ပြည်သူများ စိတ်အေးအေး စောင့်ကြည့်ရန် စီမံဘဏ္ဍာဝန်ကြီးသစ် ပြောကြား

မြန်မာနိုင်ငံရဲ့ စီးပွားရေးအတွက် စိန်ခေါ်မှုအများကြီး ရှိနေပေမယ့် ပြည်သူများ စိတ်အေးအေးထားကြရန် စီမံကိန်းနှင့် ဘဏ္ဍာရေးဝန်ကြီးဌာန၊ ပြည်ထောင်စုဝန်ကြီးသစ်က ယနေ့ပြောကြားလိုက်ပါတယ်။

“စိန်ခေါ်မှုတွေကတော့ အများကြီးပဲ။ ဒီစိန်ခေါ်မှုတွေကိုတော့ လျှော့တွက်လို့ မရဘူး” လို့ ဝန်ကြီးသစ် ဦးစိုးဝင်းက ပြည်ထောင်စုလွှတ်တော်မှာ ယနေ့နံနက်ပိုင်းက ကတိသစ္စာပြုပြီးနောက် သတင်းထောက်တွေနဲ့ တွေ့ဆုံစဉ် ပြောကြားလိုက်ပါတယ်။

“ကျွန်တော် လေးလေးနက်နက် တိုင်တိုင်ပင်ပင်နဲ့ ကျွန်တော့်အဖွဲ့တွေနဲ့ တိုင်ပင်ပြီးတော့မှ တဖြည်းဖြည်း လုပ်သွားပါ့မယ်။ တဖြည်းဖြည်းဆိုတာ အချိန်တော့သိပ်မရှိဘူး။ လုပ်စရာရှိတာ လုပ်သွားရမယ်” လို့လည်း ဦးစိုးဝင်းက ပြောပါတယ်။

မြန်မာနိုင်ငံရဲ့ စီးပွားရေးအခြေအနေက ပုံမှန်အားဖြင့် အနည်းငယ် တိုးတက်နေတယ်လို့ ဦးစိုးဝင်က ပြောကြားခဲ့သလို ပြည်သူများ စိတ်အေးလက်အေး နေကြရန်လည်း တိုက်တွန်းခဲ့ပါတယ်။

“ပြည်သူတွေကို မှာကြားလိုတာကတော့ စိတ်အေးလက်အေးနေပါ။ ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားပါ့မယ်”လို့ သူကပြောပါတယ်။

“စိတ်အေးလက်အေးနေပြီးတော့ ကျွန်တော်တို့ရဲ့ ကြိုးစားမှုကို စောင့်ကြည့်ပါလို့ မေတ္တာရပ်ခံပါတယ်” လို့လည်း သူက ပြောပါသေးတယ်။

တိုင်းပြည်၏ စီးပွားရေးအတွက် ရတဲ့အပိုင်းကနေ စတင်ပြင်ဆင်သွားမယ်လို့ သူက ပြောကြားခဲ့ပြီး ဦးစွားပေးရမယ့်ကဏ္ဍကို ရွေးချယ်နေဆဲဖြစ်တယ်လို့ ဆိုပါတယ်။

ဒါ့အပြင် ဝန်ကြီးဌာနတွေအချင်းချင်း ပူးပေါင်းဆောင်ရွက်မှု ကောင်းမွန်လာစေဖို့ ဆောင်ရွက်သွားမယ်လို့လည်း သူက ဆိုပါတယ်။

“ကျွန်တော်တို့ ဝန်ကြီးဌာနတွေက တစ်ဦးနဲ့တစ်ဦး၊ တစ်ဖက်နဲ့တစ်ဖက် အထောက်အကူပြုပြီး သွားဖို့ လိုပါတယ်။ အဲဒါလေးတွေ လိုနေတာ။ အဲဒီဟာကို ကျွန်တော်အထူး ပြုပြီး သွားပါမယ်” လို့ ဦးစိုးဝင်းကပြောပါတယ်။

လက်ရှိအစိုးရရဲ့ ကျန်ရှိနေသေးတဲ့ သက်တမ်းနှစ်နှစ်ကျော်အတွင်းမှာ “တော်တော်များများ လုပ်လို့ရပါတယ်” လို့လည်း သူကပြောပါတယ်။

“အချိန်နှစ်နှစ်ဆိုတာ နဲတဲ့အချိန် မဟုတ်ဘူး။ ရှိပါသေးတယ်” လို့ သူကဆိုပါတယ်။

အဂတိလိုက်စားမှု တိုက်ဖျက်ရေးကော်မရှင်ရဲ့ စစ်ဆေးမှုကို ခံယူရပြီးနောက် ရာထူးကနေ နုတ်ထွက်သွားတဲ့ ဦးကျော်ဝင်း နေရာကို အစားထိုးဖို့ ဦးစိုးဝင်းကို သမ္မတက ခန့်အပ်ခဲ့တာ ဖြစ်ပါတယ်။ ဒီလိုခန့်အပ်မှုကို ပြည်ထောင်စုလွှတ်တော်ကလည်း ကန့်ကွက်သူမရှိ လက်ခံခဲ့ပါတယ်။

Deloitte Myanmar ရဲ့ မန်နေးဂျင်းပါတနာဖြစ်သူ ဦးစိုးဝင်းဟာ နိုင်ငံတော် ကူးသန်းရောင်းဝယ်ရေးဘဏ်ရဲ့ နိုင်ငံခြားငွေ လဲလှယ်ရေးဌာနကို ၁၉၆၁ ခုနှစ်မှာ ဒု မန်နေဂျာတစ်ဦးအဖြစ် ဝင်ရောက်ခဲ့ပါတယ်။ သူဟာ ၁၉၇၆ ခုနှစ်မှာ အင်္ဂလန်က National Westminster Bank နဲ့ Bank of England တို့မှာ လေ့ကျင့်သင်ယူခဲ့ပြီး ၁၉၉၃ ခုနှစ်မှာတော့ မြန်မာ့ နိုင်ငံခြားကုန်သွယ်မှုဘဏ်ရဲ့ အထွေထွေမန်နေဂျာအဖြစ် ခန့်အပ်ခံရပါတယ်။

၁၉၉၆ ခုနှစ်ကတည်းက ပုဂ္ဂလိကကဏ္ဍမှာ သူက ဝင်ရောက်လုပ်ကိုင်ခဲ့ပြီး Pricewaterhouse Associates ပြီးနောက် Deloitte မှာ လုပ်ကိုင်ခဲ့ပါတယ်။ စီးပွားရေး ပြုပြင်ပြောင်းလဲမှုလုပ်ရာမှာ ဦးဆောင်ဖို့ သမ္မတဦးထင်ကျော်က ဖွဲ့စည်းခဲ့တဲ့ အမျိုးသားစီးပွားရေး ညှိနှိုင်းဆောင်ရွက်မှုကော်မတီမှာလည်း အဖွဲ့ဝင်တစ်ဦး ဖြစ်ပါတယ်။

ဒါ့အပြင် သူဟာ Yangon Bar Council ရဲ့ အဖွဲ့ဝင်တစ်ဦးလည်းဖြစ်ပြီး စီးပွားရေးပေါ်လစီကို အကြံပေးတဲ့ ဉာဏ်ကြီးရှင် အဖွဲ့တစ်ခုဖြစ်တဲ့ Renaissance Institute ရဲ့ ဘုတ်အဖွဲ့ဝင်လည်း ဖြစ်ပါတယ်။

အသက် ၈၀ နှစ်ရှိပြီဖြစ်တဲ့ သူ့ကို ပြည်ထောင်စုဝန်ကြီးအဖြစ် ခန့်အပ်တာနဲ့ပတ်သက်လို့ ဝေဖန်မှုတွေ ရှိပေမယ့် သူကတော့ ကျန်းမာရေးအတွက် အထူးဂရုပြုနေထိုင်တယ်လို့ သတင်းထောက်တွေကို ပြောပါတယ်။

Become a Frontier Member

Support our independent journalism and get exclusive behind-the-scenes content and analysis.

Keep your team in the loop

Take a a team membership today so that your organisation is always on top of the latest news from Myanmar.

Join the community

Sign up for Frontier Fridays, our free weekly round-up, and get access to one article a month on the Frontier website.