ကျော်ကြားခဲ့သော အီရစ် အာသာ ဘလဲယားက လက်ဖက်ရည်ကို တစိမ့်စိမ့် အရသာခံသောက်ရင်း ရန်ကုန်မြစ်ကို ငေးမောကြည့်ခဲ့သော ကာလ၏ပုံရိပ်ကို ဖော်ကျူးထားသည့်သဘောကို ဆိုလိုခြင်း ဖြစ်သည်။

ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

လုပ်ငန်းဆောင်ရွက်သူများ တဖြည်းဖြည်း ပိုမိုပြည့်ကျပ်လာသည့် ဟိုတယ်လုပ်ငန်းတွင် ယင်းသမိုင်းအစဉ်အလာက စထရင်းအတွက် အကောင်းဆုံးသော အရည်အသွေးတစ်ရပ် ဖြစ်လာသည်။ မကြာသေးမီနှစ်များအတွင်း မြန်မာနိုင်ငံ၌ တည်ဆောက်ခဲ့သော ဟိုတယ်ပေါင်းများစွာတွင် အခန်းအရေအတွက် ၆၀,၀၀၀ ခန့် ပိုမိုမြင့်တက်လာပြီး ရောင်းလိုအားဘက်တွင် တိုးတက်လာသည်။ သို့ဖြစ်ရာ ၂၀၁၁ ခုနှစ် ပြုပြင်ပြောင်းလဲမှုနောက်ပိုင်း အလုံးအရင်းဖြင့် လှိမ့်ဝင်လာသော ခရီးသည်ဦးရေထက် အခန်းအရေအတွက်က ပိုမိုများပြားခဲ့ကြောင်း မစ္စတာ ဆင်းက ခန့်မှန်းသည်။

သို့သော်လည်း သမိုင်းအစဉ်အလာ တစ်ခုတည်းကို အားကိုးရုံဖြင့် မလုံလောက်တော့ကြောင်း စထရင်း၏ အထွေထွေ မန်နေဂျာ မစ္စတာအိုလီဗာ ထရင်ကွမ်းက ပြောသည်။

“ဟိုအရင်ကတော့ ကျွန်တော်က သမိုင်းအစဉ်အလာကို ဈေးကွက်တင်ပါတယ်။ အဲဒီအပိုင်းမှာတော့ အပြောင်းအလဲ မရှိပါဘူး။ သမိုင်းအစဉ်အလာကို ရောင်းနေတုန်းပါပဲ။ ဒါပေမဲ့ ဇိမ်ကျတယ် ဆိုတာကိုလည်း ထပ်ပြီးဖြည့်စွက်ပေးပါတယ်။ ကျွန်တော်တို့က ဇိမ်ကျတဲ့ သမိုင်းအစဉ်အလာကို ရောင်းပါတယ်” ဟု ၎င်းက ပြောသည်။

ဧည့်ခန်းပါ ဟိုတယ်ခန်း (Suites) ၃၁ ခန်းသာရှိသော အသေးစားဟိုတယ် တစ်ခုအဖြစ်ဖြင့် စထရင်းသည် ရှန်ဂရီလာ၊ သို့မဟုတ် ဆီဒိုးနားကဲ့သို့သော ဟိုတယ်ကြီးများကို ဈေးနှုန်းအရ မယှဉ်ပြိုင်နိုင်ပါချေ။

ဈေးနှုန်းအရ ယှဉ်ပြိုင်မည့်အစား ဇိမ်ခံလုပ်ငန်းကို နှစ်ဆမြှင့်တင်ပေးခဲ့သည်။ ၂၀၁၆ ခုနှစ်က ဆောင်ရွက်ခဲ့သော မွမ်းမံပြင်ဆင်မှုများအပြင် ပုဂံနှင့် မန္တလေးအကြား ဧရာဝတီမြစ် သင်္ဘောခရီးစဉ်ကို စတင်ဆောင်ရွက်ပြီး ဟိုတယ်၏ကဖီးနှင့် စားသောက်ဆိုင်အတွက် အမြောက်အမြား ရင်းနှီးမြှုပ်နှံခဲ့သည်။ ဟိုတယ်၏ စားဖိုမှူးကြီး အီတာလျံလူမျိုး မစ္စတာ ခရစ်တီယန် မာတီနာသည် ဥရောပတွင် နာမည်ကြီး မစ်ချယ်လင် ကြယ်ပွင့်ရ Michelin-starred စားသောက်ဆိုင်များနှင့် ဘန်ကောက်တွင် အဆင်မြင့်စားဖွယ်တု့ိကို ဖန်တီးသူ ဖြစ်သည်။

ဟိုတယ်၏ အီတာလျံ စားဖိုမှူးကြီး မစ္စတာ ခရစ်တီယန် မာတီနာသည် ဥရောပတွင် မစ်ချယ်လင် ကြယ်ပွင့်ရ စားသောက်ဆိုင်များနှင့် ဘန်ကောက်တွင် အဆင်မြင့်စားဖွယ်တု့ိကို ဖန်တီးသူ ဖြစ်သည်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ဟိုတယ်၏ အီတာလျံ စားဖိုမှူးကြီး မစ္စတာ ခရစ်တီယန် မာတီနာသည် ဥရောပတွင် မစ်ချယ်လင် ကြယ်ပွင့်ရ စားသောက်ဆိုင်များနှင့် ဘန်ကောက်တွင် အဆင်မြင့်စားဖွယ်တု့ိကို ဖန်တီးသူ ဖြစ်သည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

ယင်းသို့ဆောင်ရွက်ခဲ့သဖြင့် ဟိုတယ်လုပ်ငန်းကဏ္ဍ ကျဆင်းမှုဘေးမှ စထရင်းကို မကယ်တင်နိုင်ခဲ့ပါ။ ယခုဆောင်ရွက်ချက်ကို “ရေရှည် ရင်းနှီးမြှုပ်နှံမှု” အဖြစ် မစ္စတာ ဆင်းက ပြောသည်။ သို့တိုင် စထရင်းသည် ၁၉၀၁ ခုနှစ်က ချမှတ်ခဲ့သော စီးပွားရေးပုံစံအတိုင်း ဆက်လက်ဆောင်ရွက်လျက်ရှိသည်။ သမိုင်းအမွေခံပစ္စည်း တစ်ခုအဖြစ်၊ သို့မဟုတ် ဒီမိုကရေစီဖွင့်ဖူးစ ရရှိသော အောင်မြင်မှုသက်သက်သာမက စထရင်း၏ ကမ္ဘာကျော် ကိုယ်ပိုင်ထူးခြားချက် အစစ်အမှန်ကြောင့် ရရှိသော အောင်မြင်မှုဖြစ်ရန် ကြိုးပမ်းလျက်ရှိသည်။

ဈေးကွက်အမြင်အရ ကြည့်ပါက စထရင်းဟိုတယ်၏ အပြည်ပြည်ဆိုင်ရာ ဂုဏ်သတင်းကြီးမှုကို အားထားခြင်းသည် ဘေးကျပ်နံကျပ် အခြေအနေမျိုးဖြစ်သည်။ ဥပမာအားဖြင့် ကိုယ်ပိုင်ရှိထားပြီးဖြစ်သည့် ထူးခြားဆန်းပြားသော စွမ်းပကားသတ္တိကို ကျဆင်းစေမည့် သမားရိုးကျ ကြော်ငြာသည့်လုပ်ငန်းမျိုးကို စထရင်းဟိုတယ်က မဆောင်ရွက်ပေ။

စထရင်း၏ မဟာဗျူဟာမှာ ဟိုတယ်အမည်ကို ဆိုင်းဘုတ်များနှင့် မဂ္ဂဇင်းကြော်ငြာများတွင် မဖော်ပြဘဲ ဟိုတယ်၏ပုံရိပ်ကို သိမ်မွေ့စွာ ဖော်ကျူးရန်ဖြစ်ကြောင်း ထရင်ကွမ်းက ပြောသည်။

“ဈေးကွက်ရှာဖွေရေး ကုမ္ပဏီတွေကို ကမ္ဘာတစ်လွှားမှာ ကျွန်တော်တို့ ခန့်ထားပါတယ်။ မီဒီယာတွေမှာ မကြော်ငြာပါဘူး။ ဒါပေမဲ့ သတင်းထုတ်ပြန်ချက်တွေ ထုတ်ပါတယ်။ နိုင်ငံတိုင်းမှာ စထရင်းဟိုတယ်အကြောင်း ရည်ညွှန်းပြောစရာ ဖြစ်အောင် ဖန်တီးပါတယ်” ဟု ၎င်းက ပြောသည်။

သမိုင်းအစဉ်အလာရှိမှုနှင့် ဇိမ်ကျမှုကို ချိန်သားကိုက်ညီအောင် ထိန်းသိမ်းသည့်အခါ စထရင်း၏ နိစ္စဓူဝ လုပ်ငန်းများကို ဆောင်ရွက်ရာတွင် ကုန်ကျစရိတ်ကို မြင့်တက်စေသည်။ မြို့လယ်ကောင်ရှိ အထင်ကရ အဆောက်အအုံတစ်ခုသည် နိုင်ငံအကြီးအကဲများနှင့် အခြားသော ဂုဏ်သရေရှိ လူကြီးမင်းများအတွက် လိုအပ်သည့် လုံခြုံမှုကိုပေးရန် သင့်တော်သည့်နေရာ မဟုတ်တော့ပေ။ ဟိုတယ်သည် ဒီဂျေပါတီများနှင့် ယင်း၏ယဉ်ကျေးသိမ်မွေ့မှုကို ထိခိုက်စေမည့် လူစုလူဝေးဖြင့် ပြုလုပ်သော အခြားအခမ်းအနားများကို ရှောင်ကြဉ်သည်။ စထရင်းသည် ဘတ္တလာ ဝန်ဆောင်မှုဟု ခေါ်သော ဖောက်သည်တစ်ဦးချင်းအလိုက် ဝန်ဆောင်မှုပေးသော ဒေသတွင်းရှိ ဟိုတယ်အနည်းငယ်တွင် တစ်ခုအဖြစ် ပါဝင်သည်။

ဒေသတွင်းရှိ ဟိုတယ်အနည်းအကျဉ်းမှာသာရရှိသည့် ဘတ္တလာဝန်ဆောင်မှုလုပ်ငန်းကို ကြီးကြပ်သူ ဒေါ်မြမြချိုသည် ၁၉၉၃ ခုနှစ် စထရင်းဟိုတယ် ပြန်ဖွင့်ချိန်ကစ၍ တာဝန်ထမ်းခဲ့သူဖြစ်သည်။ ဓာတ်ပုံ - သိမ့်မွန်စိုး(ဂျေ)

ဒေသတွင်းရှိ ဟိုတယ်အနည်းအကျဉ်းမှာသာရရှိသည့် ဘတ္တလာဝန်ဆောင်မှုလုပ်ငန်းကို ကြီးကြပ်သူ ဒေါ်မြမြချိုသည် ၁၉၉၃ ခုနှစ် စထရင်းဟိုတယ် ပြန်ဖွင့်ချိန်ကစ၍ တာဝန်ထမ်းခဲ့သူဖြစ်သည်။ ဓာတ်ပုံ – သိမ့်မွန်စိုး(ဂျေ)

ရှေးရိုးစဉ်လာအားဖြင့် ဘတ္တလာဆိုသည်မှာ လုပ်ငန်းအရ တာဝန်ချထားသော ဝန်ထမ်းများမဟုတ်ဘဲ သီးခြားအခန်း တစ်ခန်းအတွက် တာဝန်ချထားပေးသည့် ဝန်ထမ်းများဖြစ်သည်။ ကောက်တေး အရက်စပ်ခြင်း၊ ရေချိုးခန်း ပြင်ဆင်ခြင်း၊ သို့မဟုတ် ညဘက်ပွဲတက်အင်္ကျီ ပြင်ဆင်ခြင်းစသည့် လုပ်ငန်းများကို သူတို့ ဆောင်ရွက်ကြရသည်။

“လုပ်ငန်းသမိုင်းအစဉ်အလာ၊ ဇိမ်ကျမှုတို့အပြင် လူပုဂ္ဂိုလ် တစ်ဦးချင်းအရ ဝန်ဆောင်မှုတွေ ဖြစ်ပါတယ်” ဟု ထရင်ကွမ်းက ပြောသည်။

စထရင်းဟိုတယ် ဘတ္တလာများကို ကြီးကြပ်သူ အမျိုးသမီးကြီးမှာ ၁၉၉၃ ခုနှစ် ဟိုတယ်ပြန်ဖွင့်ချိန်မှစ၍ တာဝန်ထမ်းခဲ့သူဖြစ်သည်။ အသက် ၄၇ နှစ်ရှိ ဒေါ်မြမြချိုသည် ဟိုတယ်အကူဝန်ထမ်းအဖြစ် စတင်အမှုထမ်းခဲ့သူ ဖြစ်ပြီး သူ ဝန်ဆောင်မှု ပေးခဲ့ရသူများတွင် အရက်အဆိပ်သင့်သဖြင့် ဆေးရုံ တစ်ညတက်ခဲ့ရသော ဆာ မစ်ဂျက်ဂါနှင့် သူ့အိပ်ခန်း ပကတိ မှောင်ကျအောင် လုပ်ပေးဖို့ မရပ်မနား အရေးဆိုခဲ့သော အမေရိကန်သမ္မတဟောင်း ဂျင်မီကာတာတို့ ပါဝင်သည်။

“ရေချိုးခန်းတံခါးအောက်ကနေ အလင်းရောင် ဝင်နေတာကို သူ သဘောမကျဘူး။ ဒါကြောင့် အဲဒါကို အထူးသဲအိတ်တွေ သုံးပြီး ကျွန်မတို့ ပိတ်ပေးခဲ့ရတယ်” ဟု ဒေါ်မြမြချိုက ပြောသည်။

ဒေါ်မြမြချိုငယ်ဘဝ ဦးနေဝင်းခေတ် ရန်ကုန်တွင် စထရင်းဟိုတယ်က ဖုတ်သောပေါင်မုန့်နှင့် အစာသွပ်မုန့်တို့က နာမည်ကြီးလှသည်။ ယင်းဂုဏ်သတင်းကို ဟိုတယ်က နည်းလမ်းရှာဖွေ ထိန်းသိမ်းလျက်ရှိကြောင်း၊ လွန်ခဲ့သော ဆယ်စုနှစ်များအတွင်း ပိုင်ရှင်အမျိုးမျိုး ပြောင်းပြီး မွမ်းမံပြင်ဆင်မှု အမျိုးမျိုးလည်း ရှိခဲ့ကြောင်း၊ သို့သော်လည်း “ကျွန်မရဲ့ခံစားချက်ကတော့ အရင်အတိုင်းပါပဲ” ဟု ၎င်းက ပြောသည်။

ဉာဏ်တင် ဘာသာပြန်သည်။

ခေါင်းစီးဓာတ်ပုံ – Philip Adolphe Klier/ Wikimedia Commons

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.