“ပြည်သူလူထုကို ပေးခဲ့တဲ့ကတိတွေကို တတ်နိုင်သမျှ တတ်စွမ်းသမျှ တည်အောင် ကြိုးစားပါတယ်”

အမျိုးသားဒီမိုကရေစီအဖွဲ့ချုပ် အာဏာရရှိခဲ့ပြီေးနာက် ချပြခဲ့သည့် အဓိက ရည်မှန်းချက် ၃ ရပ်အား အကောင်အထည်ဖော်ရန် ကြိုးစားဆောင်ရွက်နေသည်ဟု နိုင်ငံတော်၏ အတိုင်ပင်ခံပုဂ္ဂိုလ် ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ကျွန်မတို့ရဲ့ရည်ရွယ်ချက်တွေကို တစ်ဆင့်ချင်းတစ်ဆင့်ချင်း ပြည်သူလူထုကို ပေးခဲ့တဲ့ကတိအတိုင်း ကြိုးစားပြီးတော့ အကောင်အထည်ဖော်နေပါတယ်” ဟု ရှမ်းပြည်နယ်၊ တောင်ကြီးမြို့တွင် ယနေ့ ဖေဖော်ဝါရီ ၇ ရက်နေ့က ကျင်းပသည့် ရှမ်းပြည်နေ့အခမ်းအနား၌ ၎င်းက ပြောကြားသည်။

ထိုရည်မှန်းချက် ၃ ရပ်မှာ တရားဥပဒေစိုးမိုးရေးနှင့် လူမှုဘဝစီးပွားဖွံ့ဖြိုးတိုးတက်ရေး၊ ပြည်တွင်းငြိမ်းချမ်းရေးနှင့် အမျိုးသားပြန်လည်ရင်ကြားစေ့ရေး၊ စစ်မှန်သည့် ဖက်ဒရယ် ဒီမိုကရေစီ ပြည်ထောင်စုကို ထူထောင်နိုင်စေမည့် ဖွဲ့စည်းပုံအခြေခံဥပဒေဖြစ်ပေါ်လာရေးဖြစ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

“ပြည်ထောင်စုသားသမီးများအားလုံးရဲ့ ဘဝအဆက်ဆက် သာယာဖို့အတွက်၊ တည်ငြိမ်ဖို့အတွက်၊ အေးချမ်းဖို့အတွက်၊ လုံခြုံဖို့အတွက် ကျွန်မတို့ ခန့်မှန်းထားတဲ့ ရည်ရွယ်ချက်တွေပဲ ဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“ဖွံ့ဖြိုးရမယ်၊ တိုးတက်ရမယ်၊ ငြိမ်းချမ်းရမယ်၊ အချင်းချင်း ရင်ကြားစေ့မှုရှိရမယ်။ နောက်ပြီးတော့ အားလုံးက လက်ခံနိုင်တဲ့ ဖက်ဒရယ်ဒီမိုကရေစီ ပြည်ထောင်စုကို အခိုင်အမာရပ်တည်စေမယ့် ဖွဲ့စည်းပုံအခြေခံဥပဒေ တစ်ခုရှိဖို့ကလည်း အလွန်အရေးကြီးပါတယ်” ဟု ၎င်းကဆက်လက်ပြောကြားသည်။

ငြိမ်းချမ်းရေးနှင့် ပတ်သက်ပါက တတိယအကြိမ် ပင်လုံညီလာခံအား စတင်နိုင်ခဲ့ပြီဖြစ်သည်ဟုဆိုသည်။ ထို့ပြင် ငြိမ်းချမ်းရေးဆိုသည်မှာ အမျိုးသားပြန်လည်ရင်ကြားစေ့ရေးနှင့် တစ်ချိန်တည်း လက်တွဲလုပ်ရမည့်ကိစ္စဖြစ်သည်ဟုလည်း ဒေါ်အောင်ဆန်းစုကြည်က ပြောသည်။

“နောက်ပြီးတော့ တရားဥပဒေစိုးမိုးရေးနဲ့ ပြည်သူလူထုရဲ့ ဘဝတိုးတက်ရေး၊ ဖွံ့ဖြိုးရေးဆိုတာလဲ နေ့တဓူဝ ကျွန်မတို့ လုပ်ဆောင်နေတဲ့ ကိစ္စဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“ယခုဆိုရင် မကြာမီကာလက လွှတ်တော်ထဲမှာ စပြီးတော့ စစ်မှန်တဲ့ ဖက်ဒရယ်ဒီမိုကရေစီပြည်ထောင်စု ပေါ်ထွန်းရေးအတွက် ဖွဲ့စည်းပုံအခြေခံဥပဒေ ပေါ်ထွန်းရေး ခြေလှမ်းများကို စပြီးလှမ်းပြီဆိုတာလဲ ပြည်သူလူထုအားလုံး သိပြီးဖြစ်ပါတယ်” ဟု ၎င်းကပြောသည်။

“ကျွန်မတို့ဟာ ပြည်သူလူထုကို ပေးခဲ့တဲ့ကတိတွေကို တတ်နိုင်သမျှ တတ်စွမ်းသမျှတည်အောင်လို့ ကြိုးစားပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

“ဒါပေမယ့် ကျွန်မတို့ကြီးပဲ လုပ်လို့မရပါဘူး။ စောစောကပြောတဲ့အတိုင်းပဲ နိုင်ငံတစ်နိုင်ငံအတွက် တကယ်အရေးပါတဲ့ ကိစ္စတွေ၊ တကယ်အရေးပါတဲ့ အောင်မြင်ဖို့လိုတဲ့ ကိစ္စတွေမှာ ပြည်သူလူထု ပါဖို့ဟာက အဓိကကျပါတယ်” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

ငြိမ်းချမ်းရေး၊ တည်ငြိမ်ရေး၊ နိုင်ငံရေးအရ မှန်ကန်ရေးနှင့် ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်များမှာ ခွဲလို့မရသည့်အရာများဖြစ်သည်ဟု ၎င်းက မိန့်ခွန်းအစပိုင်းတွင် ထည့်သွင်းပြောကြားသည်။

ငြိမ်းချမ်းရေးရှိမှာသာ ပြည်သူလူထု ဖွံ့ဖြိုးတိုးတက်ရေး လုပ်ဆောင်နိုင်မည်ဖြစ်သလို ငြိမ်းချမ်းရေးရရှိရန်အတွက်မှာလည်း အားလုံးလက်ခံနိုင်သည့် ဖွံ့စည်းပုံအခြေခံဥပဒေလိုအပ်သည်ဟု ဆိုသည်။

ထို့ပြင်ပြည်သူများကြားတွင် အားလုံးရင်ကြားစေ့ရေးလိုအပ်သည်ဟု ဒေါ်အောင်ဆန်းစုကြည်က ပြောကြားသည်။

“ပန်းတိုင်တွေတူမယ့် ပန်းတိုင်ကို ဘယ်လိုသွားမလဲဆိုတဲ့ အတွေးအခေါ်တွေ ကွဲလွဲတတ်ပါတယ်။ ပြည်ထောင်စုအပေါ် စေတနာထားရင် ဖြေရှင်းလို့မရတဲ့ ပြဿနာတွေ မဟုတ်ပါဘူး။ အားလုံးဟာ အလျော့အတင်းလုပ်ဖို့ အဆင်သင့်ရှိပါတယ်။

“အားလုံးရဲ့ အဓိကရည်ရွယ်ချက်ကတော့ ချမ်းသာ၊ ကြွယ်ဝ၊ သာယာ ငြိမ်းချမ်းတဲ့ ပြည်ထောင်စုကြီးပဲ ဖြစ်တယ်ဆိုရင် မတူကွဲပြားတဲ့ စိတ်သဘောထားတွေကို ညှိယူဖို့ အခက်အခဲရှိမှာ မဟုတ်ပါဘူး” ဟု ဒေါ်အောင်ဆန်းစုကြည်ကပြောသည်။

More stories

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.